အောက်တိုဘာ ၅ သတင်းများ

မဲဆွယ်သည့်သံဃာ ကျောင်းတိုက်မှ နှင်ခံရမည်

သံဃာများ ပါတီတစ်ခုခုအတွက် မဲဆွယ်မှု ပြုလုပ်ပါက ကျောင်းတိုက်မှ နှင်ထုတ်သည်အထိ အရေးယူခံရမည်ဟု မန္တလေးအမရပူရ ကျောင်းတိုက်မှ ဆရာတော်က  မိန့်ကြားလိုက်သည်။
ထိုကျောင်းတိုက်တွင်  သံဃာ အပါး ၁,၂၀၀ သီတင်းသုံးလျက်ရှိသည်။  (ကိုးကား -  Messenger Daily) 

အမျိုးသားတစ်ဦး တစ်လင်တစ်မယားဥပဒေဖောက်ဖျက်မှုဖြင့် အဖမ်းခံရ 

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှ အမျိုးသားတစ်ဦးကို  တရားဝင်ဇနီးမယားနှင့် ကွာရှင်းခြင်းမရှိဘဲ အခြားအမျိုးသမီးနှင့်  ပေါင်းသင်းနေထိုင်မှုဖြင့် ရဲက ဖမ်းဆီးလိုက်ပြီး  မကြာသေးမီက ပြဋ္ဌာန်းလိုက်သည့် တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူထားသည်။
  ကိုအောင်ကျော်မြသည် လွန်ခဲ့သည့် နှစ်လက ဇနီးသည်နှင့် စကားများပြီးနောက် အခြားအမျိုးသမီးတစ်ဦးကို အိမ်သို့  ခေါ်ယူ နေထိုင်ခြင်းကြောင့် ဇနီးဖြစ်သည်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊  အာမခံ မပေးနိုင်သော ထိုအမှုတွင်  ကိုအောင်ကျော်မြ ခေါ်ယူခဲ့သည့် အမျိုးသမီးကိုပါ  ထိန်းသိမ်း ထားကြောင်း တာချီလိတ်ရဲစခန်းက  ပြောသည်။
  တစ်လင်တစ်ယားဥပဒေကို သြဂုတ်လက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဖောက်ဖျက်သူကို ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily) 

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် အောက်တိုဘာ ၁၅ တွင် ချုပ်ဆိုမည်

အောက်တိုဘာ ၁၅ ရက်နေ့တွင်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ နှင့် အစိုးရတို့  နေပြည်တော်တွင် တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို  လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရှိရသည်။
 အစိုးရက   ကချင်လွတ်မြောက်ရေးတပ် (KIA) အပါအ၀င် ၁၅ ဖွဲ့ကို  ဖိတ်ခေါ်ခဲ့သော်လည်း ကရင်အမျိုးအသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် အခြား အဖွဲ့ငယ် ၅ ခုသာ လက်မှတ်ရေးထိုးမည်ဖြစ်သည်။
လက်မှတ်မထိုးသည့်အဖွဲ့များကို ထိုးစစ်ဆင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင်   လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရ၀န်ကြီး ဦးအောင်မင်းက ပြောသည်။ (ကိုးကား - 7Day Daily) 

Archive