SSA နှင့် တပ်မတော် ၂ ပတ်အတွင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်
ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပွားခဲ့သဖြင့် နှစ်ဘက်ကျဆုံးမှုရှိကြောင်း တပ်မတော်သတင်းဌာန မြဝတီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၆ ရက်နေ့က စတင်သည့် တိုက်ပွဲများကြောင့် SSPP/SSA အဖွဲ့မှ အလောင်း ၇ လောင်း နှင့် လက်နက်များ သိမ်းမိကြောင်း၊ တပ်မတော်ဘက်မှလည်း ကျဆုံးဒဏ်ရာရမှု ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
SSPP/SSA အဖွဲ့သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးခြင်း မရှိသေးပေ။ (ကိုးကား - မြန်မာ့အလင်း)
မီဒီယာတွင် အရက်ကြော်ငြာမထည့်ရန် ပြန်ကြားရေးဌာန မေတ္တာရပ်ခံ
ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ၊ ဂျာနယ် အယ်ဒီတာ၊ ထုတ်ဝေသူတို့ကို ခေါ်ယူတွေ့ဆုံပြီး အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည်။
သတင်းစာ၊ ဂျာနယ်တချို့တွင် ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားစွာ ထည့်သွင်းဖော်ပြလာသည့်ထိုကြော်ငြာများကြောင့် လူငယ်များ အရက်သေစာ သောက်စားစေရန် တိုက်တွန်းလှုံ့ဆော်ရာရောက်ပြီး အကျင့်စာရိတ္တပျက်ပြားစေနိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။ (ကိုးကား - မြန်မာ့အလင်း)
အမတ်လောင်းတစ်ဦးကို တရုတ်သံရုံးရှေ့ဆန္ဒပြမှုဖြင့် ပုဒ်မ ၇ ခုတပ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာ ဒေါ်မြတ်နုခိုင်သည် တရုတ်သံရုံးရှေ့ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခံရသည်။
တရုတ်သံရုံးနှင့် ဆန္ဒပြသူများကြား ဘာသာပြန် အကူအညီပေးခဲ့ကြောင်း၊ လက်ပံတောင်းတောင်ဒေသတွင် တရုတ်ကုမ္ပဏီ ကြေးနီတူးဖော်ရေး လုပ်ကိုင်မှုကို ကန့်ကွက်သော အမျိုးသမီးတစ်ဦး ကျည်ဆံထိသေဆုံးသူကို စာနာသဖြင့် ကူညီခြင်းဖြစ်ကြောင်း အမတ်လောင်းက ပြောသည်။
ဒေါက်တာ ဒေါ်မြတ်နုခိုင်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံရပြီး တရားစွဲခံရသည့်ပုဒ်မများတွင် ပါဝင်သည့် ပုဒ်မ ၅ဝ၅ (ခ) ကြောင့် အာမခံ မရဟု သိရသည်။
သူ၏ ပြိုင်ဘက် အမတ်လောင်းများတွင် သူရဦးရွှေမန်းလည်း ပါဝင်သည်။ (ကိုးကား - The Daily Eleven)
သူ၏ ပြိုင်ဘက် အမတ်လောင်းများတွင် သူရဦးရွှေမန်းလည်း ပါဝင်သည်။ (ကိုးကား - The Daily Eleven)