ဇန်နဝါရီ ၂၇ သတင်းများ

ဒေါ်လာအတုပြုလုပ်သူဟုယူဆရသည့်နိုင်ငံခြားသား ရန်ကုန်တွင်ထိန်းသိမ်းခံရ
ဒေါ်လာအတု ထုတ်လုပ်သူ၏ယူဆရသည့် ၃၄နှစ်အရွယ် လိုင်ဘေးရီးယား နိုင်ငံသား Mr. Raymond San Cho ကို တနင်္လာနေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
၎င်း၏အခန်းအတွင်း သိမ်းဆည်းရမိသည့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွင် ဒေါ်လာငွေနှင့် အရွယ်အစားတူ အမည်းရောင် စက္ကူအရွက် ၆,၀၀၀ ကျော် ပါဝင်ကြောင်း ဒဂုံမြို့မရဲစခန်းမှ ဒုရဲမှူးတင့်ဆွေက ပြောသည်။ (ကိုးကား - The Voice Daily)
ရွေးကော်ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အင်္ဂါနေ့တွင် တွေ့ဆုံစဉ် ၂ဝ၁၅ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး လွတ်လပ်တရားမျှတကြောင်း ပြောဆိုလိုက်သည်ဟု ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူထံမှ သိရသည်။
မဲဆွယ်ကာလအတွင်းကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှုများကြောင့် တရားမျှတမှု အားနည်း ဖွယ်ရှိကြောင်း ပြောဆိုထားခဲ့သည်။ (ကိုးကား - The Voice Daily)
လဝကနှင့်ပြည်ထဲရေး ပေါင်းစည်းရန် အချိန်မတန်သေးဟု အမတ်များပြော
သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အင်္ဂါနေ့တွင် ကမ်းလှမ်းလိုက်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ရေးအစီအစဉ်ကို အမတ်အများစုက သဘောတူသော်လည်း အကောင်အထည်ဖော်ရန် အချိန်မတန်သေးကြောင်း မှတ်ချက်ပေးကြသည်။
ပါတီ ၁၈ ခုမှ ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ ထိုနေ့ညနေပိုင်းက အစည်းအဝေးပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် တို့က ထိုအစီအစဉ်ကို သဘောတူကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည်။ (ကိုးကား - 7Day Daily)