ဇန်နဝါရီ ၁၈ သတင်းများ

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသနှင့် တစညတို့ ဆုတောင်းပွဲလုပ်ထိုင်းတွင် သေဒဏ်စီရင်ချက် ချခံထားရသော မြန်မာနိုင်ငံသား ၂ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမျိုးဘာသာ သာသနာအဖွဲ့မှ သံဃာ ၂၇ ပါး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်များ ဦးဆောင်ပြီး တနင်္ဂနွေနေ့က အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ တောင်မင်းကြီးဘုရားတွင် ဆုတောင်းပွဲကျင်းပခဲ့သည်။  (ကိုးကား - Democracy Today)

အပစ်ရပ်လက်မှတ်မထိုးသေးသည့် နာဂအဖွဲ့ ငြိမ်းချမ်းရေးညီလာခံတက်
တစ်နိုင်ငံလုံးအပစ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်မထိုးရသေးသည့် သူပုန်အဖွဲ့များထဲတွင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တစ်ဖွဲ့သာ စနေနေ့က ပြီးဆုံးခဲ့သည် နေပြည်တော် ၅ ရက်ကြာ ငြိမ်းချမ်းရေးညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
နာဂတိုင်းရင်းသားများနေထိုင်ရာဒေသသည် မြန်မာပြည်တွင်းသာမက အိန္ဒိယဘက်တွင်လည်းရှိနေပြီး အားလုံးညှိနှိုင်းတိုင်ပင်ပြီးမှသာ လက်မှတ်ထိုးနိုင်မည်ဟု NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဌ ဦးကျော်ဝမ်းစိန်က ပြောသည်။ (ကိုးကား - 7Day Daily)

ဝန်ကြီးဌာနများ၏ စီမံကိန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစု
အစိုးရသစ်ထံသို့ လွှဲပြောင်းရမည့် စီမံကိန်း၊ ငွေကြေး၊ မော်တော်ယာဉ်၊ မြေယာအဆောက်အအုံ စသည်တို့၏ စာရင်းများကို မတ် ၁၅ နောက် ဆုံးထားပြီး ပေးပို့ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း ဝန်ကြီးဌာနများထံမှ သိရသည်။
ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ကြသည့် အစိုးရဘက်မှ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် ရွေးကောက်ပွဲအနိုင်ရပါတီ NLD ၏ အသွင်ကူးပြောင်းရေးအဖွဲ့တို့ကြား ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ (ကိုးကား - The Voice Daily)