တရုတ်နယ်စပ်လမ်းယာဉ်ကြောပိတ်ဆို့မှု ၃ ရက် ကြာပြီ
ရှမ်းပြည်နယ်၊ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၁၁ ညနေပိုင်းမှ စတင်ပြီး လမ်းပိတ်ဆို့ မှု ဖြစ်ပွားသောကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ရာနှင့်ချီ လမ်းပေါ်တွင်သောင်တင်နေသည်ဟု သိရသည်။
တရုတ်နယ်စပ်သို့သွားသောလမ်းတွင် ယာဉ်ကြောပိတ်ဆို့ရခြင်းမှာ ကွတ်ခိုင်မြို့ နှင့် နမ့်ဖတ်ကာကြားတွင် ကုန်တင်ကားကြီးတစ်စီးပေါ်မှ သံပေါင်များပြုတ်ကျမှုကြောင့် ဖြစ်ကြောင်း၊ ကားများမှာ လားရှိုးမြို့ ရှောင်လမ်းတွင် ရပ်တန့် စောင့်ဆိုင်းနေရကြောင်းသိရသည်။ (ကိုးကား - The Eleven Daily)

ငွေဖြူမပြနိုင်လျှင် အခွန်တိုးကောက်ရန် လွှတ်တော်ကိုတိုက်တွန်း
ဝင်ငွေရလမ်း မဖော်ပြနိုင်သော ငွေဖြင့် အိမ်ခြံမြေ ဝယ်ယူနေကြခြင်းကို ယမန်နှစ်ကထက် အခွန်တိုးမြှင့်ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဇန်နဝါရီ ၁၄ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြလိုက်သည်။
ယမန်နှစ်က ငွေရလမ်းမဖော်ပြနိုင်သူတို့ကို အခွန်ကောက်ခံခြင်းသည် ငွေဖြူပြနိုင်သူများကို ကောက်ခံခြင်းထက် နည်းပါးသည်ဟု ထိုအစီအစဉ်ကို စတင် အကြံပေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက တစ်ကျပ်မှ သိန်းသုံးရာအထိ ၁၅ရာခိုင် နှုန်း၊ သိန်းသုံးရာမှ သိန်း တစ်ထောင်အထိ ၂ဝ ရာခိုင်နှုန်း၊ သိန်းတစ်ထောင်အထက်ကို ၃ဝရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် သူက အကြံပြုထားသည်။ (ကိုးကား - 7Day Daily)

အစိုးရသစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးပေးမည်ဟုဆို
အစိုးရသစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးအနက်ထားဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗဟို ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်က ကြာသပတေးနေ့တွင် ပြောလိုက်သည်။ (ကိုးကား - The Voice Daily)