ပြည်ခိုင်ဖြိုးခေါင်းဆောင်ကို ရွေးကော် ခေါ်ယူသတိပေးမည်
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ်နမ်းခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောဆိုမဲဆွယ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးကို ခေါ်ယူသတိပေးသွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်က ပြောသည်။
ယာယီဥက္ကဌတာဝန် ပူးတွဲယူထားသော ဦးဌေးဦးသည် အောက်တိုဘာ ၅ ရက်နေ့က ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာတွင် ထိုသို့ ပြောဆိုလိုက်ခြင်းကြောင့် ဝေဖန်ခံနေရသည်။
ပြိုင်ဘက်ပါတီများ၊ အမတ်လောင်းများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပြောဆိုမှုများ မပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်၏ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ (ကိုးကား - The Messenger Daily)
မြန်မာရာဇဝတ်ဂိုဏ်းကို ထိုင်းတွင်နှိမ်နင်း
ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအပေါ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်သည့် မြန်မာလူကုန်ကူးဂိုဏ်းဝင်များဟု ယူဆရသူ ၆ ဦးကို ကန်ချနပူရီမြို့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းမိသူများထဲတွင် မွန်ပြည်နယ်ဇာတိဂိုဏ်းခေါင်းဆောင်လည်း ပါဝင်ကြောင်း၊ ထိုင်နိုင်ငံဆိုင်ရာ ဘန်ကောက်မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့၊ အလုပ်သမားကူညီရေးအဖွဲ့၊ ထိုင်းရဲတို့၏ အကူအညီဖြင့် အောက်တိုဘာ ၅ နှင့် ၆ ရက်တို့တွင် ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျောင်သောင်းက ပြောသည်။
မြန်မာနိုင်ငံသား ၇ ဦး အသတ်ခံရမှု၊ အမျိုးသမီး ၁၀ ဦးကို မုဒိမ်းကျင့်ခံရမှု အပါအဝင် အဆိုပါဂိုဏ်း ပါဝင်ပတ်သက်သော အမှုပေါင်း ၂၀ ကို တွေ့ရှိရကြောင်း၊ ၂ နှစ်ကြာ စောင့်ကြည့်ပြီးမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း MAT အဖွဲ့မှ ကိုဖြိုးသစ်ဆန်းက ပြောသည်။ (ကိုးကား - 7Day Daily)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်မှ တပ်မတော်ရဟတ်ယာဉ်တစ်စီး
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အောက်တိုဘာ ၆ ရက်နေ့ ကရင်ပြည်နယ်ခရီးစဉ်တွင် ပါဝင်သော ရဟတ်ယာဉ်တစ်စီး ဖာပွန်မြို့အနီးတွင် လက်နက်ငယ်ဖြင့် အပစ်ခံရကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး လိုက်ပါသော ရဟတ်ယာဉ်နှင့် ပစ်ခတ်ခံရသော ရဟတ်ယာဉ် ထိခိုက်မှု မရှိကြောင်း၊ ထိုနယ်မြေတွင် လာမည့်ရက်ပိုင်းအတွင်း ချုပ်ဆိုမည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးမည့် ကရင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေကြောင်း သိရသည်။ (ကိုးကား - The Voice Daily)