ဖေဖော်ဝါရီ ၁ သတင်းများ

ကွမ်းစားသူများကို ကိုရီးယားရဲတပ်ဖွဲ့ သတိပေး
အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးလျှင် ဒဏ်ငွေ ဝမ်တစ်သိန်း၊ အချုပ်ပြစ်ဒဏ်တို့နှင့် ရင်ဆိုင်ရမည်ဟု ကိုရီးယားရဲတပ်ဖွဲ့က သတိပေးစာထုတ်ပြန်ထားသည်။
ကိုရီယားနိုင်ငံရောက်မြန်မာများ ကွမ်းယာစားသုံးမှုများပြားလာပြီး လမ်းဘေးသစ်ပင်၊ ရေနုတ်မြောင်း၊ လူသွားလမ်း စသည့်နေရာများတွင် ကွမ်းတံတွေးများဖြင့် ညစ်ပတ်နေ၍ ဒေသခံများ၊ အခြားနိုင်ငံသားများက ရွံရှာနေကြကြောင်း သတိပေးစာတွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)
Unity ဂျာနယ်သတင်းသမားများအရေး ရန်ကုန်တွင် လှုပ်ရှားမှု ပြုလုပ်

Unity ဂျာနယ်တိုက်မှ သတင်းသမား ၅ ဦး ဖမ်းဆီးထောင်ချခံရခြင်း ၂ နှစ်ပြည့် အမှတ်တရအစီအစဉ်အဖြစ် ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် ရန်ကုန်အခြေစိုက် သတင်းသမား အများအပြားက လှုပ်ရှားမှုတစ်ခုကို တနင်္ဂနွေနေ့တွင် ပြုလုပ်ပြီး ကာယကံရှင်တို့၏ မိသားစုများထံ သွားရောက် အားပေးခဲ့ကြသည်။
ထို ၅ ဦးသည် "ပေါက်မြို့နယ် လျှို့ဝှက်ဓာတု လက်နက်စက်ရုံ "ဆိုသည့် သတင်းကို ဂျာနယ်တွင် ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခြင်းခံထားရသည်။ (ကိုးကား - Daily Eleven)

ကချင်ဒေသ ဘိန်းခင်းဖျက်သူသုံးဦး မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရ
စနေနေ့က ကချင်ပြည်နယ်မှ ဘိန်းခင်း ရှာဖွေဖျက်ဆီးမည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ရှငေါ်ဒေသ၊ လုံဆော်ကျေးရွာအနီး ရောက်ရှိစဉ် ဒေသဖြစ် ခြောက်လှန့် ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် သုံးဦး ဒဏ်ရာရသွားကြောင်း သိရသည်။ (ကိုးကား - Daily Eleven) 

ဇန်နဝါရီ ၂၈ သတင်းများ

လွှတ်တော် ၅ နှစ်အတွင်း ဥပဒေပေါင်း ၂၂၉ ခု ပြဌာန်းနိုင်ခဲ့
ပြီးခဲ့သည့် ၅ နှစ်အတွင်း ဥပဒေပေါင်း ၂၂၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
အသစ်ပြဌာန်းမှု ၁ဝ၉ ခု၊ ပြင်ဆင်မှု ၁ဝ၃ ခု၊ ရုတ်သိမ်းသည့် ဥပဒေ ၁၇ ခုတို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။ (ကိုးကား - Democracy Today)

ရန်ကုန်မှ ကာလရှည် ကျူးကျော်နေထိုင်သူတို့ အစိုးရသစ်လက်ထက်တွင် မျှော်လင့်ချက်ရှိ
ရန်ကုန်မြို့ရှိ သက်တမ်းကြာမြင့်စွာနေထိုင်သည့် ကျူးကျော်များကို အစိုးရသစ်လက်ထက်တွင် နေရာပြန်လည်ချထားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။
၁၉၉ဝ ဝန်းကျင်က ရန်ကုန်ရှိ မြို့နယ် ၁၉ ခုတွင် ကျူးကျော်အိမ်ခြေ ၉,ဝဝဝ ကျော်သာရှိခဲ့ကြောင်း ကျူးကျော်များနှင့်ပက်သက်၍ စာတမ်းပြုစုနေသေူတစ်ဦးထံမှ သိရသည်။ ၂၅ နှစ်အကြာတွင် ၅ ဆ တိုးပွားလာသည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven Newspaper)
သမ္မတဦးသိန်းစိန် ပါတီကိုဆက်လက်ဦးဆောင်မည်
ဦးသိန်းစိန်က သမ္မတသက်တမ်းကုန်ဆုံးပြီးချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆက်လက်ဦးဆောင်သွားမည်ဟု အင်္ဂါနေ့က သူ၏ လယ်တောအိမ်တွင် ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ထံမှ သိရသည်။
ကိုယ်စားလှယ် ၄၀ ခန့်နှင့် မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြံပြုသုံးသပ်ရန် ဦးသိန်းစိန်က တောင်းခံခဲ့သည်ဟု ဆိုသည်။
သမ္မတတာဝန်ထမ်းဆောင်စဉ် ပါတီတွင် တာဝန်ကြီးများ ထမ်းဆောင်ခွင့် မပြုရန် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - 7Day Daily)

ဇန်နဝါရီ ၂၇ သတင်းများ

ဒေါ်လာအတုပြုလုပ်သူဟုယူဆရသည့်နိုင်ငံခြားသား ရန်ကုန်တွင်ထိန်းသိမ်းခံရ
ဒေါ်လာအတု ထုတ်လုပ်သူ၏ယူဆရသည့် ၃၄နှစ်အရွယ် လိုင်ဘေးရီးယား နိုင်ငံသား Mr. Raymond San Cho ကို တနင်္လာနေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
၎င်း၏အခန်းအတွင်း သိမ်းဆည်းရမိသည့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွင် ဒေါ်လာငွေနှင့် အရွယ်အစားတူ အမည်းရောင် စက္ကူအရွက် ၆,၀၀၀ ကျော် ပါဝင်ကြောင်း ဒဂုံမြို့မရဲစခန်းမှ ဒုရဲမှူးတင့်ဆွေက ပြောသည်။ (ကိုးကား - The Voice Daily)
ရွေးကော်ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အင်္ဂါနေ့တွင် တွေ့ဆုံစဉ် ၂ဝ၁၅ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး လွတ်လပ်တရားမျှတကြောင်း ပြောဆိုလိုက်သည်ဟု ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူထံမှ သိရသည်။
မဲဆွယ်ကာလအတွင်းကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှုများကြောင့် တရားမျှတမှု အားနည်း ဖွယ်ရှိကြောင်း ပြောဆိုထားခဲ့သည်။ (ကိုးကား - The Voice Daily)
လဝကနှင့်ပြည်ထဲရေး ပေါင်းစည်းရန် အချိန်မတန်သေးဟု အမတ်များပြော
သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့တွင် ကမ်းလှမ်းလိုက်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ရေးအစီအစဉ်ကို အမတ်အများစုက သဘောတူသော်လည်း အကောင်အထည်ဖော်ရန် အချိန်မတန်သေးကြောင်း မှတ်ချက်ပေးကြသည်။
ပါတီ ၁၈ ခုမှ ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ ထိုနေ့ညနေပိုင်းက အစည်းအဝေးပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် တို့က ထိုအစီအစဉ်ကို သဘောတူကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည်။ (ကိုးကား - 7Day Daily)

ဇန်နဝါရီ ၂၆ သတင်းများ

လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်သူ အများအပြားကို ထောင်မှလွှတ်ပေးခဲ့
ဦးသိန်းစိန်အစိုးရလက်ထက် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် လူသတ်မှုကျူးလွန်သူ ၂,၃၇၄ ဦး၊ မုဒိမ်းမှုကျူးလွန်သူ ၁,၇၂၆ ဦး ပါဝင်ကြောင်း
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက တနင်္လာနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောလိုက်သည်။
သေဒဏ်ကျ အကျဉ်းသား ၈၃၈ ဦး၏ ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)သို့ ပြောင်းလဲလိုက်ကြောင်း သူက ဆက်ပြောသည်။ ၁၉၈၈ နောက်ပိုင်းတွင် သေဒဏ်ကျသူများကို ကွပ်မျက်ခြင်း မရှိဟု ဆိုသည်။ (ကိုးကား - The Daily Eleven)
ထိန်းသိမ်းခံကျောင်းသားများ ဆေးကုသခွင့်ဆုံးရှုံးနေ
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ပညာရေးဥပဒေကို ကန့်ကွက်စဉ် အကြမ်းဖက်ဖမ်းဆီးထိန်းသိမ်းခံရသူများ အာမခံ မရသဖြင့် ဆေးကုသခွင့်ဆုံးရှုံးနေသည်ဟု ၎င်းတို့၏မိသားစုများက တနင်္လာနေ့တွင် ပြောလိုက်သည်။
အမှုရင်ဆိုင်နေရသူ ၇ဝ ရှိကြောင်း၊ ၈ ဦးသာ အာမခံ ရရှိကြောင်း သိရသည်။ နိုဝင်ဘာလက ၂၂ ဦးကို ရန်ကုန်ဆေးရုံကြီးတွင် တစ်လကျော်ကြာ ကုသမှု ပေးခဲ့ကြောင်း၊ နောက်ဆက်တွဲကုသမှုခံယူရန် လိုအပ်နေသေးကြောင်း မိသားစုဝင်များ၊ ကျောင်းသားသမဂ၊ Justic Trust အဖွဲ့တို့က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ (ကိုးကား - The Daily Eleven)
ဖားကန့်တွင် မြေပြိုမှုထပ်ဖြစ်၊ ၃ ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းတွင် တနင်္လာညနေပိုင်း မြေပြိုမှုကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။ ထိုဒေသတွင် နိုဝင်ဘာလ မြေပြိုမှုကြောင့် ၁၁၄ ဦး သေဆုံးခဲ့ဖူးသည်။ (ကိုးကား - Democracy Today)

ဇန်နဝါရီ ၂၅ သတင်းများ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲဆက်သွယ်နေဟု ကာချုပ်ဆို
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အမြဲမပြတ်ဆက်သွယ်မှုများရှိနေပြီး ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် ဇန်န၀ါရီ ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တနင်္လာနေ့တွင် ဒုတိယအကြိမ် သီးသန့် တွေ့ဆုံမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ (ကိုးကား - Democracy Today)
နေပြည်တော်စာပေဟောပြောပွဲ လုံခြုံရေးကြောင့် ပိတ်ပင်ခံရ
နေပြည်တော် လယ်ဝေးမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အင်္ဂါနေ့စာပေဟောပြောပွဲတစ်ခုကို မြို့နယ်အုပ်ချုပ်ရေးမှုးက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ပြီး ကျင်းပလိုပါက ၁၀ ရက်ကြိုတင်ပြီး ခွင့်ပြုမိန့် ထပ်မံ လျှောက်ထားရန် ပွဲစီစဉ်သူများကို ညွှန်ကြားခဲ့သည်။
ထိုစာပေဟောပြောပွဲတွင် အစိုးရကို ဝေဖန်ပြောဆိုတတ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲဆွယ်ပေးခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝလည်း ပါဝင်ရန်စီစဉ်ထားခဲ့သည်။ (ကိုးကား - Daily Eleven)

လားရှိုး - မူဆယ် လမ်းမကြီး ယဉ်ပိတ်ဆို့နေ
ဇန်န၀ါရီ ၂၃ ၇က်မှစ၍ မြန်မာ - တရုတ် ပင်မကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော လားရှိုးမူးဆယ်လမ်းမပေါ်တွင် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ် ၂,၀၀၀ ခန့် ပိတ်ဆို့နေသည်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ယဉ်လမ်းကြောရှင်းလင်းရန် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ယခုတိုင် ခရီးသွားအမြောက်အများ တောင်ပေါ်လမ်းများတွင် သောင်တင်လျက်ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)

ဇန်နဝါရီ ၂၂ သတင်းများ

ယောက်ျားလေး ၁၄ ရာခိုင်နှုန်း အသက် ၁ဝ နှစ်မပြည့်မီ ကွမ်းစား

လူငယ်များကြားတွင် အသက် ၁ဝ နှစ်မပြည့်ခင် ကွမ်းယာစားသုံးသူ ၁၄.၇ ရာခိုင်နှုန်း ရှိနေကြောင်း ဆေးသုတေသနဦးစီးဌာနသို့ တင်ပြသည့် ကျောင်းကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေးဌာန၏ သုတေသနမှတ်တမ်းတွင် ဖော်ပြထားသည်။
မိဘအုပ်ထိန်းသူတို့ ကွမ်းစားခြင်းသည် လူငယ်ယောက်ျားလေးများလည်း အလားတူ အလေ့အထ ရရှိစေကြောင်း  နိုင်ငံအနှံ့ ၉တန်း ကျောင်းသား ၁,၅ဝဝ ခန့်ကို စစ်တမ်းကောက် လေ့လာရာမှ သိရသည်။
မြန်မာသည် အရှေ့တောင်အာရှတွင် ဆေးရွက်ကြီးစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကွမ်းယာဆိုင်များကို နေရာအနှံ့တွင် တွေ့နိုင်သည်။ (ကိုးကား - The Voice Daily)

ဘိန်းခင်းဖျက်မည့်သူတို့ကို ဘိန်းစိုက်တောင်သူ ၅ဝဝ ခန့် တားဆီး

ကချင်ပြည်နယ်ရှိ  ကန်ပိုက်တီး၊ ဆဒုံးမြို့နယ် ဘိန်းခင်းများဖျက်ဆီးရေးလုပ်ငန်းကို  အင်္ဂါနေ့က စတင်ရန် စီစဉ်ခဲ့သော်လည်း ဘိန်းစိုက်တောင်သူ ၅ဝဝ ခန့်က ဟန့်တားခဲ့သည်ဟု Patjasan  ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။
အင်အား ၁,၂ဝဝ ခန့် ရှိမည့် ထိုအဖွဲ့ကို လုံခြုံရေးပေးမည်ဖြစ်ပြီး စနေနေ့တွင် ဘိန်းခင်းများ ဖျက်ဆီးမည်ဟု ပြည်နယ် ရဲမှူးကြီးမြင့်ထူးက ပြောသည်။
ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သော ထိုဒေသတွင် ယခုလအတွင်း ဘိန်းစိုက်တောင်သူတစ်ဦး၏ ပစ်ခတ်မှုကြောင့် ထိုအဖွဲ့မှ တစ်ဦး သေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။ (ကိုးကား - The Voice Daily)

သေဒဏ်ကျမြန်မာနှစ်ဦး ဖေဖော်ဝါရီတွင် အယူခံဝင်မည် 

သေဒဏ်ကျ မြန်မာနှစ်ဦးအမှုအတွက် ဖေဖော်ဝါရီ ၂၄   နောက်ဆုံးထား အယူခံဝင်ရန် ထိုင်းအစိုးရက သတ်မှတ်လိုက်သဖြင့်  ဖေဖော်ဝါရီ လဆန်းပိုင်းတွင် အယူခံဝင်ရန် ပြင်ဆင်နေကြောင်း  မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ (ကိုးကား - 7Day Daily)

ဇန်နဝါရီ ၂၁ သတင်းများ


ရန်ကုန်လေထုအရည်အသွေး မကြာမီသိရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေထုအရည်အသွေးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး တိုင်းတာစစ်ဆေးလျက်ရှိရာ  ရလဒ်ကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန  လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။

လူနေထူထပ်မှုပိုမိုကြီးမားလာသည့် ရန်ကုန်၏ လေအေးစက်၊ စီးပွားရေးလုပ်ငန်းသုံးမီးစက်၊ တိုးပွားလာသော စက်ရုံ၊  အလုပ်ရုံများကြောင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး မြို့နယ် ၅၀ ခန့်အတွက်   စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်) 

ဒေသသုံးခု သောက်သုံးရေတွင် အာဆင်းနစ်ပါဝင်မှု များပြား

ဧရာဝတီ၊ ပဲခူး၊ ရခိုင် စသည့် ပြည်နယ်တိုင်းဒေသကြီးတို့ရှိ  ရေတွင်းများကို စစ်ဆေးရာ  သောက်သုံးရေတွင် လူကိုအန္တရာယ်ဖြစ်စေသည့် အာဆင်း နစ်ဓာတ်ပါဝင်မှုမှာ  မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့်ပမာဏထက် မြင့်မားနေကြောင်း ဆေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

အာဆင်းနစ် ပမာဏများသည့် ရေကို ကာလကြာရှည်သောက်သုံးမိလျှင် ကင်ဆာ အပါအဝင် ကျောက်ကပ်၊  အဆုတ်၊ အသည်း၊ နှလုံးတို့နှင့် ပတ်သက်သည့် ရောဂါတို့ကိုလည်း ဖြစ်ပွားစေနိုင်ကြောင်း၊  မြန်မာနှင့် နိုင်ငံပေါင်း ၇၀ ကျော်မှ  လူ ၁၃၇ သန်းကျော်သည် အာဆင်းနစ်အဆိပ်သင့်ပြီး နောက်ဆက်တွဲရောဂါများခံစားနေရကြောင်း သိရသည်။ (ကိုးကား - Daily Eleven) 

သယံဇာတတူးဖော်ရေးလုပ်ငန်း အားနည်းချက် အရပ်ဘက်အဖွဲ့များ ထောက်ပြ

သယံဇာတတူးဖော်ရေးလုပ်ငန်းတချို့တွင်  လိုင်စင်သက်တမ်းမတိုးခြင်း၊ လိုင်စင်မဲ့လုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်ပြီး  အစိုးရ၊ ကုမ္ပဏီတို့ကို ထောက်ပြခဲ့သော်လည်း   တုံ့ပြန်ဆောင်ရွက်ခြင်းများ အားနည်းကြောင်း  ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

တပ်မတော်က ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်  သယံဇာတတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်စဉ်   အခွန် အနှစ် ၂၀ ကျော် ပေးဆောင်ခဲ့ခြင်းမရှိ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ဖက်စပ် ကုမ္ပဏီတို့ကို နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး  အများပြည်သူသိရှိအောင် ပွင့် လင်းမြင်သာစွာ ချပြန်ရန်   အရပ်ဘက် လူမှုအဖွဲ့စည်းများက တိုက်တွန်းလိုက်သည်။ (ကိုးကား - Democracy Today, 7Day Daily)

ဇန်နဝါရီ ၂ဝ သတင်းများ




ဦးသန်းရွှေသားမက် ရန်ကုန်လွှတ်တော်အမတ်ဖြစ်လာ


အင်္ဂါနေ့က ထွက်ပေါ်လာသည့်  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တက်ရောက်မည့်  တပ်မတော်သားကိုယ်စားလှယ်များစာရင်းတွင်   ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားမက် ဗိုလ်မှူးချုပ်သိန်းနိုင် ပါဝင်ကြောင်း   သိရသည်။

တပ်မတော်က တိုင်းလွှတ်တော်အတွက် ဗိုလ်မှူးချုပ်အဆင့်ရှိသူကို စေလွှတ်ခြင်းမှာ  တိုင်းအစိုးရနယ်လုံဝန်ကြီးရာထူးအတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် စစ်အရာရှိဟောင်း ဦးကျော်ဇေယျက သုံးသပ်သည်။   (ကိုးကား - The Voice Daily)

ရှမ်း၊ ပလောင် နှစ်ဖွဲ့တိုက်ပွဲဖြစ်၊ ရှမ်ပြည်ဒေသခံများ မိုးကုတ်သို့ တိမ်းရှောင်


ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ လွယ်ဇာကျေးရွာတွင် တနင်္ဂနွေနေ့မှ စတင်ဖြစ်ပွားသော  ရှမ်းနှင့်ပလောင် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကြားတိုက်ပွဲများကြောင့်   ဒေသခံ ၉၅ ဦး   မိုးကုတ်မြို့သို့ တိမ်းရှောင်လာကြကြောင်း မိုးကုတ်မှ  လူမှုရေးအဖွဲ့များက ပြောသည်။  (ကိုးကား  - The Daily Eleven)

ရေတွင်းခန်းခြောက်မှုကြောင့် ဟားခါးတွင် ရေပြတ်လပ် 

လဆန်းပိုင်းမှစတင်ပြီး ချင်းပြည်နယ်မြို့တော်ဟားခါးရှိ စိမ့်စမ်းရေတွင်းများခန်းခြောက်မှုကြောင့် ဒေသခံတို့ ရေဝယ်သုံးနေရကြောင်း သိရသည်။
သြဂုတ်လ မြို့တော်အနှံ့ မြေပြိုမှုနောက်ပိုင်းဖွင့်ထားသည့် ဒုက္ခသည်စခန်းတွင်နေထိုင်သူ ဒေသခံသုံးသောင်းကျော်သည်လည်း သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံနိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ဟားခါးအနီး တီးမစ်ချောင်းကို ဆည်အဖြစ်တားပြီး သောက်သုံးရေဖြန့်ဝေရေးအစီအစဉ်မှာ ဖေဖော်ဝါရီ ၂ဝ တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့အမီ ဆောင်ရွက်မည်ဟု ပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးထလှာဟရဲက ပြောသည်။   (ကိုးကား - The Voice Daily)

ဇန်နဝါရီ ၁၉ သတင်းများ

ကလေးခိုးသည်ဟု စွပ်စွဲခံရသူ ၂ဦး မန္တလေးတွင် ရိုက်နှက်ခံရ၊ ၁ ဦး သေဆုံး
တနင်္ဂနွေနေ့က ကလေးခိုးသည်ဟု စွပ်စွဲခံရသူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးကို ဒေသခံအများအပြားက ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။
ကြာသပတေးနေ့ကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အလားတူအမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူ လမ်းဘေးဈေးသည် အမျိုးသားမှာ နှစ်ရက်အကြာတွင် သေဆုံးသွားသည်။ ကလေးသူခိုး ကောလာဟလများ နေရာအနှံ့တွင် ပေါ်ပေါက်နေသောကြောင့် ရဲတပ်ဖွဲ့က မြို့နယ်တချို့တွင် ဒေသခံများကိုဖိတ်ခေါ်ကာ ရှင်းလင်းပွဲများ ပြုလုပ်လျက်ရှိသည်။ (ကိုးကား - The Voice Daily)
တပ်မတော်အခန်းကဏ္ဍဆွေးနွေးချက် လွှတ်တော်တွင် ပယ်ဖျက်
တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မကြာသေးမီက ဆွေးနွေးချက်များသည် တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ပြည်ထောင်စုလွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
လယ်သိမ်းခံရသူများလျော်ကြေး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့နှင့် ပတ်သက်ပြီး သတင်းမှန်များကို မသိဘဲ ပြောဆိုခြင်းဖြစ်သည်ဟူသော တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က လက်ခံပြီး ဆွေးနွေးချက်ပယ်ဖျက်ရန် အတည်ပြုလိုက်သည်။ (ကိုးကား - The Voice Daily)
အစိုးရဘတ်ဂျက် ဘီလီယံ ၆ဝဝ ကျော် လွှတ်တော်ဖြတ်တောက်
လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့    တောင်းခံထားသည့် ဘတ်ဂျက် ကျပ် ၂၁,ဝဝဝ ဘီလျံထဲမှ    ၆၁၃ ဘီလီယံကို ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ဖြတ်တောက်ခံရသည့်အထဲတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်များတွင် ခြံစည်းရိုး ကာရံခြင်းအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြထားသော လုပ်ငန်း ၂၁ ခု၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်း၂၂ခုအတွက် ဘတ်ဂျက်များလည်း ပါဝင်သည်။ (ကိုးကား - 7Day Daily)

ဇန်နဝါရီ ၁၈ သတင်းများ

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသနှင့် တစညတို့ ဆုတောင်းပွဲလုပ်ထိုင်းတွင် သေဒဏ်စီရင်ချက် ချခံထားရသော မြန်မာနိုင်ငံသား ၂ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမျိုးဘာသာ သာသနာအဖွဲ့မှ သံဃာ ၂၇ ပါး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်များ ဦးဆောင်ပြီး တနင်္ဂနွေနေ့က အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ တောင်မင်းကြီးဘုရားတွင် ဆုတောင်းပွဲကျင်းပခဲ့သည်။  (ကိုးကား - Democracy Today)

အပစ်ရပ်လက်မှတ်မထိုးသေးသည့် နာဂအဖွဲ့ ငြိမ်းချမ်းရေးညီလာခံတက်
တစ်နိုင်ငံလုံးအပစ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်မထိုးရသေးသည့် သူပုန်အဖွဲ့များထဲတွင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တစ်ဖွဲ့သာ စနေနေ့က ပြီးဆုံးခဲ့သည် နေပြည်တော် ၅ ရက်ကြာ ငြိမ်းချမ်းရေးညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
နာဂတိုင်းရင်းသားများနေထိုင်ရာဒေသသည် မြန်မာပြည်တွင်းသာမက အိန္ဒိယဘက်တွင်လည်းရှိနေပြီး အားလုံးညှိနှိုင်းတိုင်ပင်ပြီးမှသာ လက်မှတ်ထိုးနိုင်မည်ဟု NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဌ ဦးကျော်ဝမ်းစိန်က ပြောသည်။ (ကိုးကား - 7Day Daily)

ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစု
အစိုးရသစ်ထံသို့ လွှဲပြောင်းရမည့် စီမံကိန်း၊ ငွေကြေး၊ မော်တော်ယာဉ်၊ မြေယာအဆောက်အအုံ စသည်တို့၏ စာရင်းများကို မတ် ၁၅ နောက် ဆုံးထားပြီး ပေးပို့ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း ဝန်ကြီးဌာနများထံမှ သိရသည်။
ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ကြသည့် အစိုးရဘက်မှ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် ရွေးကောက်ပွဲအနိုင်ရပါတီ NLD ၏ အသွင်ကူးပြောင်းရေးအဖွဲ့တို့ကြား ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ (ကိုးကား - The Voice Daily)

ဇန်နဝါရီ ၁၅ သတင်းများ

တရုတ်နယ်စပ်လမ်းယာဉ်ကြောပိတ်ဆို့မှု ၃ ရက် ကြာပြီ

ရှမ်းပြည်နယ်၊ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၁၁ ညနေပိုင်းမှ စတင်ပြီး လမ်းပိတ်ဆို့ မှု ဖြစ်ပွားသောကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ရာနှင့်ချီ လမ်းပေါ်တွင်သောင်တင်နေသည်ဟု သိရသည်။
တရုတ်နယ်စပ်သို့သွားသောလမ်းတွင် ယာဉ်ကြောပိတ်ဆို့ရခြင်းမှာ ကွတ်ခိုင်မြို့ နှင့် နမ့်ဖတ်ကာကြားတွင် ကုန်တင်ကားကြီးတစ်စီးပေါ်မှ သံပေါင်များပြုတ်ကျမှုကြောင့် ဖြစ်ကြောင်း၊ ကားများမှာ လားရှိုးမြို့ ရှောင်လမ်းတွင် ရပ်တန့် စောင့်ဆိုင်းနေရကြောင်းသိရသည်။ (ကိုးကား - The Eleven Daily)
ငွေဖြူမပြနိုင်လျှင် အခွန်တိုးကောက်ရန် လွှတ်တော်ကိုတိုက်တွန်း
ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေဖြင့် အိမ်ခြံမြေ ဝယ်ယူနေကြခြင်းကို ယမန်နှစ်ကထက် အခွန်တိုးမြှင့်ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဇန်နဝါရီ ၁၄ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြလိုက်သည်။
ယမန်နှစ်က ငွေရလမ်းမဖော်ပြနိုင်သူတို့ကို အခွန်ကောက်ခံခြင်းသည် ငွေဖြူပြနိုင်သူများကို ကောက်ခံခြင်းထက် နည်းပါးသည်ဟု ထိုအစီအစဉ်ကို စတင် အကြံပေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက တစ်ကျပ်မှ သိန်းသုံးရာအထိ ၁၅ရာခိုင် နှုန်း၊ သိန်းသုံးရာမှ သိန်း တစ်ထောင်အထိ ၂ဝ ရာခိုင်နှုန်း၊ သိန်းတစ်ထောင်အထက်ကို ၃ဝရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် သူက အကြံပြုထားသည်။ (ကိုးကား - 7Day Daily)
အစိုးရသစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးပေးမည်ဟုဆို
အစိုးရသစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးအနက်ထားဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗဟို ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်က ကြာသပတေးနေ့တွင် ပြောလိုက်သည်။ (ကိုးကား - The Voice Daily)

ဇန်နဝါရီ ၁၄ သတင်းများ

နေပြည်တော်လမ်းမီးအတွက် သန်းတစ်ထောင်နီးပါး သုံးစွဲလို
လာမည့် ဘဏ္ဍာနှစ် နေပြည်တော်လမ်းမီးအတွက်  ဓာတ်အားခ ကျပ်သန်း ၁,ဝဝဝ နီးပါးကို တောင်းခံထားမှုကို ပြည်ထောင်စုလွှတ်တော်၏  ဗုဒ္ဓဟူးနေ့  အစည်းအဝေးတွင် ဆွေးနွေးကြသည်။
နေပြည်တော်မီးအသုံးစရိတ်ကို ထက်ဝက်ခန့်လျှော့ချပြီး  ကျေးလက်ဒေသ မီးလင်းရေးအတွက် အထောက်အပံ့ပေးသင့်ကြောင်း အမတ်တစ်ဦးက ဆွေးနွေးသည်။ (ကိုးကား - The Daily Eleven)

ပါကစ္စတန် တိုက်လေယာဉ် ၁၆ စင်း မြန်မာဝယ်ယူဟုဆို
ပါကစ္စတန်မှ ဒေါ်လာသန်းပေါင်း ၅၆ဝ တန်ဖိုးရှိ တိုက်လေယာဉ် ၁၆ စင်းကို မြန်မာက ဝယ်ယူခဲ့ကြောင်း  အစ္စရေးအခြေစိုက် Defense Update မဂ္ဂဇင်း အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
တစ်စီးလျှင် ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိသည့် JF-17  တိုက်လေယာဉ်တို့ကို နိုင်ငံတကာတွင် မြန်မာက ပထမဆုံးဈေးဦးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ (ကိုးကား - The Voice Daily)

မြောက်ကိုးရီးယား ဗုံးစမ်းသပ်မှုကို စိုးရိမ်ကြောင်း မြန်မာ သတင်းထုတ်ပြန်
ဇန်နဝါရီလ ၆ ရက်နေ့က မြောက်ကိုးရီးယားတွင်  ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို အထူး စိုးရိမ်မကင်းဖြစ်ကြောင်း  မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်သည်။
အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်စာချုပ်တွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားကင်းစင်သည့်  ကမ္ဘာဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြောက်ကိုးရီးယားအစိုးရ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကို  လိုက်နာရန်တိုက်တွန်းကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာ့အလင်း) 

ဇန်နဝါရီ ၁၃ သတင်းများ

သစ်အလုံးလိုက်ဝယ်ယူရေး တရုတ်၏ကမ်းလှမ်းချက် မြန်မာငြင်းပယ်
နယ်စပ်ဒေသတွင် သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေး၊ သစ်အလုံးလိုက် ဝယ်ယူရေး တရုတ်အစိုးရ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အင်္ဂါနေ့တွင် ပြောလိုက်သည်။
သစ်ထွက်ရှိမှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင်သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Eleven Daily)
ဝန်ကြီးသုံးဦးက ရွေးကောက်ပွဲအနိုင်ရ ပြိုင်ဘက်သုံးဦးကို ကန့်ကွက်
ရွေးကောက်ပွဲရှုံးသော ပြည်ထောင်စုဝန်ကြီးသုံးဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံရသူ ကိုယ်စားလှယ်သုံးဦးကို ကန့်ကွက်လွှာတင်ထားကြောင်း ရွေးကောက်ပွဲခုံရုံးဌာနထံမှ သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြိုင်ခဲ့သော သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်တို့က ကန့်ကွက်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် ဒုတိယ မဲအများဆုံး ရရှိထားသူများဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ငြိမ်းချမ်းရေးညီလာခံအစပြုသည့်နေ့ ရှမ်းပြည်နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပသည့် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ္မတူ၊ ကွက်ခိုင်မြို့နယ်တို့တွင် အစိုးရတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောသည်။
တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် TNLA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ (ကိုးကား - The Voice Daily)

ဇန်နဝါရီ ၁၂ သတင်းများ

ရခိုင်ဒေသ စစ်ဘေးရှောင် ၂၅ဝ အတွက် အကူအညီလိုအပ်
လဆန်းပိုင်းက ဖြစ်ပွားသော ရခိုင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသော စစ်ပြေးဒုက္ခသည် ၂၅ဝ ခန့်အတွက် အနွေးထည်၊ စောင်တို့ အရေးတကြီး လိုအပ်နေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့များက ပြောသည်။
ကျောက်တော်မြို့တွင် တပ်မတော်နှင့် AA ရခိုင်သူပုန်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံအများအပြား မြောက်ဦးမြို့နယ်ဘက်သို့ တိမ်းရှောင်ကြရကြောင်း သိရသည်။ (ကိုးကား - The Voice Daily)

စီးတီးမတ်က ပြည်ပချေးငွေ ဒေါ်လာ ၂၅ သန်း ရမည်

ကမ္ဘာ့ဘဏ်၏လက်အောက်ခံအဖွဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC) က ကုန်တိုက်ကြီးများ ထပ်မံ တည်ဆောက်မည့် ရန်ကုန်အခြေစိုက် စီးတီးမတ် ကုမ္ပဏီကို ဒေါ်လာ ၂၅ သန်း ချေးပေးရန် တနင်္လာနေ့က စာချုပ်ချုပ်လိုက်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်လီဈေးကွက် ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေးအတွက် ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်လီအရောင်းဆိုင်ဈေးကွက်ကို ပထမဆုံးအကြိမ် ချေးပေးခြင်းဖြစ်ကြောင်း IFC ၏ အရာရှိတစ်ဦးက ပြောသည်။
စီးတီးမတ်သည် လအနည်းငယ်အတွင်း မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီးတို့တွင် ကုန်တိုက်များ တိုးချဲ့ဖွင့်လှစ်မည်ဟု သိရသည်။ (ကိုးကား - 7Day Daily)

မီးသင့်မင်္ဂလာဈေးတွင် ရေဖျန်းစနစ် အတု တပ်ဆင်ခဲ့

ရန်ကုန်မြို့၊ အဆင့်မြင့်မင်္ဂလာဈေးတွင် တပ်ဆင်ထားသော အလိုအလျောက် ရေဖျန်းစနစ်သည် အတုဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောသည်။
ထိုစနစ် တပ်ဆင်ရန် မီးသတ်ဌာနက အကြံပေး၊ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
မီးလောင်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ တနင်္ဂနွေနေ့နံနက်ပိုင်း လောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ပျက်စီးသွားသည့် ဈေးကို အဆင့်မြင့်ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဟု သိရသည်။ (ကိုးကား - Democracy Today, 7Day Daily)

ရန်ကုန်ဆေးဆိုင်ဝန်ထမ်းထက်ဝက်ခန့် ဆေးဝါးပညာ သင်ယူထားခြင်းမရှိ

ရန်ကုန်မြို့ ပုဂ္ဂလိကဆေးဆိုင်များတွင် လုပ်ကိုင်နေသူ ထက်ဝက်ခန့်မှာ ဆေးဝါးပညာ သင်ယူထားခြင်း မရှိသည်ကို တွေ့ရကြောင်း ဆေးသုတေသန ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ဆေးဆိုင် ၁၄၄ ဆိုင်ကို လေ့လာရာတွင် ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်ပါရှိမှ ရောင်းချရမည် ဆိုသည်ကို အရောင်းဈေးသည် ထက်ဝက်ခန့်ကသာ သိရှိကြောင်း၊ အသွင်ယူ လေ့လာစဉ် ဆေးဆိုင်အားလုံးက ဆရာဝန်ညွှန်ကြားချက် မပါဘဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)

ဇန်နဝါရီ ၁၁ သတင်းများ

ရခိုင်တွင် လုံခြုံရေးတင်းကျပ်
ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကျေးရွာများတွင် အစိုးရစစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးလျက်ရှိသည်။
ရန်ကုန်-စစ်တွေလမ်းရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ခရီးသည်တို့ကို စစ်ဆေးနေပြီး ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် ပေါ်တာဆွဲသည်ဆိုသော သတင်းကြောင့် ဒေသခံပြည်သူများ ညပိုင်းတွင်အိမ်အပြင်သို့ မထွက်ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂၈ မှစ၍ ရခိုင်သူပုန်တို့နှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိကာ သူပုန်လက်ဖြောင့်သေနတ်သမားတို့၏ လက်ချက်ကြောင့် အစိုးရတပ်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည်။ (ကိုးကား- 7Day Daily)
NLD သမ္မတလောင်းများနှင့် အစိုးရသစ်အတွက် လူရွေးပြီးပြီ
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြု တင်သွင်းရမည့် သမ္မတလောင်းနှစ်ဦး၊ အစိုးရသစ်တွင်ပါဝင်မည့်သူများကို ရွေးချယ်ပြီးဖြစ်ကြောင်း ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဇန်န၀ါရီ ၁၀ ရက်နေ့တွင် ပြောလိုက်သည်။
နေပြည်တော်တွင်ကျင်းပသော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲအပြီးတွင် ဦးဥာဏ်ဝင်းက ထိုသို့ပြောလိုက်ခြင်း ဖြစ်ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ (ကိုးကား- The Voice Daily)

KIA ပြည်သူ့စစ်အဖွဲ့ဝင်ဟု ယူဆရသူကို ဗန်းမော်တွင် ထိန်းသိမ်း
ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟု ယူဆခံရသူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မံရွတ်ကျေးရွာရှိ ဦးသောင်းမြင့် ခေါ် ဦးဇော်ဒွဲသည် ဇန်န၀ါရီလ ၈ တွင် ဖမ်းဆီးခံရသည်။
အသက် ၅၀ အရွယ် ဦးသောင်းမြင့်သည် KIA အတွက် ဆက်ကြေးကောက်သည်ဟုလည်း စွပ်စွဲခံရပြီး နယ်မြေရဲစခန်းက သူ့ကို မတရားအသင်းအက်ဥပဒေ ပုမ်မ ၁၇ (၁) ဖြင့် အရေးယူထားသည်။ (ကိုးကား- The Voice Daily)

ဇန်နဝါရီ ၈ သတင်းများ

ထိုင်းသို့ အလုပ်သမားတရားဝင်စေလွှတ်မှု ယာယီရပ်
ထိုင်းနိုင်ငံရောက် မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မလာစေရန် မြန်မာဘက်မှ အလုပ်သမားသစ် စေလွှတ်မှုကို ဇန်နဝါရီ ၂ ရက်နေ့ က စတင်၍ ယာယီရပ်ဆိုင်းထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
အလုပ်သမား တရားဝင် စေလွှတ်မှုကို နှစ်နိုင်ငံသဘောတူညီချက်အရ ၂ဝဝ၉ တွင် အစပြုခဲ့သည်။ (7Day Daily)

အင်းတော်ကြီး ကမ္ဘာ့ထူးခြားရေတိမ်ဒေသဖြစ်လာမည်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ကမ္ဘာ့ထူးခြားရေတိမ်ဒေသ (Ramsar Site) အဖြစ် ဖေဖော်ဝါရီ ၂ တွင် သတ်မှတ်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်သော်က ပြောကြားသည်။
ရန်ကုန်နှင့် များစွာ ဝေးကွာခြင်းမရှိသော ပဲခူးဒေသ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ကမ္ဘာ့ထူးခြားရေတိမ်ဒေသအဖြစ် လွန်ခဲ့သည့် ဆယ်နှစ်က သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ထိုသို့ သတ်မှတ်ခံရပါက နိုင်ငံတကာက အလေးထားပြီး ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမို၍ ထိထိရောက်ရောက် လုပ်နိုင်မည်ဟု သိရသည်။ (ကိုးကား - The Voice Daily)

အမတ်များ နေပြည်တော်တွင် အိမ်ငှားနေထိုင်ခွင့် NLD ပိတ်ပင်
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု အမတ်များ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိစဉ် အိမ်ငှား နေထိုင်မည့်အစား အစိုးရ ဧည့်ရိပ်သာတွင်သာ တည်းခိုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သိရသည်။
ဆင်းရဲချမ်းသာမရွေး စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုခြင်းဖြင့် အမတ်များ စုစည်းမှုရှိပြီး ညှိနှိုင်း ဆွေးနွေးနိုင်မည်ဖြစ်သည်ဟု NLD ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။ (ကိုးကား - Democracy Today)

ဇန်နဝါရီ ၇ သတင်းများ

မြစ်ဝကျွန်းပေါ်ကလေးခိုးဂိုဏ်း ကောလာဟလ ရဲတပ်ဖွဲ့ရှင်းလင်း
Facebook တွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖြန့်ဝေနေကြသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးခိုး ဂိုဏ်းများ သောင်းကျန်းနေသည်ဟူသော အချက်မှာ ကောလာဟလသာ ဖြစ်ကြောင်း မြို့နယ်တချို့တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။ (ကိုးကား - Daily Eleven)

တပ်မတော်နှင့် TNLA တို့ နှစ်သစ်ကူးတွင် တိုက်ပွဲ အဆက်မပြတ်ဖြစ်
ဇန်န၀ါရီလအတွင်း တပ်မတော်နှင့် တိုက်ပွဲ ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားပြီး လွတ်လပ်ရေးနေ့တွင် လေးငါးကြိမ်ခန့် ဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ် အခြေစိုက် ပလောင်လက်နက်ကိုင်အဖွဲ့ TNLA ၏ ခေါင်းဆောင် ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောသည်။
အစိုးရက ထိုအဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ (ကိုးကား - The Voice Daily)

အစိုးရသစ်လက်ထက် နိုင်ငံရေး အကျဉ်းသားမရှိစေရဟု NLD ပြော
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဟိန်းက ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်)

ဇန်နဝါရီ ၆ သတင်းများ

ကားဂိတ်တစ်ခုနှင့် ခရီးသည်သုံးရာကျော် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြု

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ၊ အကြွေစေ့ ပြနိုင်သူ ခရီးသည် ၃၆ဝ ကို မုံရွာမြို့အခြေစိုက် ဟိန်းစတားမော်တော်ယာဉ်လိုင်းက အခမဲ့ ယာဉ်စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုနေ့က မုံရွာမှ နေပြည်တော်၊ ပြင်ဦးလွင်မြို့များသို့ အသွားအပြန် ခရီးစဉ် ၁၄ ခု ပြေးဆွဲခဲ့ကြောင်း ဟိန်းစတား တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်အနှစ် ၂ဝ ကျော်အတွင်း ထုတ်ဝေသည့် ငွေစက္ကူတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သော၊ လွတ်လပ်ရေးကြိုးပမ်းမှု အဓိက ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ပုံ ပါဝင်ခြင်း မရှိပေ။ (ကိုးကား - The Voice Daily)
ပြည်ခိုင်ဖြိုး နှစ်ပတ်လည်အစည်းအဝေး နောက်ကျဖွယ်ရှိ
ဇန်နဝါရီတွင် ပြုလုပ်လေ့ရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ပါတီခေါင်းဆောင်များအကြား အာဏာပြဿနာ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် နောက်ကျပြီး ကျင်းပဖွယ်ရှိသည်ဟု အလုပ်အမှုဆောင်ဟောင်းများထံမှ သိရသည်။
အစိုးရအပြောင်းအလဲနောက်ပိုင်း ပါတီခေါင်းဆောင်မှုပြဿနာ ဖြေရှင်းပြီးမှသာ နှစ်လည်အစည်းအဝေး အစပြုနိုင်ဖွယ်ရှိသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးမောင်မောင်သိန်းက ပြောသည်။ (ကိုးကား - Myanmar Times)
ကာလုံဥပဒေကြမ်းကို ယခုလွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးမည်မဟုတ်
ဝေဖန်မှုများမြင့်တက်နေသည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေကြမ်းကို ဇန်နဝါရီလကုန်တွင် အဆုံးသတ်မည့် လက်ရှိလွှတ်တော် သက်တမ်းကာလအတွင်း ဆွေးနွေးမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၅ရက်နေ့တွင် ပြောလိုက်သည်။
အရပ်ဘက်ခေါင်းဆောင်ထက် စစ်ခေါင်းဆောင် အရေအတွက် ပိုများသော အဖွဲ့ဝင် ၁၁ ဦး ပါ ကာလုံ၏ အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်သည့်အခါ သမ္မတသည် မဲမပေးရဘဲ သဘာပတိအဖြစ်ရှိနေမည်ဖြစ်ကြောင်း လွန်ခဲ့သော၂နှစ်ခန့်ကပင် အမျိုးသားလွှတ်တော်သို့ ရောက်နေသော ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)

ဇန်နဝါရီ ၅ သတင်းများ

ငြိမ်းချမ်းရေးညီလာခံ မတက်ရန် UWSA ဆုံးဖြတ်
နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်မည့် ဇန်နဝါရီ ၁၂ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက် လေ့လာခြင်းမပြုရန် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း ပြည်ပဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပြောသည်။
ညီလာခံသို့ UWSA တက်ရောက်ရန် အစိုးရက ဒီဇင်ဘာ ဒုတိယပတ်တွင် ထိပ်တန်း ကိုယ်စားလှယ်များ စေလွှတ်ပြီး ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးက ထိုသို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။
သူပုန်အဖွဲ့များအနက် အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ဆွေးနွေးခွင့် ရှိသော်လည်း လက်မှတ်မထိုးရသေးသည့် UWSA အပါအဝင် အဖွဲ့ ဆယ်ဖွဲ့ကျော်မှာ လေ့လာသူအဖြစ်သာ တက်ရောက်နိုင်မည်ဟု သိရသည်။ (ကိုးကား - The Voice Daily)

အစိုးရသစ်က ငြိမ်းချမ်းရေးဦးစားပေးမည်ဟုဆို
အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောလိုက်သည်။
အားလုံးပါဝင်ပြီး ထိရောက်သည့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လူထု၊ အရပ်ဘက်အဖွဲ့အစည်း၊ တိုင်းရင်းသားအင်အားစု၊ နိုင်ငံတကာအဖွဲ့များ ပူးပေါင်းကူညီရေးတို့ လိုအပ်ကြောင်းလည်း သူက ပြောသည်။ (ကိုးကား - The Voice Daily)


အသွင်ကူးပြောင်းရေးကို တပ်မတော်က ဦးဆောင်ဟု ကာချုပ်ပြော
ပါတီစုံဒီမိုကရေစီလမ်းပေါ် လျှောက်လှမ်းနိုင်ရန်အတွက် အသွင်ကူးပြောင်းရေးကို ဦးဆောင်ခဲ့သူမှာ တပ်မတော် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုတွင် ပြောလိုက်သည်။
"လွတ်လပ်ရေးရပြီးချိန်တွင် ရွေးချယ်ကျင့်သုံးခဲ့သည့် ပါလီမန်ဒီမိုကရေစီမှ တိုင်းရင်းသားပြည်သူလူထု လိုလားသည့် ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲ ဖော်ဆောင်ရာတွင်လည်း တပ်မတော်က လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း" သူက ဆက်ပြောသည်။ (ကိုးကား - မြဝတီ)