အပစ်ရပ်စာချုပ်သက်သေအဖြစ် NLD က ကိုယ်စားလှယ်စေလွှတ်နိုင်
မကြာမီလက်မှတ်ထိုးတော့မည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်တွင် အသိသက်သေအဖြစ် ပါဝင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ကြားပါက ကိုယ်စားလှယ်စေလွှတ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တနင်္ဂနွေနေ့က မဲဆွယ်စဉ် ပြောလိုက်သည်။
အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်သလောက် ဖြစ်မြောက်သည်ကို ကြိုဆိုကြောင်း၊ အားလုံးပါဝင်နိုင်ခြင်းမရှိသော ထိုစာချုပ်ကြောင့် တိုင်းရင်းသားအဖွဲ့များကြား စိတ်ဝမ်းကွဲမည်ကို စိုးရိမ်ကြောင်း သူက ဆက်ပြောသည်။
လက်နက်ကိုင်အဖွဲ့အားလုံးမပါဝင်သည့် စာချုပ်တွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးနိုင်ခြင်းရှိမရှိ ပရိသတ်တစ်ဦး၏မေးမြန်းမှုကို ထိုသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။ (ကိုးကား - Messenger Daily)
KNU စစ်သားစုဆောင်းမှုကြောင့် အရပ်သား ၂,၅ဝဝ တိမ်းရှောင်
ကရင်လက်နက်ကိုင်အဖွဲ့ KNU တပ်သားသစ်စုဆောင်းခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ ၂,၅ဝဝ ခန့် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသသို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။
ကရင်ပြည်နယ် ဖာပွန်မြို့ နယ် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်း ဟတ်ကြီး အပါအ၀င် ကရင်တိုင်းရင်းသားများနေထိုင်ရာ ၁၅ ရွာမှ မိသားစု ၄ဝဝ နီးပါး လဆန်းပိုင်းမှ စတင် ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
လျှပ်စစ်ဓာတ်အားထုတ် အမှိုက်မီးရှို့စက် ရန်ကုန်တွင်တည်ဆောက်
မြန်မာနိုင်ငံ၏ ပထမဆုံးသော စွန့်ပစ်အမှိုက်စွမ်းအင်သုံးစက်ရုံကို ရန်ကုန်၊ ရွှေပြည်သာမြို့နယ် လှော်ကားကန်အနီးတွင် စနေနေ့က စတင် တည်ဆောက်လိုက်သည်။
ရန်ကုန်တွင် နေ့စဉ်ထွက်ရှိသည့် အမှိုက် တန် ၁၆ဝ ရှိကြောင်း၊ ထိုအထဲမှ မီးရှို့နိုင်သည့်အမှိုက် တန်ချိန် ၆ဝ ကို စက်ရုံတွင် နေ့စဉ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
တစ်နှစ်ခွဲ အချိန်ယူတည်ဆောက်မည့် ထိုစက်ရုံမှ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို စက်ရုံအတွက် မဂ္ဂါဝပ် ၄ဝဝ ပြန်သုံးမည်ဖြစ်ပြီး၊ ပြင်ပအတွက် မဂ္ဂါဝပ် ၃ဝဝ မျှဝေနိုင်မည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)