ကိုကိုးကျွန်းတွင် အရပ်သားမဲပေးသူထက် တပ်တွင်း မဲဆန္ဒရှင်ပိုများ
ရေတပ်ဦးစီးချုပ်ဟောင်း သူရဦးသက်ဆွေ ရွေးကောက်ပွဲဝင်မည့် ကိုကိုးကျွန်းမြို့နယ်တွင် တပ်မတော်သားနှင့် တပ်နယ်မြေရှိ ဝန်ထမ်းအင်အားသည် အရပ်သားမဲဆန္ဒရှင်အရေအတွက်ထက် ပိုများကြောင်း ထိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံမှ သိရသည်။
ကျွန်းပေါ်ရှိ တပ်နယ်မြေအတွင်း စစ်သည် ၆၅၉ ဦး၊ အလုပ်သမား ၂၈၈ ဦး၊ စစ်တပ် အမြဲတန်းဝန်ထမ်း ၅ဝ ရှိပြီး တပ်နယ်မြေပြင်ပတွင် အရပ်သားမဲဆန္ဒရှင် ၅၇၄ ဦးရှိသည်ဟု ဆိုသည်။
ဤအတောအတွင်း ကိုကိုးကျွန်း အင်ဂျင်နီယာတပ်ရင်းအတွင်းရှိ အလုပ်သမားအိမ်ရာသို့ သွားရောက်မဲဆွယ်ခွင့် ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းသာ ရရှိကြောင်း ထိုမဲဆန္ဒနယ်မြေမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့မှ အောင်နိုင်ရေးအဖွဲ့များက ပြောသည်။
မြို့နယ် ကော်မရှင် ဥက္ကဋ္ဌကမူ ထိုနေရာတွင် မဲဆွယ်ခွင့်ရရေးသည် တပ်အရာရှိများနှင့်သာ သက်ဆိုင်သည်ဟု မှတ်ချက်ပေးသည်။ (ကိုးကား - The Voice Daily)
သန်းခေါင်စာရင်းပါ ဘာသာရေးအချက်အလက် ရွေးကောက်ပွဲပြီးမှ ထုတ်မည်
၂ဝ၁၄ သန်းခေါင်စာရင်းပါ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အချက်အလက်များကို ရွေးကောက်ပွဲပြီးမှ ထုတ်ပြန်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။
ယခုအချိန်သည် ဘာသာရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ရန် အကဲဆတ်သည့် အချိန် ဖြစ်နေသည်ဟု သန်းကောင်စာရင်းကောက်ယူမှု စီမံကိန်းကို အကူအညီပေးနေသည့် နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့မှ Mr. Wemer Haug က ပြောသည်။ (ကိုးကား - Myanmar Times)
အပစ်ရပ်စာချုပ်တွင်မပါဝင်သေးသည့်အဖွဲ့များ ဝနယ်တွင် တွေ့မည်
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင် ပါဝင်ခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့များ၏ ၃ ရက်ကြာ အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်မည်ဟု ဖိတ်ကြားခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ထံမှ သိရသည်။
ဖိတ်ကြားထားသည့် အဖွဲ့များတွင် စာချုပ်တွင်လက်မှတ်ထိုးပြီးသည့်အဖွဲ့များ မပါဝင်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)