ဇန်နဝါရီ ၁၉ သတင်းများ

ကလေးခိုးသည်ဟု စွပ်စွဲခံရသူ ၂ဦး မန္တလေးတွင် ရိုက်နှက်ခံရ၊ ၁ ဦး သေဆုံး
တနင်္ဂနွေနေ့က ကလေးခိုးသည်ဟု စွပ်စွဲခံရသူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးကို ဒေသခံအများအပြားက ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။
ကြာသပတေးနေ့ကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အလားတူအမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူ လမ်းဘေးဈေးသည် အမျိုးသားမှာ နှစ်ရက်အကြာတွင် သေဆုံးသွားသည်။ ကလေးသူခိုး ကောလာဟလများ နေရာအနှံ့တွင် ပေါ်ပေါက်နေသောကြောင့် ရဲတပ်ဖွဲ့က မြို့နယ်တချို့တွင် ဒေသခံများကိုဖိတ်ခေါ်ကာ ရှင်းလင်းပွဲများ ပြုလုပ်လျက်ရှိသည်။ (ကိုးကား - The Voice Daily)
တပ်မတော်အခန်းကဏ္ဍဆွေးနွေးချက် လွှတ်တော်တွင် ပယ်ဖျက်
တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မကြာသေးမီက ဆွေးနွေးချက်များသည် တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ပြည်ထောင်စုလွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
လယ်သိမ်းခံရသူများလျော်ကြေး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့နှင့် ပတ်သက်ပြီး သတင်းမှန်များကို မသိဘဲ ပြောဆိုခြင်းဖြစ်သည်ဟူသော တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က လက်ခံပြီး ဆွေးနွေးချက်ပယ်ဖျက်ရန် အတည်ပြုလိုက်သည်။ (ကိုးကား - The Voice Daily)
အစိုးရဘတ်ဂျက် ဘီလီယံ ၆ဝဝ ကျော် လွှတ်တော်ဖြတ်တောက်
လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့    တောင်းခံထားသည့် ဘတ်ဂျက် ကျပ် ၂၁,ဝဝဝ ဘီလျံထဲမှ    ၆၁၃ ဘီလီယံကို ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ဖြတ်တောက်ခံရသည့်အထဲတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်များတွင် ခြံစည်းရိုး ကာရံခြင်းအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြထားသော လုပ်ငန်း ၂၁ ခု၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်း၂၂ခုအတွက် ဘတ်ဂျက်များလည်း ပါဝင်သည်။ (ကိုးကား - 7Day Daily)