သိက္ခာကျစေသည့် ပုံနှင့်စာ Facebook တင်သည်ဟု ယူဆရသူ ၂ ဦး အဖမ်းခံရ
အင်တာနက်လူမှုကွန်ရက်တွင် တပ်မတော်နှင့် သမ္မတ ဂုဏ်သိက္ခာကျဆင်းစေရန်ပြုမူသည်ဟု စွပ်စွဲခံရသူများကို အာဏာပိုင်တို့က ဆက်တိုက် ဖမ်းဆီးလျက်ရှိသည်။
အောက်တိုဘာ ၁၂ ရက်နေ့က တပ်မတော်ယူနီဖောင်းအရောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် နှိုင်းယှဉ်ပြီး Facebook တွင် ရေးသည်ဟုဆိုသော ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော အီလက်ထရွန်နစ်အက်ဥပဒေဖြင့် ဖမ်းဆီးလိုက်သည်။
အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အာဏာရှိသူတစ်ဦး၏ဓာတ်ပုံ တက်နင်းခံနေရသည့်ပုံကို Facebook တွင် တင်သည်ဟုဆိုသော ရန်ကုန်၊ လှိုင်မြို့နယ်မှ ဦးခွန်ဂျာလီကို ထိန်းသိမ်းလိုက်သည်။
ဤအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးနယ်ပယ်မှထင်ရှားသူတို့အပေါ် အလားတူ ပြုမူသည်ဟု ယူဆရသူတို့ အရေးယူခြင်း မခံရသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတို့က အစိုးရကို ဝေဖန်နေကြသည်။ (ကိုးကား - The Daily Eleven)
ကချင်ပြည်နယ် NLD အမတ်လောင်းများ ရိုက်နှက်ခံရ
ချီဖွေမြို့နယ်တွင် တနင်္လာနေ့ကမဲဆွယ်ရန် ရောက်ရှိနေသည့် အမတ်လောင်း ၂ ဦးနှင့် ပါတီဝင် ၅ ဦးခန့် ရိုက်နှက်ခြိမ်းခြောက် ဟန့်တားခံရသဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးဇော်လွင်က ပြောသည်။
တိုက်ခိုက်မှုမှာ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်တို့၏လက်ချက်ဖြစ်မည်ဟု NLD က ယူဆသည်။
ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်မှာ ထိုဒေသ၏ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးစခုန်တိန့်ယိန်းဖြစ်ပြီး စာနယ်ဇင်းသမားများက ၎င်းထံမှ တုန့်ပြန်ချက် ရရှိရန် ကြိုးစားဆက်သွယ်နေကြဆဲဖြစ်သည်။ (ကိုးကား - The Voice Daily)
ရေဘေးသင့်ရခိုင်ဒေသတွင် လူတစ်ထောင်နီးပါး သောက်သုံးရေပြတ်လပ်
ရေဘေးသင့်ဒေသတွင် သောက်သုံးရေကန်များ ပျက်စီးခဲ့ရာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း လူတစ်ထောင်ခန့်နေထိုင်သည့် ဘောက်ကန်ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသာက ပြောသည်။
ရေကန်များ ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ မပြီးစီးသေးသောကြောင့် အခြားကျေးရွာများသို့ သွားရောက်ပြီး သောက်သုံးရေ သယ်ဆောင်နေရသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)