ရခိုင်တွင် လုံခြုံရေးတင်းကျပ်
ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကျေးရွာများတွင် အစိုးရစစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးလျက်ရှိသည်။
ရန်ကုန်-စစ်တွေလမ်းရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ခရီးသည်တို့ကို စစ်ဆေးနေပြီး ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် ပေါ်တာဆွဲသည်ဆိုသော သတင်းကြောင့် ဒေသခံပြည်သူများ ညပိုင်းတွင်အိမ်အပြင်သို့ မထွက်ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂၈ မှစ၍ ရခိုင်သူပုန်တို့နှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိကာ သူပုန်လက်ဖြောင့်သေနတ်သမားတို့၏ လက်ချက်ကြောင့် အစိုးရတပ်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည်။ (ကိုးကား- 7Day Daily)

NLD သမ္မတလောင်းများနှင့် အစိုးရသစ်အတွက် လူရွေးပြီးပြီ
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြု တင်သွင်းရမည့် သမ္မတလောင်းနှစ်ဦး၊ အစိုးရသစ်တွင်ပါဝင်မည့်သူများကို ရွေးချယ်ပြီးဖြစ်ကြောင်း ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဇန်န၀ါရီ ၁၀ ရက်နေ့တွင် ပြောလိုက်သည်။
နေပြည်တော်တွင်ကျင်းပသော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲအပြီးတွင် ဦးဥာဏ်ဝင်းက ထိုသို့ပြောလိုက်ခြင်း ဖြစ်ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ (ကိုးကား- The Voice Daily)

KIA ပြည်သူ့စစ်အဖွဲ့ဝင်ဟု ယူဆရသူကို ဗန်းမော်တွင် ထိန်းသိမ်း
ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟု ယူဆခံရသူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မံရွတ်ကျေးရွာရှိ ဦးသောင်းမြင့် ခေါ် ဦးဇော်ဒွဲသည် ဇန်န၀ါရီလ ၈ တွင် ဖမ်းဆီးခံရသည်။
အသက် ၅၀ အရွယ် ဦးသောင်းမြင့်သည် KIA အတွက် ဆက်ကြေးကောက်သည်ဟုလည်း စွပ်စွဲခံရပြီး နယ်မြေရဲစခန်းက သူ့ကို မတရားအသင်းအက်ဥပဒေ ပုမ်မ ၁၇ (၁) ဖြင့် အရေးယူထားသည်။ (ကိုးကား- The Voice Daily)