ဇန်နဝါရီ ၂၆ သတင်းများ

လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်သူ အများအပြားကို ထောင်မှလွှတ်ပေးခဲ့
ဦးသိန်းစိန်အစိုးရလက်ထက် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် လူသတ်မှုကျူးလွန်သူ ၂,၃၇၄ ဦး၊ မုဒိမ်းမှုကျူးလွန်သူ ၁,၇၂၆ ဦး ပါဝင်ကြောင်း
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက တနင်္လာနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောလိုက်သည်။
သေဒဏ်ကျ အကျဉ်းသား ၈၃၈ ဦး၏ ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)သို့ ပြောင်းလဲလိုက်ကြောင်း သူက ဆက်ပြောသည်။ ၁၉၈၈ နောက်ပိုင်းတွင် သေဒဏ်ကျသူများကို ကွပ်မျက်ခြင်း မရှိဟု ဆိုသည်။ (ကိုးကား - The Daily Eleven)
ထိန်းသိမ်းခံကျောင်းသားများ ဆေးကုသခွင့်ဆုံးရှုံးနေ
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ပညာရေးဥပဒေကို ကန့်ကွက်စဉ် အကြမ်းဖက်ဖမ်းဆီးထိန်းသိမ်းခံရသူများ အာမခံ မရသဖြင့် ဆေးကုသခွင့်ဆုံးရှုံးနေသည်ဟု ၎င်းတို့၏မိသားစုများက တနင်္လာနေ့တွင် ပြောလိုက်သည်။
အမှုရင်ဆိုင်နေရသူ ၇ဝ ရှိကြောင်း၊ ၈ ဦးသာ အာမခံ ရရှိကြောင်း သိရသည်။ နိုဝင်ဘာလက ၂၂ ဦးကို ရန်ကုန်ဆေးရုံကြီးတွင် တစ်လကျော်ကြာ ကုသမှု ပေးခဲ့ကြောင်း၊ နောက်ဆက်တွဲကုသမှုခံယူရန် လိုအပ်နေသေးကြောင်း မိသားစုဝင်များ၊ ကျောင်းသားသမဂ၊ Justic Trust အဖွဲ့တို့က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ (ကိုးကား - The Daily Eleven)
ဖားကန့်တွင် မြေပြိုမှုထပ်ဖြစ်၊ ၃ ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းတွင် တနင်္လာညနေပိုင်း မြေပြိုမှုကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။ ထိုဒေသတွင် နိုဝင်ဘာလ မြေပြိုမှုကြောင့် ၁၁၄ ဦး သေဆုံးခဲ့ဖူးသည်။ (ကိုးကား - Democracy Today)