ဇန်နဝါရီ ၂၁ သတင်းများ


ရန်ကုန်လေထုအရည်အသွေး မကြာမီသိရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေထုအရည်အသွေးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး တိုင်းတာစစ်ဆေးလျက်ရှိရာ  ရလဒ်ကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန  လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောသည်။

လူနေထူထပ်မှုပိုမိုကြီးမားလာသည့် ရန်ကုန်၏ လေအေးစက်၊ စီးပွားရေးလုပ်ငန်းသုံးမီးစက်၊ တိုးပွားလာသော စက်ရုံ၊  အလုပ်ရုံများကြောင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး မြို့နယ် ၅၀ ခန့်အတွက်   စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်) 

ဒေသသုံးခု သောက်သုံးရေတွင် အာဆင်းနစ်ပါဝင်မှု များပြား

ဧရာဝတီ၊ ပဲခူး၊ ရခိုင် စသည့် ပြည်နယ်တိုင်းဒေသကြီးတို့ရှိ  ရေတွင်းများကို စစ်ဆေးရာ  သောက်သုံးရေတွင် လူကိုအန္တရာယ်ဖြစ်စေသည့် အာဆင်း နစ်ဓာတ်ပါဝင်မှုမှာ  မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့်ပမာဏထက် မြင့်မားနေကြောင်း ဆေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

အာဆင်းနစ် ပမာဏများသည့် ရေကို ကာလကြာရှည်သောက်သုံးမိလျှင် ကင်ဆာ အပါအဝင် ကျောက်ကပ်၊  အဆုတ်၊ အသည်း၊ နှလုံးတို့နှင့် ပတ်သက်သည့် ရောဂါတို့ကိုလည်း ဖြစ်ပွားစေနိုင်ကြောင်း၊  မြန်မာနှင့် နိုင်ငံပေါင်း ၇၀ ကျော်မှ  လူ ၁၃၇ သန်းကျော်သည် အာဆင်းနစ်အဆိပ်သင့်ပြီး နောက်ဆက်တွဲရောဂါများခံစားနေရကြောင်း သိရသည်။ (ကိုးကား - Daily Eleven) 

သယံဇာတတူးဖော်ရေးလုပ်ငန်း အားနည်းချက် အရပ်ဘက်အဖွဲ့များ ထောက်ပြ

သယံဇာတတူးဖော်ရေးလုပ်ငန်းတချို့တွင်  လိုင်စင်သက်တမ်းမတိုးခြင်း၊ လိုင်စင်မဲ့လုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်ပြီး  အစိုးရ၊ ကုမ္ပဏီတို့ကို ထောက်ပြခဲ့သော်လည်း   တုံ့ပြန်ဆောင်ရွက်ခြင်းများ အားနည်းကြောင်း  ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

တပ်မတော်က ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်  သယံဇာတတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်စဉ်   အခွန် အနှစ် ၂၀ ကျော် ပေးဆောင်ခဲ့ခြင်းမရှိ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ဖက်စပ် ကုမ္ပဏီတို့ကို နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး  အများပြည်သူသိရှိအောင် ပွင့် လင်းမြင်သာစွာ ချပြန်ရန်   အရပ်ဘက် လူမှုအဖွဲ့စည်းများက တိုက်တွန်းလိုက်သည်။ (ကိုးကား - Democracy Today, 7Day Daily)