ကားဂိတ်တစ်ခုနှင့် ခရီးသည်သုံးရာကျော် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြု
လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ၊ အကြွေစေ့ ပြနိုင်သူ ခရီးသည် ၃၆ဝ ကို မုံရွာမြို့အခြေစိုက် ဟိန်းစတားမော်တော်ယာဉ်လိုင်းက အခမဲ့ ယာဉ်စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုနေ့က မုံရွာမှ နေပြည်တော်၊ ပြင်ဦးလွင်မြို့များသို့ အသွားအပြန် ခရီးစဉ် ၁၄ ခု ပြေးဆွဲခဲ့ကြောင်း ဟိန်းစတား တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်အနှစ် ၂ဝ ကျော်အတွင်း ထုတ်ဝေသည့် ငွေစက္ကူတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သော၊ လွတ်လပ်ရေးကြိုးပမ်းမှု အဓိက ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ပုံ ပါဝင်ခြင်း မရှိပေ။ (ကိုးကား - The Voice Daily)

ပြည်ခိုင်ဖြိုး နှစ်ပတ်လည်အစည်းအဝေး နောက်ကျဖွယ်ရှိ
ဇန်နဝါရီတွင် ပြုလုပ်လေ့ရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ပါတီခေါင်းဆောင်များအကြား အာဏာပြဿနာ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် နောက်ကျပြီး ကျင်းပဖွယ်ရှိသည်ဟု အလုပ်အမှုဆောင်ဟောင်းများထံမှ သိရသည်။
အစိုးရအပြောင်းအလဲနောက်ပိုင်း ပါတီခေါင်းဆောင်မှုပြဿနာ ဖြေရှင်းပြီးမှသာ နှစ်လည်အစည်းအဝေး အစပြုနိုင်ဖွယ်ရှိသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးမောင်မောင်သိန်းက ပြောသည်။ (ကိုးကား - Myanmar Times)

ကာလုံဥပဒေကြမ်းကို ယခုလွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးမည်မဟုတ်
ဝေဖန်မှုများမြင့်တက်နေသည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေကြမ်းကို ဇန်နဝါရီလကုန်တွင် အဆုံးသတ်မည့် လက်ရှိလွှတ်တော် သက်တမ်းကာလအတွင်း ဆွေးနွေးမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီလ ၅ရက်နေ့တွင် ပြောလိုက်သည်။
အရပ်ဘက်ခေါင်းဆောင်ထက် စစ်ခေါင်းဆောင် အရေအတွက် ပိုများသော အဖွဲ့ဝင် ၁၁ ဦး ပါ ကာလုံ၏ အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်သည့်အခါ သမ္မတသည် မဲမပေးရဘဲ သဘာပတိအဖြစ်ရှိနေမည်ဖြစ်ကြောင်း လွန်ခဲ့သော၂နှစ်ခန့်ကပင် အမျိုးသားလွှတ်တော်သို့ ရောက်နေသော ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)