အောက်တိုဘာ ၇ သတင်းများ

တစ်ပြည်လုံးအေးချမ်းရေးအတွက် ပြည်မြို့တွင် ယတြာခြေ

 ပြည်မြို့တွင်  ၅၂ ပေ ပတ်လည် မြေကွက်တစ်ခုကို  မြေသန့်မင်္ဂလာပြုလုပ်ထားခြင်းမှာ  တစ်တိုင်းပြည်လုံး သဘာဝဘေးအန္တရာယ်ကင်းဝေးရေး၊ အေးချမ်းသာယာရေးတို့အတွက်  ရည်ရွယ်ကြောင်း  ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင် မောင်ဝင်းက ပြောသည်။

 ပြည်မြို့လေယာဉ်ကွင်းအတွင်း ရာဇမတ်ကာထားသော ထိုကွက်လပ် လုံခြုံရေးအတွက် ရဲတစ်ဦး အချိန်ပိုင်းချထားသည်ဟု ရဲစခန်းက ပြောသည်။

ရန်ကုန်မြို့ ဈေးကြီးတချို့တွင် ခေါင်မိုးပေါ် ကျောက်ဖရုံသီးထားရှိမှုနှင့် ပတ်သက်ပြီး  စည်ပင်ဌာနထံမှ တရားဝင်ပြောကြားချက် ထွက်ပေါ်မလာသေးပေ။ (ကိုးကား - 7Day Daily) 

နိုင်ငံခြားသား ၁၂၅ ဦး  အမြဲတမ်းနေထိုင်ခွင့် ရရှိ

နိုင်ငံခြားသား ၁၂၅ ဦးကို မြန်မာပြည်တွင် အမြဲတမ်းနေထိုင်ခွင့် ပေးခဲ့ပြီးဖြစ်သည်ဟု   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီးဦးဝင်းမြင့်က နေပြည်တော်တွင် အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင်  ပြောလိုက်သည်။

အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ တစ်ရာကျော် ရှိနေသေးပြီး ၎င်းတို့ထဲမှ ၅၅ ဦး၏ လျှောက်ထားချက်ကို ထိုအစည်းအဝေးတွင် စိစစ်အတည်ပြုပေးရန် ဒုဝန်ကြီးက ပြောသည်။   (ကိုးကား - မြန်မာ့အလင်း)

နိုင်ကျဉ်းလွှတ်ရန် သာယာဝတီထောင်ရောက် ကျောင်းသားများ တောင်းဆို

နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တိုဘာ ၁၅ မတိုင်ခင် ပြန်လွှတ်ပေးရန်  သာယာဝတီထောင်ရောက်  သပိတ်မှောက်ကျောင်းသားများက တောင်းဆိုလိုက်ပြီး အာဏာပိုင်တို့ လိုက်လျောခြင်း မရှိပါက အကျဉ်းထောင်အတွင်းအစာငတ်ခံ ဆန္ဒပြပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည်ဟု သိရသည်။

မကြာသေးခင်က ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရာမှ ထိန်းသိမ်းခံရသူ ၅၄ ဦး သာယာဝတီထောင်တွင် ရှိနေသည်။ (ကိုးကား - 7Day Daily)

Archive