အောက်တိုဘာ ၆ သတင်းများ

ပညာရေးဌာနတွင်စစ်ဘက်၏နေရာယူမှုကို  စတင်ကန့်ကွက်

ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုပိုင်းသို့ တပ်မတော်အရာရှိများ ဝင်ရောက်နေခြင်းကို ကန့်ကွက်သည့် အစိမ်းရောင်ဖဲကြိုးတပ်လှုပ်ရှားမှု တနင်္လာနေ့တွင်  စတင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်(MTF) က ပြောသည်။

မန္တလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပစဉ် လှုပ်ရှားမှု စတင်လိုက်ခြင်းဖြစ်ပြီး မြို့ကြီးများတွင်လည်း တပြိုင်နက် လုပ်ဆောင်နေသည်ဟု MTF  ဒုဥက္ကဋ္ဌ ဦးသုတက ပြောသည်။ (ကိုးကား - The Voice Daily)

သံဃာများမဲပေးခွင့်ရရန် ဦးနေဇင်လတ်ပါတီ တောင်းဆိုမည်

အမျိုးသားတိုးတက်ရေးပါတီမှ အမတ်လောင်းများ အနိုင်ရပါက  ရွေးကောက်ပွဲတွင်  သံဃာမဲပေးခွင့်ရရှိရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းမည်ဟု ပါတီခေါင်းဆောင် ဦးနေဇင်လတ်က ပြောလိုက်သည်။

အခြေခံဥပဒေတွင် သံဃာများ  မဲပေးခွင့်ကို   တားမြစ်ထားသည်။ (ကိုးကား - 7Day Daily)

KNU ၏ အပစ်ရပ်စာချုပ် ဆုံးဖြတ်ချက်ကို ကရင်အဖွဲ့များ ဝေဖန်

လက်နက်ကိုင်အဖွဲ့အများအပြား သဘောတူခြင်း မရှိသေးသည့် တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင်  ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များက  လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်ခြင်းကို ကန့်ကွက်ကြောင်း ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်း ၄၁ ခုက  ကြေညာချက် ထုတ်ပြန်လိုက်သည်။

KNU ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီနည်းမကျသည့်အပြင် ပွင့်လင်းမြင်သာမှုမရှိဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (ကိုးကား - The Myanmar Times)

Archive