ဇန်နဝါရီ ၂ဝ သတင်းများ




ဦးသန်းရွှေသားမက် ရန်ကုန်လွှတ်တော်အမတ်ဖြစ်လာ


အင်္ဂါနေ့က ထွက်ပေါ်လာသည့်  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တက်ရောက်မည့်  တပ်မတော်သားကိုယ်စားလှယ်များစာရင်းတွင်   ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားမက် ဗိုလ်မှူးချုပ်သိန်းနိုင် ပါဝင်ကြောင်း   သိရသည်။

တပ်မတော်က တိုင်းလွှတ်တော်အတွက် ဗိုလ်မှူးချုပ်အဆင့်ရှိသူကို စေလွှတ်ခြင်းမှာ  တိုင်းအစိုးရနယ်လုံဝန်ကြီးရာထူးအတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် စစ်အရာရှိဟောင်း ဦးကျော်ဇေယျက သုံးသပ်သည်။   (ကိုးကား - The Voice Daily)

ရှမ်း၊ ပလောင် နှစ်ဖွဲ့တိုက်ပွဲဖြစ်၊ ရှမ်ပြည်ဒေသခံများ မိုးကုတ်သို့ တိမ်းရှောင်


ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ လွယ်ဇာကျေးရွာတွင် တနင်္ဂနွေနေ့မှ စတင်ဖြစ်ပွားသော  ရှမ်းနှင့်ပလောင် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကြားတိုက်ပွဲများကြောင့်   ဒေသခံ ၉၅ ဦး   မိုးကုတ်မြို့သို့ တိမ်းရှောင်လာကြကြောင်း မိုးကုတ်မှ  လူမှုရေးအဖွဲ့များက ပြောသည်။  (ကိုးကား  - The Daily Eleven)

ရေတွင်းခန်းခြောက်မှုကြောင့် ဟားခါးတွင် ရေပြတ်လပ် 

လဆန်းပိုင်းမှစတင်ပြီး ချင်းပြည်နယ်မြို့တော်ဟားခါးရှိ စိမ့်စမ်းရေတွင်းများခန်းခြောက်မှုကြောင့် ဒေသခံတို့ ရေဝယ်သုံးနေရကြောင်း သိရသည်။
သြဂုတ်လ မြို့တော်အနှံ့ မြေပြိုမှုနောက်ပိုင်းဖွင့်ထားသည့် ဒုက္ခသည်စခန်းတွင်နေထိုင်သူ ဒေသခံသုံးသောင်းကျော်သည်လည်း သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံနိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ဟားခါးအနီး တီးမစ်ချောင်းကို ဆည်အဖြစ်တားပြီး သောက်သုံးရေဖြန့်ဝေရေးအစီအစဉ်မှာ ဖေဖော်ဝါရီ ၂ဝ တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့အမီ ဆောင်ရွက်မည်ဟု ပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးထလှာဟရဲက ပြောသည်။   (ကိုးကား - The Voice Daily)