ရခိုင်ဒေသ စစ်ဘေးရှောင် ၂၅ဝ အတွက် အကူအညီလိုအပ်
လဆန်းပိုင်းက ဖြစ်ပွားသော ရခိုင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသော စစ်ပြေးဒုက္ခသည် ၂၅ဝ ခန့်အတွက် အနွေးထည်၊ စောင်တို့ အရေးတကြီး လိုအပ်နေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့များက ပြောသည်။
ကျောက်တော်မြို့တွင် တပ်မတော်နှင့် AA ရခိုင်သူပုန်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံအများအပြား မြောက်ဦးမြို့နယ်ဘက်သို့ တိမ်းရှောင်ကြရကြောင်း သိရသည်။ (ကိုးကား - The Voice Daily)

စီးတီးမတ်က ပြည်ပချေးငွေ ဒေါ်လာ ၂၅ သန်း ရမည်
ကမ္ဘာ့ဘဏ်၏လက်အောက်ခံအဖွဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC) က ကုန်တိုက်ကြီးများ ထပ်မံ တည်ဆောက်မည့် ရန်ကုန်အခြေစိုက် စီးတီးမတ် ကုမ္ပဏီကို ဒေါ်လာ ၂၅ သန်း ချေးပေးရန် တနင်္လာနေ့က စာချုပ်ချုပ်လိုက်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်လီဈေးကွက် ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေးအတွက် ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်လီအရောင်းဆိုင်ဈေးကွက်ကို ပထမဆုံးအကြိမ် ချေးပေးခြင်းဖြစ်ကြောင်း IFC ၏ အရာရှိတစ်ဦးက ပြောသည်။
စီးတီးမတ်သည် လအနည်းငယ်အတွင်း မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီးတို့တွင် ကုန်တိုက်များ တိုးချဲ့ဖွင့်လှစ်မည်ဟု သိရသည်။ (ကိုးကား - 7Day Daily)
မီးသင့်မင်္ဂလာဈေးတွင် ရေဖျန်းစနစ် အတု တပ်ဆင်ခဲ့
ရန်ကုန်မြို့၊ အဆင့်မြင့်မင်္ဂလာဈေးတွင် တပ်ဆင်ထားသော အလိုအလျောက် ရေဖျန်းစနစ်သည် အတုဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောသည်။
ထိုစနစ် တပ်ဆင်ရန် မီးသတ်ဌာနက အကြံပေး၊ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
မီးလောင်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ တနင်္ဂနွေနေ့နံနက်ပိုင်း လောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ပျက်စီးသွားသည့် ဈေးကို အဆင့်မြင့်ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဟု သိရသည်။ (ကိုးကား - Democracy Today, 7Day Daily)
ရန်ကုန်ဆေးဆိုင်ဝန်ထမ်းထက်ဝက်ခန့် ဆေးဝါးပညာ သင်ယူထားခြင်းမရှိ
ရန်ကုန်မြို့ ပုဂ္ဂလိကဆေးဆိုင်များတွင် လုပ်ကိုင်နေသူ ထက်ဝက်ခန့်မှာ ဆေးဝါးပညာ သင်ယူထားခြင်း မရှိသည်ကို တွေ့ရကြောင်း ဆေးသုတေသန ဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ဆေးဆိုင် ၁၄၄ ဆိုင်ကို လေ့လာရာတွင် ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်ပါရှိမှ ရောင်းချရမည် ဆိုသည်ကို အရောင်းဈေးသည် ထက်ဝက်ခန့်ကသာ သိရှိကြောင်း၊ အသွင်ယူ လေ့လာစဉ် ဆေးဆိုင်အားလုံးက ဆရာဝန်ညွှန်ကြားချက် မပါဘဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)