တပ်မတော်ထိုးစစ်များရပ်တန့်ပေးရန် ရှမ်းလူမှုအဖွဲ့များ တောင်းဆို
ရှမ်းပြည်နယ် အတွင်း ထိုးစစ်ဆင်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်း ၁၈ ခုက အောက်တိုဘာ ၁၅ ရက်နေ့တွင် တပ်မတော်ကို တောင်းဆိုလိုက်ကြသည်။
လယ်ယာလုပ်ငန်းခွင်ကို စွန့်ပစ်ထားရသည့် စစ်ဘေးရှောင် ဒေသခံတို့က နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း၊ အပစ်ရပ်လက်မှတ်ထိုးကြချိန်တွင် တိုက်ပွဲများ ရပ်စဲသင့်ကြောင့်း တောင်းဆိုရတာပါ ဟု ရှမ်းလူမှုအဖွဲ့ အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။ (ကိုးကား - The Voice Daily)
NLD ထောက်ခံသူ ရဟန်းတစ်ပါး မဟာဂန္ဓာရုံကျောင်းတိုက်မှနှင်ထုတ်ခံရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ရဟန်းတစ်ပါးကို ကျောင်းတိုက်မှ သုံးရက်အတွင်း ထွက်ခွာရန် မဟာနာယက ဆရာတော်က အောက်တိုဘာ ၁၄ ရက်နေ့တွင် မိန့်ကြားလိုက်သည်။
ကျောင်းတိုက်တွင် နေထိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခံရသည့်ရဟန်းမှာ ပါဠိပါရဂူဆရာတော် ဦးသူရိယဖြစ်ကြောင်း၊ မဘသအဖွဲ့မှ ဘုန်းကြီးတချို့၊ ရှေ့နေတချို့၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောချက်များကို အပြင်းအထန်ကန့်ကွက်သူဖြစ်ကြောင်း သိရသည်။ (ကိုးကား - The Messenger Daily)
ဦးဖုန်ကြားရှင် ကိုးကန့်ဒေသတွင်ပြန်နေထိုင်ရန် အစိုးရ ခွင့်ပြု
ကိုးကန့်ဒေသတွင် ပြန်လည်နေထိုင်လိုသည်ဟူသော ကိုးကန့်သူပုန်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကမ်းလှမ်းချက်ကို သမ္မတက လက်ခံပြီး နှစ်သက်သည့်နေရာတွင် နေထိုင်ရန် အကြောင်းပြန်ကြားခဲ့သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ကြာသပတေးနေ့တွင် ပြောလိုက်သည်။
လက်နက် အလက် ၆ဝ ယူဆောင်လာခွင့်ပြုရန် ထပ်မံ တောင်းဆိုချက်ကိုမူ လိုက်လျောခြင်းမရှိခဲ့ဟု ဝန်ကြီးက ပြောသည်။ (ကိုးကား - The Voice Daily)