ရွေးကောက်ပွဲပျက်သည့်မိုင်းရှူးတွင် တိုက်ပွဲပြင်းထန်လာ
လုံခြုံရေးအခြေအနေကြောင့် ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီးမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု ကြေညာပြီး နောက်တစ်နေ့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။
အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ခိုက်နေမှုကြောင့် ရွာသားများ ပိတ်မိနေကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခွင့် မရကြောင်း ရှမ်းလူငယ်ကွန်ရက်မှ စိုင်းလွယ်ခမ်းက ပြောသည်။
မိုင်းရှူးရှိ ဝမ်ဆော့ရွာသို့ သွားရောက်ခွင့် ယာယီပိတ်ပင်ထားခြင်းမှာ အရပ်သားများ၏ လုံခြုံရေးအတွက်ဖြစ်သည်ဟု တပ်မတော်အရာရှိတစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)

နိုင်ကျဉ်းလွတ်ရေး လူ့အခွင့်အရေးကော်မရှင် တောင်းဆို
နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၂၇ ရက်နေ့တွင် သမ္မတထံ စာရေး တောင်းဆိုလိုက်သည်။
ဆန္ဒပြကျောင်းသားများနှင့် ၎င်းတို့ကိုကူညီသူများ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ထိုသို့ ထိန်းသိမ်းခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် သမ္မတသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက် လိုအပ်မည်ဟု ရှေ့နေဦးကြီးမြင့်က ထောက်ပြသည်။ (ကိုးကား - The Voice Daily)

ကိုကိုးကျွန်းနှင့် ငပုတောမဲဆန္ဒနယ်တွင် စစ်သား ၂ဝဝ အမည်စာရင်းထပ်နေ
မဲပေးနိုင်သူ ၁၆ဝဝ ခန့်ရှိသော ကိုကိုးကျွန်းမြို့နယ်မဲစာရင်းမှ စစ်သည်၂ဝဝ ကျော်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မဲဆန္ဒနယ် မဲစာရင်းတွင်လည်း ပါဝင်နေကြောင်း ထိုကျွန်းတွင် ဝင်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်လောင်းတစ်ဦးဖြစ်သူ ဦးဝင်းမင်းက ပြောသည်။
အမည်စာရင်းထပ်မှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း ကိုကိုးကျွန်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဇော်က ပြောသည်။
တပ်မတော်သားမိသားစုမဲစာရင်းကို တပ်မတော်က လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်က ကောက်ယူခွင့်မရှိကြောင်း သူက ဆက်ပြောသည်။
ကိုကိုးကျွန်းတွင် ဝင်ပြိုင်မည့် အာဏာရပါတီ၏ အမတ်လောင်းတစ်ဦးမှာ ရေတပ်ဦးစီးချုပ်ဟောင်း သူရဦးသက်ဆွေ ဖြစ်သည်။ (ကိုးကား - The Voice Daily)