မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်၊ ၄ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့လယ်ရှိ ရှမ်းစာပေယဉ်ကျေးမှုရုံးအနီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ၄ ဦးဒဏ်ရာရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးစန်းလွင်က ပြောသည်။
SSPP/SSA ရှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသ ဖြစ်သည့်အတွက် ပေါက်ကွဲမှုမှာ ထိုအဖွဲ့၏လက်ချက်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
ဒဏ်ရာရသွားသည့် ကိုရင်နှစ်ပါး၊ ၁၂ နှစ် နှင့် ၇၈ နှစ် အရွယ် အမျိုးသမီး ၂ ဦးတို့ကို ဆေးရုံတင်ထားကြောင်း သိရသည်။ (ကိုးကား - Daily Eleven)
ရွေးကောက်ပွဲအပြီး ၃ ပတ်အကြာတွင် တစ်နိုင်ငံလုံးရလဒ် ကြေညာမည်
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး ရက်သတ္တပတ် ၃ ပတ်အကြာတွင် တစ်နိုင်ငံလုံး၏ ရွေးကောက်ပွဲရလဒ်ကို ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနှင့် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။
မဲရုံများတွင် ညနေ ၄ နာရီနောက်ပိုင်း အများပြည်သူရှေ့တွင် မဲစတင်ရေတွက်မည်ဖြစ်ပြီး ရလဒ်များကို မြို့နယ်ကော်မရှင်ရုံးခွဲများတွင် ကပ်ထားမည်ဟု ဆိုသည်။
ဤအတောအတွင်း ကော်မရှင်သည် မဲစာရင်း မှားယွင်းနေမှု၊ ပြည်ပရောက် ကြိုတင်မဲပေးသူများအတွက် မဲလက်မှတ်မပြည့်စုံမှုတို့အတွက် ဝေဖန်ခံနေရသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်မြို့လယ် သပိတ်စခန်းဖွင့်သူ ၁၃ ဦး ထောင် ၄ လစီကျ
ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ၁၁ လကြာ သပိတ်စခန်းဖွင့်ခဲ့သူများထဲမှ ၁၃ ဦးကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ကြောင်း ကျောက်တံတားတရားရုံးက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ဒေသတွင် တပ်မတော်က သိမ်းဆည်းထားသော မြေများ ပြန်ရလိုသဖြင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို ထောင်ဒဏ် ၄ လစီ ချမှတ်ခြင်းမှာ ပြင်းထန်လွန်ကြောင်း ၎င်းတို့၏ ရှေ့နေ ဒေါ်သဇင်အေးက ပြောသည်။ (ကိုးကား - The Voice Daily)