အောက်တိုဘာ ၂၁ သတင်းများ

ရွေးကောက်ပွဲကာလ အပစ်ရပ်ရန် တပ်ချုပ်ကို ရွေးကော်ပြောမည်
ရွေးကောက်ပွဲများ ငြိမ်းချမ်းစွာကျင်းပနိုင်ရေးအတွက်  ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားသည့်နည်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တိုက်တွန်းမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက အင်္ဂါနေပတွင် ပြောလိုက်သည်။
 နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို  မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု ၄၀၀ ကျော်တွင်  ကျင်းပနိုင်မည်မဟုတ်ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။ (ကိုးကား - 7Day Daily)

ဦးသိန်းစိန် သမ္မတဆက်မလုပ်ရန် ထင်ရှားသည့်အကဲခတ်တစ်ဦး တိုက်တွန်း
လာမည့်အစိုးရသစ်ဖွဲ့ချိန်တွင် သမ္မတဦးသိန်းစိန် အနားယူသင့်ပြီး သူအစပြုပေးခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအတွက် ချီးမွမ်းခံရမည့်  သမိုင်းဝင်ဘဝတွင် နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု မြန်မာပြည်အနှံ့ နိုင်ငံရေးဆိုင်ရာ သင်တန်းများပေးနေသော မြန်မာ့အရေး လေ့လာသူ မစ္စတာ အီဂေါဗလာဇီဗစ်က ပြောကြားလိုက်သည်။
ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲရှုံးပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏  အဆိုပြုချက်အရ သမ္မတအဖြစ် ပြန်လည် တင်မြှောက်ကြမည် ဆိုပါက ဦးသိန်းစိန်ကို ရွေးကောက်ပွဲကြိုးကိုင်ခြယ်လှယ်သူအဖြစ် သမိုင်းတွင် အမှတ်ရနေကြလိမ့်မည်ဟု ချက်သမ္မတနိုင်ငံမှ ပညာရှင်က  7Day ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သုံးသပ်လိုက်သည်။  (ကိုးကား - 7Day ဂျာနယ်)

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဆက်သွယ်ရေးဥပဒေဖြင့်အဖမ်းခံရ 

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး Facebook တွင် ဖြန့်ဝေသည်ဟု စွပ်စွဲခံရသူ  ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ  တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို ဒေသခံရဲတို့က ပါတီရုံးသို့ သွားရောက် ဖမ်းဆီးလိုက်သည်။    မြို့ခံလူငယ်တချို့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းကြောင့် ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရခေါင်းဆောင်၊  ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်ပြီး  ဂုဏ်သိက္ခာမဲ့အောင်   Facebook  တွင် ဝေမျှသည်ဟု စွပ်စွဲခံရသူတချို့လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုဥပဒေဖြင့်  တရားစွဲခံနေရကြောင်း သိရသည်။ (ကိုးကား - Democracy Today)

Archive