မတ်လ ၁ ရက်နေ့ သတင်းများ

တက္ကသိုလ်စစ်သင်တန်းတက်သူ သုံးထောင်နီးပါးရှိ
တက္ကသိုလ်အရန်လေ့ကျင့်ရေးတပ်၏ သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၂,၉ဝဝ ကျော် တက်ရောက်လျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။ တက္ကသိုလ်လေ့ကျင့်ရေးတပ်ကို ရန်ကုန်တက္ကသိုလ်တွင် ၁၉၂၂ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၇ တွင် ရပ်နားကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ (ကိုးကား Democracy Today)
KIA တပ်မဟာ ၆ အစိုးရ၏ငြိမ်းချမ်းရေးကော်မတီ ကန့်ကွက်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တပ်မဟာ ၆ ကို တိုးချဲ့ဖွဲ့စည်းခြင်းမှာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို  ဆန့်ကျင်ရာရောက်သဖြင့် "ပြင်းထန်စွာကန့်ကွက်ကြောင်း" ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။    (ကိုးကား - မြန်မာအလင်း)
ငြိမ်းချမ်းရေးဦးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ထပ်မံကတိပြု
အစိုးရအဖွဲ့သစ် ဖွဲ့ပြီးပါက ပေးထားသည့် ကတိအတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်ကို ကိုင်တွယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရန် နေပြည်တော်ရောက်နေသည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တနင်္လာနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
လောလောဆယ်တွင် အာဏာလွှဲပြောင်းခြင်း မပြုရသေးသောကြောင့် လုပ်ပိုင်ခွင့် မရှိသေးကြောင်း သူက ဆက်ပြောသည်။  (ကိုးကား -  Daily Eleven)

ဖေဖော်ဝါရီ ၂၉ သတင်းများ

ရှမ်းပြည်နယ်ဒုက္ခသည်တချို့ နေရပ်ပြန်ပြီ
ကျောက်မဲမြို့နယ်အတွင်း ခိုလှုံနေကြသော  စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ဝန်းကျင်ထဲမှ ၂ဝ ရာခိုင်နှုန်းခန့် နေရပ်ရင်းပြန်ကြပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်အမတ်များကို သောကြာနေ့က ပြောသည်။
နေရပ်ပြန်သူတို့၏ ဒေသသည် အစိုးရတပ်၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိန်းချုပ်နယ်မြေအတွင်း ရှိကြောင်း သိရသည်။
လဆန်းပိုင်းမှ စတင်ပြီး ထိုဒေသတွင်  တအာန်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရတပ်နှင့်ရော RCSS/SSA နှင့်ပါ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ စစ်ရေး တင်းမာနေဆဲဖြစ်သည်။ (ကိုးကား - Myanmar Times)
နှစ်ဆန်းပိုင်း မီးလောင်မှုများကြောင့် သန်း ၃၇,ဝဝဝ ကျော် ဆုံးရူံး
နှစ်စမှ ဖေဖော်ဝါရီ တတိယပတ်အတွင်း နိုင်ငံအနှံ့ မီးလောင်မှုပေါင်း ၃၄ဝ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၃၇,ဝဝဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဤပမာဏာမှာ ၂ဝ၁၅ တစ်နှစ်လုံး မီးဘေးကြောင့် ဆုံးရှုံးခဲ့သည့် တန်ဖိုးထက် ၁၈ ဆ ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ဧရာဝတီကမ်းပါးပြိုမှုကြောင့် မကွေးတွင် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရ
ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊  မိန်းမလှကျွန်းကျေးရွာသည်  ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့နေရပြီး ဒေသခံတချို့မှာ ပြောင်းရွှေ့စရိတ်အခက်အခဲဖြစ်နေကြောင်းသိရသည်။
ထိုကျေးရွာတွင်  အိမ်ခြေ ၁၂ဝ ရှိကြောင်း၊ တစ်နာရီကြာသွားရသော ကျမ်းကိုင်ကျွန်းကျေးရွာ အုပ်စုသို့ပြောင်းရွှေ့နေကြောင်း သိရသည်။ (ကိုးကား Democracy Today)

ကျူးကျော်ရပ်ကွက်နဲ့ သူဌေးရပ်ကွက် ကပ်လျက်ရှိနေတာ ရန်ကုန်ရဲ့ အနာဂတ်ပုံစံလား

PTHC
ရန်ကုန်မြို့ပြင်ရှိ ကျူးကျော်ရပ်ကွက် မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Connor Macdonald/Myanmar Now) 


 Connor Macdonald၊ ဖြိုးသီဟချို
ရန်ကုန် (Myanmar Now) - ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးနဲ့ ကပ်လျက် လက် ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ဦးဝင်းမောင်တစ်ယောက်  ကျူးကျော် ရပ်ကွက်တစ်ခုထဲ မိုးချုပ်ခါနီးမှ  ရောက်လာသူ မျက်နှာ စိမ်းတွေကို  အကြံပေးနေပါတယ်။
“အခုအချိန်က နည်းနည်းမှောင်လာပြီဗျ။ အချိန်က သိပ်မရှိတော့ဘူး။ ကျွန်တော်ကတော့ ညဘက်ကြီး အဲဒီကို မသွားစေ ချင်ဘူး” လို့ အဲဒီမြို့နယ်ထဲက နာမည်ဆိုးထွက်နေတဲ့ ညောင်ရွာကို သွားမယ့်သူတွေကို တားနေတာပါ။
ဦးဝင်းမောင်ဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် NLD လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးချယ်ခံရသူပါ။
ညောင်ရွာဆိုတာ လှိုင်သာယာမြို့အလယ်လောက်မှာ ရှိပြီး ပန်းလှိုင်မြစ်နံဘေးက ဓနိမိုးဝါးခင်း အိမ်လေးတွေ ထောင်နဲ့ချီပြီး ရှိတဲ့ ရွာတစ်ရွာပါ။ အိမ်အများစုဟာ နှစ်မီတာလောက်ပဲ ကျယ်ပြီး တစ်အိမ်နဲ့ တစ်အိမ်အကြားမှ ထံရံ ပါးပါးလေးတွေပဲ ခြား ထားပါတယ်။
ခြေဗလာနဲ့ ကလေးတွေ ကစားနေ၊ လမ်းဘေးခွေးတွေကလည်း ယင်လုံအိမ်သာမရှိ၊ သောက်သုံးရေပိုက်သွယ်တန်းထားတာ မရှိတဲ့ အိမ်တွေကြားမှာ ဝင်ထွက်သွားလာနေပါတယ်။
ဒီကျူးကျော်ရပ်ကွက်မှာ ဒုစရိုက်မှုတွေက ပုံမှန်ဖြစ်နေကျပါ။ ပန်းလှိုင်မြစ်နံဘေးက သဲကွင်းလို့ ခေါ်တဲ့နေရာဟာ ဒုစရိုက်မှု ကျူးလွန်သူတွေ ကျက်စားတဲ့နေရာဖြစ်တယ်။ သူတို့တွေက အရပ်သားတွေကိုရော၊ စီးပွားရေးလုပ်ငန်းတွေကိုရော ခြိမ်း ခြောက်မှုတွေ လုပ်နေပါတယ်လို့ ညောင်ရွာက NLD ပါတီဝင် ကိုလှဌေးက ပြောပါတယ်။
ညောင်ရွာမှာနေသူတွေကို လူမိုက်တွေက ခြိမ်းခြောက်သလိုပဲ ဧပြီလမှာ NLD အစိုးရကို အာဏာလွှဲပြောင်းပေးရတော့မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရ အာဏာပိုင်တို့က ဒီမှာနေတဲ့သူတွေကို ဖယ်ရှားရှင်းလင်းပစ်မယ်လို့ မကြာ ခဏ ခြိမ်းခြောက်ကြောင်း သူက ပြောပါတယ်။
လူပေါင်း ၁၃၈,ဝဝဝ လောက်သေဆုံးပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီးတဲ့နောက်မှာ ညောင်ရွာကို ရောက်လာတဲ့သူတွေအများကြီး ရှိခဲ့ပါတယ်။
PTHC1
ရန်ကုန်မြို့ပြင်ရှိ ကျူးကျော်ရပ်ကွက် မြင်ကွင်းတစ်ခု (ဓာတ်ပုံ -Connor Macdonald/Myanmar Now)
PTHC2
ရန်ကုန်မြို့ပြင်ရှိ ကျူးကျော်ရပ်ကွက် မြင်ကွင်းတစ်ခု (ဓာတ်ပုံ -Connor Macdonald/Myanmar Now)
မျက်နှာမှာ သနပ်ခါးတွေ လိမ်း၊ ဝါးကြမ်းပြင်ခင်းထားတဲ့ အိမ်လေးထဲ မြေးဖြစ်သူကို ထိန်းနေတဲ့ အသက် ၆ဝ ဝန်းကျင် အမျိုး သမီးကြီးတစ်ဦးကတော့ ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ ဘိုကလေးမြို့က ထွက်လာခဲ့ရပေမယ့် သူတို့ရဲ့ အနာဂတ်ဟာ ဘာမှ မရေရာဘဲ လုံခြုံမှုမရှိ မသေးပါဘူးတဲ့။
“ဒါက ကျွန်မတို့ ကိုယ်ပိုင်နေရာမဟုတ်လို့ ပိုင်ရှင်က ဖယ်ဆိုရင် ဖယ်ရမှာပဲလေ။ ဒါပေမယ့် ဘယ်ကို သွားရမယ်ဆိုတာလဲ မသိပါဘူး။ တစ်နေရာရာမှာ ငှားနေဖို့ကလည်း မလွယ်ဘူး။ စားဖို့သောက်ဖို့လောက်ပဲ ငွေကရှိတာ” လို့ သူကပြောပါတယ်။
ရွာလမ်းမအတိုင်း မီတာ ၅ဝဝ လောက် သွားလိုက်မယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ဝင်းကြီး ကာထားတဲ့ ပန်းလှိုင်ဂေါက်ကွင်းနဲ့ အိမ်ရာတို့ကို ရောက်ပါတယ်။ ပန်းလှိုင်အိမ်ရာရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ စတုရန်း မီတာ ၈ဝဝ ကျယ်ဝန်းတဲ့ ဒီအိမ်ရာ ဝင်းကြီးထဲမှာ  မြန်မာနိုင်ငံရဲ့ အလှဆုံးအိမ်တွေ၊ သီးခြားအိုအေစစ်လေးနဲ့ လှပတဲ့ ရှုခင်းအပြင်အဆင်တွေ လွှမ်းခြုံထား တယ်လို့ ဖော်ပြထားတာ တွေ့ရမှာပါ။
လူနေမှုစနစ် ကွာဟမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မြို့ကြီးတွေမှာ မြင်တွေ့ရစမြဲပါ။ မြို့ပြတွေဆီကို ပြောင်းရွှေ့နေထိုင်လာမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အများအပြား ဖြစ်ပေါ်နေပြီး ဆင်းရဲသူတွေကတော့ ကိုယ့်ဘဝကို အသက်ဆက်ရှင်နိုင်အောင် ရုန်းကန်နေရချိန်မှာ မြို့ကြီးမှာရှိတဲ့ အထက်တန်းလွှာ လူတန်းစားတွေကတော့ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီလိုက်ပြီး နေထိုင်ကြရပါတယ်။
လှိုင်သာယာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ မြို့ပြတွေဆီကို စတင်ရွှေ့ပြောင်းခါစ လူမှုဘဝကို ထင်ဟပ်ပေါ် လွင်စေပါတယ်။
မြို့ပြဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ ပိုမိုဆိုးရွားနေပေမယ့် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီတွေနဲ့ NGO တွေက သမားရိုးကျနည်းတွေနဲ့ ကျေးလက်က ဆင်းရဲတဲ့ ပြည်သူတွေကိုပဲ အကူအညီပေးနေတာက မြို့ပြလူနေမှုဘဝ မညီ မျှမှုကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းတစ်ရပ် ဖြစ်နေတယ်လို့ အာဖဂန်နစ္စတန်မှာ   UN-Habitat လို့ ခေါ်တဲ့ ကုလသမဂ္ဂ မြို့ပြစီမံကိန်းဆိုင်ရာ အဖွဲ့တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Michael Slingsby က ပြောပါတယ်။
“မြို့ပြက ဆင်းရဲမှုပုံစံနဲ့ ကျေးလက်ဆင်းရဲမှုပုံစံ မတူပါဘူး။ မြို့မှာက ပိုက်ဆံမရှိရင် နေလို့မရဘူး။ အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုး အကုန်ပေးရတယ်။ တောမှာကတော့ စားစရာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အလကား ရနိုင်တယ်လေ” လို့ သူက ရှင်းပြပါတယ်။
စနစ်တကျ စီစဉ်မှုများလုပ်ဆောင်ထားသည့် မြို့ကြီးများတွင် နောက်ခံနယ်ပယ်အသီးသီးက လာရောက်နေထိုင်သူများ အတွက် အံဝင်ခွင်ကျ ဖြစ်စေနိုင်ပြီး လူမျိုး၊ ဘာသာ၊ အဆင့်အတန်း အတားအဆီးများကို ဖယ်ရှားပစ်နိုင်မှာဖြစ်ပေမယ့် တိုးတက်လာမယ့် လူဦးရေအတွက် စနစ်တကျ ပြင်ဆင်ထားမှုမရှိတဲ့ မြို့ကြီးတွေမှာတော့ ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေ အကြား နေထိုင်မှုပုံစံ အကြီးအကျယ် ကွာဟနေဦးမှာပါလို့ UN-Habitat ရဲ့ မြို့ပြစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ Jack Finegan က သုံးသပ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ အရမ်းကိုမညီမမျှဖြစ်တဲ့ လူ့ဘောင်တစ်ခုကို ရရှိမှာဖြစ်ပြီး အဲဒီ မညီမျှမှုကို လူတွေ နေထိုင်ကြတဲ့နေရာ … ကျွန်တော်တို့ဘေးပတ်ဝန်းကျင်တွေမှာ တွေ့မြင်ရမှာပါ။ အဲဒါရဲ့ အဓိပ္ပါယ်ကတော့ စာနာနားလည်မှုပေးနိုင်စွမ်း အား နည်းပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးမှု နည်းတာမျိုးဖြစ်နိုင်တာပါပဲ” လို့ သူက ပြောပါတယ်။     ။

အိုးအိမ်မဲ့ များပြားလာတဲ့ မြို့တော်ရန်ကုန်



ရန်ကုန်ရောက် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်က ဒီလိုအခန်းငယ်မျိုးတွေမှာ ငှားရမ်းနေထိုင်တတ်ကြပါတယ် (ဓာတ်ပုံ – Connor Macdonald/Myanmar Now)

ကော်နာမက်ဒေါ်နယ်၊ ဖြိုးသီဟချို 
ရန်ကုန် (Myanmar Now) – မအိချိုခိုင် ဖြစ်ချင်ခဲ့တာက ဧည့်လမ်းညွှန်။ ကျောင်းပိတ်လို့ မကွေးတိုင်းဒေသကြီးအတွင်းက သူ့ရွာကလေးကို ပြန်ပြီး အမေ့ ဘိန်းမုန့်ဆိုင်လေးမှာ ဝိုင်းကူတဲ့အခါ နိုင်ငံခြားသားခရီးသွားအုပ်စုကို ဦးဆောင်လာတဲ့ ဧည့် လမ်းညွှန်တွေကို မကြာခဏ တွေ့ရတယ်။

“တိုးရစ်ဂိုက် (ဧည့်လမ်းညွှန်) တစ်ယောက်ဖြစ်ဖို့ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာကို သင်ချင်တာနဲ့ ရန်ကုန်ကို ရောက်လာတာပါ” လို့ သူက ၂ဝဝဝ ပြည့်နှစ်လောက်က အကြောင်း ပြန်ပြောပြပါတယ်။

အဲဒီအချိန်ကစလို့ သူ့မျှော်လင့်ချက်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတာပါ။ သူရန်ကုန်ကို လက်ဗလာနဲ့ ရောက် လာချိန်မှာ အသက်က ၁၉ နှစ်။ ဈေးပေါပေါ အိမ်ခန်းရှာပြီး စားဝတ်နေရေးအတွက် ရရာအလုပ် လုပ်ရပါတော့တယ်။ လွန်ခဲ့ တဲ့ ၁၆ နှစ်လုံးလုံး သူလုပ်ကိုင်ခဲ့တာကတော့ ရန်ကုန်မြို့စွန် လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာပါ။

“ကျွန်မ ဒီကိုလာခဲ့တုန်းက မျှော်လင့်ချက်တွေ အများကြီးပါခဲ့တယ်။ အထည်ချုပ်စက်ရုံမှာ လုပ်မယ်လို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒါပေမယ့် အင်္ဂလိပ်စာသင်ယူဖို့ ကုန်ကျစရိတ်ကိုလည်း မတတ်နိုင်ဘူး။ အခုတော့ ငွေရဖို့ အဓိက စဉ်းစားနေရပြီ” လို့ မအိချိုခိုင်က ပြောပါတယ်။

ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ သူ့လိုပဲ ရန်ကုန်ကို မျှော်လင့်ချက်အပြည့်နဲ့ ထွက်လာတဲ့သူ အရေ အတွက်က နှစ်စဉ် သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းလာသူ အများစုဟာ နောက်ဆုံးတော့ လူ ၇ သိန်း လောက် နေထိုင်တဲ့ လှိုင်သာယာဘက်ကို ရောက်သွားပါတယ်။

ဒီမိုကရေစီ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပေါ်ပေါက်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံဖိတ်ခေါ်လိုက်ရင် မြို့ကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာကြောင့် ကျေးလက်ကနေ မြို့ပြကို ပြောင်းရွှေ့လာမယ့် အလားအလာ ပိုမိုများနေပါပြီ။

နိုင်ငံတွင်း ရွှေ့ပြောင်းအခြေချနေထိုင်တာ အလျင်အမြန် တိုးတက်လာမှုအတွက် ရန်ကုန်မြို့မှာ အသင့်ပြင်ဆင်ထားတာ အားနည်းလို့ စနစ်မကျတဲ့ မြို့ပြလူနေမှုပုံစံ ဖြစ်လာနိုင်တယ်လို့ မြို့ပြစီမံကိန်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
ရွှေ့ပြောင်းလာသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးနိုင်ဖို့ အစိုးရအနေနဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရှိနေရမယ်လို့ သူတို့က တိုက်တွန်းနေကြတာပါ။

“မြို့ပြကို အခြေချရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ဘူးဆိုရင် ကျူးကျော်နေထိုင်မှုတွေ ပိုမိုဆိုးရွားလာတာ၊ လူနေမှုကွာဟချက် ပိုမိုမြင့်မားလာတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ၊ မြို့ပြလူနေမှုနိမ့်ကျလာတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ UN-Habitat လို့ခေါ်တဲ့ ကုလသမဂ္ဂ မြို့ပြစီမံကိန်းဆိုင်ရာအဖွဲ့ရဲ့ ကျွမ်းကျင်သူအရာရှိ Jack Finegan က ပြောပါတယ်။

ရန်ကုန်မှာ အိမ်ရာနဲ့ အခြေခံအဆောက်အဦတိုးချဲ့တဲ့အခါ လူဦးရေတိုးပွားလာတာနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ အာဏာ ပိုင်တွေအနေနဲ့ ခုကတည်းက လုပ်ဆောင်သင့်ပြီလို့ သူက ဆက်ပြောပါတယ်။

● လင်းထိန်နေတဲ့ မြို့တော်ကြီး
ကျေးလက်ကနေ ရန်ကုန် ပြောင်းလာသူအများစုဟာ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက် လူငယ်တွေဖြစ်တယ်၊ ဝင်ငွေနည်း လွန်းတဲ့ ရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို စွန့်ခွာလာသူတွေလည်း ဖြစ်တယ်လို့ UN-Habitat ရဲ့ အာဖဂန်နစ္စတန် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ မြို့ပြဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Michael Slingsby က ပြောပါတယ်။

“မြို့ကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရှိတယ်။ မိသားစုတွေအနေနဲ့ ဝင်ငွေရလမ်းအများကြီး ရှိပြီး တစ်နှစ်ပတ်လုံး အလုပ်လုပ်လို့ရတယ်” လို့ သူက Myanmar Now ကို ပြောပါတယ်။

မိုဘိုင်းဖုန်း၊ အင်တာနက်ကြောင့် မြို့ကြီးများနဲ့ကျေးရွာများအကြား ချိတ်ဆက်မှု ကောင်းမွန်လာတဲ့အတွက် ကျေးလက် လူငယ်တွေဟာ မြို့ပြလူနေမှုဘဝကို ပိုမိုသိရှိရပြီး သွားဖို့ ကြိုးစားကြပါတော့တယ်။ မြို့ပြရဲ့ အလင်းရောင်တွေက သူတို့ ထဲက တချို့ကို ရှေးရိုးစွဲ ကျေးလက်လူမှုအသိုင်းအဝိုင်းရဲ့ ကန့်သတ်တားမြစ်မှုတွေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင် ခဲ့ပါတယ်။

“အခုဆိုရင် အတွေ့အကြုံတွေ အများကြီးရနေပါပြီ။ ကျွန်မဖြစ်ချင်တာကိုလုပ်ဖို့ လွတ်လပ်မှုကို ရနေပါပြီ။ ကျွန်မကို တားမြစ်ထိန်းချုပ်မယ့် မိဘတွေက အခု အတူနေတာမဟုတ်ဘူး” လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ရုံရောက် အသက် ၂ဝ အရွယ် မခင်မြတ်နိုးဆွေက ပြောပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်လို့ရတယ်ဆိုတာကို သူ့မောင်နှမဝမ်းကွဲတော်စပ်သူတစ်ယောက်ဆီက သိရပြီး ရောက်လာခဲ့သူပါ။



ရန်ကုန်ရောက် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်က ဒီလိုအခန်းငယ်မျိုးတွေမှာ ငှားရမ်းနေထိုင်တတ်ကြပါတယ် (ဓာတ်ပုံ – Connor Macdonald/Myanmar Now)

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသတစ်ခုကနေ ရန်ကုန်၊ လှိုင်သာယာကို စပြီးရောက်လာစဉ်က ၁ဝ ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တခြားဝန်ထမ်းသုံးဦးနဲ့ အတူ နေခဲ့ရတယ်။ မြို့ရောက်ခါစ ဝန်ထမ်းတွေအတွက်တော့ လျှော်ဖွတ်၊ စားသောက်၊ အိပ်စက် အစရှိတာတွေ အားလုံးကို ဒီလိုဈေးပေါတဲ့အခန်းငယ်လေးထဲမှာပဲ ဆောင်ရွက်ကြရတာပါ။ အဲဒီလိုအခန်းငယ် ၁၄ ခန်းရှိတဲ့ အဲဒီအဆောင်မှာ ငှားနေတဲ့သူ ၅၆ ယောက်က အိမ်သာ ၃ လုံးကို မျှသုံးရပါတယ်။

နောက်ပိုင်းမှာတော့ သူ့အခြေအနေ နည်းနည်း တိုးတက်လာတယ်လို့ ဆိုရပါမယ်၊ သုံးပန်လှ အမည်ရ လူမှုရေးအဖွဲ့က အထည်ချုပ်အလုပ်သမတွေ သက်တောင့်သက်သာရှိအောင် ဆောက်ပေးထားတဲ့ အဆောင်မှာ သူနဲ့ရွယ်တူ လူလွတ် မိန်းကလေးတွေနဲ့အတူ နေနေပါပြီ။

တချို့က သူတို့ရဲ့ဘဝ ပိုမိုတိုးတက်ကြီးပွားဖို့ မြို့ပြရောက်လာကြတာဖြစ်သလို အချို့ကလည်း ကိုယ့်ဒေသမှာ အခက်အခဲ တွေ့ရလို့ ရွှေ့လာကြတာပါ။ သီးနှံအထွက်ကျဆင်း၊ အကြွေးတင်လို့ ရှိတာ ရောင်းချ၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက် ခင်းတွေ ပျက်စီးကုန်ပြီး ပြောင်းရွှေ့လာကြရတာပါ။

ကိုကြည်စိုးဟာ လှိုင်သာယာက ညောင်ရွာမှာ တဲတစ်လုံးနဲ့ နေခဲ့တာ ၁၉ နှစ် ရှိပါပြီ။ ဒီကာလအတွင်းမှာ လူသစ်တွေအများကြီး ရောက်လာတာကို သူတွေ့ခဲ့ရပါတယ်။ ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်း ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် အချိန် တိုအတွင်းမှာ လူတွေအများကြီး ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြတာပါ။ နိုင်ငံမှာ အဆိုးဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့စဉ်က လူ အသေအပျောက် ၁၃ဝ,ဝဝဝ ထက် မနည်းရှိခဲ့ပြီး ဒေသခံတွေရဲ့ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။

“ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝပါ။ လူနေမှုစရိတ်တွေကလည်း တစ်နေ့ပြီးတစ်နေ့ မြင့်လာတယ်၊ ရှာလို့ရသမျှဟာ စားရင်းနဲ့ ကုန်သွားတယ်၊ ကျွန်တော်တို့ ညောင်ရွာမှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့သူတွေကို အစိုးရက ဖယ်ရှား ပစ်မယ်လို့ ဟိုတလောက သတင်းတွေ ထွက်နေတယ်” လို့ ကိုကြည်စိုးက ပြောပါတယ်။

“ကျွန်တော် အလုပ်သွားနေတုန်း အိမ်ကို အဖျက်ခံရမှာ စိုးရိမ်တယ်။ ရန်ကုန်မှာ အခြားကျူးကျော်ရပ်ကွက်တွေကို ရှင်း တုန်းကလည်း သက်ဆိုင်ရာတွေက အဲဒီလိုပဲ လုပ်ခဲ့တာလေ”

● ပြုပြင်ပြောင်းလဲမှုများက မြို့ပြဖြစ်ထွန်းမှုကို အရှိန်တက်စေ
ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှာလိုပဲ မြန်မာရဲ့ မြို့ပြဖြစ်ထွန်းမှုဟာ ရှောင်လွှဲမရသလို ဒါဟာ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုး တက်မှုရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုပါ။ မြို့ပြတွေမှာ ဝင်ငွေက ပိုကောင်းသလို ကျန်းမာရေးနဲ့ ပညာရေးအခွင့်အလမ်း တွေကလည်း ပိုကောင်းပါတယ်။ စက်မှုလုပ်ငန်းနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ လူလတ်တန်းစား များပြားတဲ့၊ တိုးတက် နေတဲ့ မြို့ကြီးတွေမှာပဲ ဖွံ့ဖြိုးနိုင်တာပါ။



ရန်ကုန်ရောက် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်က ဒီလိုအခန်းငယ်မျိုးတွေမှာ ငှားရမ်းနေထိုင်တတ်ကြပါတယ် (ဓာတ်ပုံ – Connor Macdonald/Myanmar Now)

ရန်ကုန်မြို့ရဲ့ လူဦးရေတိုးတက်နှုန်းဟာ နှစ်စဉ် ၄ ရာခိုင်နှုန်းရှိနေပါတယ်။ လူဦးရေ ၅ ဒသမ ၇ သန်း ရှိနေရာကနေ ၂ဝ၄ဝ ပြည့်နှစ်မှာ ၁၁ သန်းကျော်အထိ ရှိလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UN-Habit ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အများ စုကတော့ အလုပ်အကိုင်အတွက် ကျေးလက်ဒေသတွေကနေ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေနဲ့ ပိုမိုချိတ်ဆက်လုပ်ကိုင်လာပြီဆိုတော့ စိုက်ပျိုးရေးမဟုတ်တဲ့ လုပ်ငန်းတွေ ပိုများလာပြီး ပြည်သူတွေအနေနဲ့ ကျေးလက်ဒေသတွေကနေ မြို့တွေကို ပြောင်းရွှေ့ လာကြတော့မှာပါ။ ဒါက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ် ခုဖြစ်ပြီး ဘယ်သူမှ တားထားလို့ မရပါဘူး” လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ မန်နေဂျာ မစ်ချီကို အီတို က ပြောပါတယ်။

“ဒါက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုပါ။ ထူးခြားတာတစ်ခုက မြန်မာနိုင်ငံအနေနဲ့ ဒီလိုရွှေ့ပြောင်းမှုနှုန်းကို အရင်က မကြုံခဲ့ ရဘဲ အခုမှာဖြစ်လာတာကြောင့် အလျင်အမြန်နဲ့ကို ဖြစ်ထွန်းနေတာပါ”

● အိမ်နီးချင်းနိုင်ငံများထံမှ သင်ယူခြင်း
စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဆယ်စုနှစ်ငါးခုခန့် ကြာပြီးနောက် နေပြည်တော် တည်ဆောက်ပြီး နိုင်ငံရဲ့ မြို့တော် ပြောင်းသွားပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ရဲ့ အခြေခံအဆောက်အဦနဲ့ အိမ်ရာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်း လာခဲ့ပြီး ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့တော်ဟာ အမေ့ခံထားရလို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ နိမ့်ကျ နေပါပြီ။

မြို့ပြဖွံ့ဖြိုးရေး၊ ခေတ်မီမြို့တော် စီမံကိန်းလုပ်ငန်းတွေကို ဆယ်စုနှစ်များစွာ ကြိုတင်လုပ်ဆောင်ပြီးဖြစ်တဲ့ ဒေသတွင်းက ဘန်ကောက်၊ မနီလာ၊ ဂျကာတာတို့လို မြို့တော်တွေနဲ့ နှိုင်းယှဉ်ပြန်ရင်လည်း ရန်ကုန်မြို့ဟာ မြို့ပြစီမံကိန်းအကောင်အထည်ဖော်သူတွေအတွက် မတို့မထိရသေးတဲ့ မြို့တော်ပါပဲ။

Myanmar Now သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူအများအပြားကတော့ မြန်မာဟာ ဒေသတွင်း မြို့ကြီး တွေ ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ အမှားအယွင်းတွေကို သင်ခန်းစာ ယူသင့်တယ်လို့ ဆိုကြပါတယ်။

အသစ်ရွှေ့ပြောင်းရောက်ရှိလာသူတွေအတွက် ထိရောက်ပြီး တန်ဖိုးနည်တဲ့ အိမ်ရာစီမံကိန်းတွေကို ရန်ကုန်မြို့မှာ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ အကြံပြုကြပါတယ်။

“ပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတာကြောင့် ကြိုတင်ပြင်ဆင်လုပ်ဆောင်ဖို့ လိုပါတယ်” လို့ UN-Habitat မှ Jack Finegan က ပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့မှာ အိမ်ရာစီမံကိန်းတွေ ဖွံ့ဖြိုးခဲ့သလို အိမ်ငှားခတွေလည်း ဆင်ခြေဖုံးပါမကျန် တစ်မြို့လုံးမှာ ဈေးနှုန်းမြင့်တက်ခဲ့တာပါ။

ရန်ကုန်တိုင်းအစိုးရတာဝန်ရှိသူတွေက ဆင်းရဲနွမ်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးဖို့ ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်းက တန်ဖိုးနည်းတိုက်ခန်း ၁ဝ,၁၆ဝ ခန်းကို တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခန်းကို ကျပ်သိန်း ၁ဝဝ ကျော် ကုန်ကျတာကြောင့် ကျူးကျော်ရပ်ကွက်မှာနေသူတွေအတွက် တည်ဆောက်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒီလိုတန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်းပြည်သူတွေအတွက် ရောင်းချပေးချင်ပေမယ့် သူတို့ ဝယ်နိုင်မှာ မဟုတ်ပါဘူး” လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

အစိုးရက ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်း အငှားတိုက်ခန်းတွေ ဆောက်လုပ်ဖို့ လုပ်ဆောင်နေပြီး သူတို့နဲ့ ကိုက်ညီမယ့် ပုံစံ၊ ဈေးနှုန်းတွေကို သတ်မှတ်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

● တန်ဖိုးနည်း အိမ်ရာ
ရန်ကုန်တိုင်းအစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေဟာ ထိရောက်မှုမရှိဘဲ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေ အ တင်း အဓမ္မဖယ်ရှားခံရတာပဲ အဖတ်တင်တယ်လို့ တက်ကြွလှုပ်ရှားသူတချို့၊ နိုင်ငံရေးသမားတချို့က ဆိုပါတယ်။

ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေကို ဖယ်ရှားရှင်းလင်းရာမှာ လုံခြုံရေးတပ်ဖွဲ့တွေပါ အသုံးပြုတာကြောင့် ဒီလုပ်ရပ်ဟာ ဆင်းရဲနွမ်းပါးသူတွေရဲ့ နေထိုင်ရပ်တည်ခွင့်တွေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီလိုအတင်းအဓမ္မဖယ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပိုမိုဆိုးရွားလာပြီး ရန်ကုန် ဆင်ဖြေဖုံးအရပ်တွေမှာ ဇန်နဝါရီလအတွင်း ရဲတပ်ဖွဲ့နဲ့ မြေတူးစက်တွေကို အသုံးပြုပြီး ကျူးကျော်တွေကို ဖယ်ရှားခဲ့တာကြောင့် အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့ပြီး မိသားစုများစွာ လမ်းပေါ်ကို ရောက်သွားပါတယ်။

NLD အစိုးရ လက်ထက်မှာ ကျူးကျော်တွေကို အခုလို အတင်းအဓမ္မဖယ်ရှားမှုတွေနဲ့ မြေယာသိမ်းမှုတွေကို လုပ်ဆောင်မှာ မဟုတ်ဘူးလို့ မျှော်လင့်နေကြပါတယ်။ NLD ပါတီတာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ မပြောသေး ပေမယ့် ပါတီရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ လမ်းစဉ်တွေမှာ ဒီပြဿနာတွေကို ကိုင်တွယ်သွားမယ်လို့ ဆိုထားပါတယ်။

သဘာဝဘေးအန္တရာယ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ မြေယာသိမ်းမှုများကြောင့် မြို့ကြီးတွေကို ပြောင်းရွှေ့ အခြေချလာရတဲ့ အိမ်ရာမဲ့တွေအတွက် အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားတာပါ။

NLD ပါတီရဲ့ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဝင်းမောင်က “ကျူးကျော် နေထိုင်သူတွေရဲ့ အိမ်တွေဟာ တရားမဝင်ဘူးဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားသုံး ဖျက်ဆီးတာဟာ မှန်ကန်တဲ့ ပြဿနာဖြေရှင်းရေး နည်းလမ်းတစ်ခု မဟုတ်ပါဘူး” လို့ Myanmar Now ကို ပြောပါတယ်။

ရန်ကုန်အခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Women for the World ရဲ့ တာဝန်ခံ Van Liza က မြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒတွေ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေဟာ ချို့တဲ့နွမ်းပါးသူတွေအတွက် ပံ့ပိုးကူညီမှုမဖြစ်သေးဘူး။ ဒီစီမံကိန်းတွေဟာ ဘယ်သူတွေအတွက် ရည်ရွယ်သလဲ၊ ငွေကြေးဘယ်လောက်ပဲ တတ်နိုင်တဲ့သူအတွက် လုပ်ဆောင်တာလဲ လို့ လက်ရှိတန်ဖိုးနည်း အိမ်ရာများ အကောင်အထည်ဖော်နေမှုအပေါ် မေးခွန်းထုတ်ပါတယ်။

သူတို့အဖွဲ့က ရန်ကုန်ကျူးကျော်ရပ်ကွက်တစ်ခုမှာ ဝိုင်ကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့စနစ်ကို စမ်းသပ်လုပ်ဆောင်နေတာပါ။ အိမ်ပြင်ဖို့ လိုအပ်တဲ့သူတွေအတွက် အတိုးနည်းနည်းနဲ့ ငွေချေးပါတယ်။

“စုပေါင်းချေးငွေစနစ်ဟာ ပြည်သူတွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအနေနဲ့ အိမ်တစ်လုံးကို အလကားလိုချင်တာမဟုတ်ပါဘူး။ သူတို့လိုချင်တာက ကိုယ်ပိုင်နေရာ လေးတစ်ခုပါ” လို့ Van Liza က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့စနစ်က ကျူးကျော်နေထိုင်သူတွေ ယာယီနေထိုင်ခွင့်၊ တရားဝင်နေခွင့် အသိအ မှတ်ပြုပေးပြီး အဲဒီနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးအစရှိတဲ့ အခြေခံအဆောက်အဦတွေကို စီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းကြောင့် အဲဒီနေရာမှာ နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ အိမ်တွေကို ပိုကောင်းအောင်၊ ပတ်ဝန်းကျင်ကို ပိုကောင်းလာအောင်လို့ လုပ်ဆောင်ကြမှာဖြစ်ကြောင်း UN-Habitat မှ Jack Finegan က ပြောပါတယ်။

“အဓိကအကြောင်းအရာကတော့ နေထိုင်ခွင့်ပါပဲ။ သူတို့တွေက နေရာတစ်ခုခုမှာ စိတ်ချလက်ချနေချင်တယ်၊ နွမ်းပါးနိမ့်ကျ တဲ့နေရာတွေကို အဲဒီမှာနေတဲ့သူတွေကိုယ်တိုင် ပိုမိုကောင်းမွန်အောင် လုပ်ခွင့်ပြုမယ်ဆိုရင် တကယ်တိုးတက်အောင်မြင်မှု ရရှိနိုင်ပါတယ်” လို့ ဖင်နဂန်က သုံးသပ်လိုက်ပါတယ်။ ။

ဖေဖော်ဝါရီ ၂၆ သတင်းများ

လွှတ်တော်တက်ရန် ပျက်ကွက်မှုအကြောင်း အစိုးရ ရှင်းလင်း
အစိုးရပိုင်းက လွှတ်တော်သို့  သွားရောက်ရှင်းလင်းမှု ရပ်ဆိုင်းလိုက်ရခြင်းမှာ အခြေခံဥပဒေတွင် အစိုးရအဖွဲ့က လွှတ်တော်သစ်ကို တာဝန်ခံခြင်း ရှိမရှိ တိတိကျကျပြဋ္ဌာန်းမထားသောကြောင့် ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကြာသပတေးနေ့တွင် ပြောသည်။   ရှမ်းပြည်နယ်ရှိ တိုက်ပွဲများ၊ အယ်လ်နီညို စသည့်ဖြစ်ရပ်များကမူ  အမျိုးသားအကျိုးစီးပွားနှင့် ဆက်စပ်နေသဖြင့် ဝန်ကြီး၊  ဒုဝန်ကြီးတို့က သွားရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။  (ကိုးကား - မြန်မာအလင်း)
ပင်လည်ဘူးတွင် တူမီးသေနတ် တစ်ရာကျော် ရဲစခန်းသို့ အပ်နှံ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ နယ်တွင် တူမီးသေနတ် တရားမဝင် ကိုင်ဆောင်မှုမရှိစေရေးအတွက် အာဏာပိုင်တို့က ဖေဖော်ဝါရီ ၂ဝတွင်  နှိုးဆော်ရာ သုံးရက်အတွင်း တူမီးသေနတ် ၁ဝ၇ လက် ရဲစခန်းတွင် လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။ နောက်ဆုံးထားအပ်နှံရမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိဟု ဒေသခံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
ကချင်ဒေသဘိန်းခင်းဖျက်အဖွဲ့ တိုက်ခိုက်ခံရ၊ ၃၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဆဒုံးနှင့် ကန်ပိုက်တီး ဒေသတို့တွင် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးသည့် အဖွဲ့ကို လက်နက်ကိုင်ဆောင်ထားသူများက   ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့သဖြင့်   ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းသိရသည်။ မြစ်ကြီးနားဒေသခံ အများအပြားက  အစိုးရကို ဘိန်းခင်းဖျက်အဖွဲ့အတွက် အကာအကွယ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။   (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၂၅ သတင်းများ

မတ် ၃ဝ တွင် သမ္မတတာဝန်လွှဲပေးရန် အစိုးရ အသင့်ဖြစ်နေ
လက်ရှိအစိုးရသက်တမ်းကုန်ဆုံးမည့် မတ်လ ၃ဝ ရက်နေ့တွင် သမ္မတတာဝန်ကို လွှဲပြောင်းရန်သဘောတူထားပြီး အလွှဲအပြောင်းအတွက်  အစိုးရဘက်က အသင့်ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အသွင်ကူးပြောင်းရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က ပြောသည်။
အစိုးရ၏ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အ ထောက်အကူပြုကော်မတီနှင့်   တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးအပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပြီး အခမ်းအနားအတွက် နေရာသတ်မှတ်ချက်ကို အတည်မပြုရသေးဟု သူက ဆက်ပြောသည်။
အစိုးရဘက်ကသတင်းထုတ်ပြန်ရာတွင်မူ သမ္မတအိမ်တော်တွင် ကျင်းပမည့် တာဝန်လွှဲပြောင်းသည့် အခမ်းအနား လျာထားချက်များကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)
ကချင်ဒေသ ဘိန်းစိုက်သူမှာ နိုင်ငံခြားသားများဖြစ်နေ
ကချင်ပြည်နယ်တွင် ဒေသခံလူထု သွားရောက်ဖျက်ဆီးရန် ကြိုးစားနေသည့် ဘိန်းခင်းဧကတစ်သောင်းကျော်မှာ အခြား နိုင်ငံသားများက လာရောက်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊   မြန်မာ-တရုတ်နယ်စပ်ရှိ ထိုစိုက်ခင်းများ ဖျက်ဆီးမည့်သူတို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရကြောင်း   ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂမ်ဇယ်ဂျုံးက ဖေဖော်ဝါရီ ၂၄  ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြသည်။
ဘိန်းခင်းဖျက်မည့်ဒေသခံတို့ကို အကာအကွယ် ပေးရေးအတွက် အစိုးရက အမြန် ဆုံးဆောင်ရွက်ပေးရန်လည်း သူက လွှတ်တော်တွင် အဆိုတင်လိုက်သည်။ (ကိုးကား - The Voice Daily)
မြန်မာ့လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝေဖန်
နိုဝင်ဘာရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်သည့် ၂ဝ၁၅ ခုနှစ်အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၁၅  တွင် လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ် ဖိနှိပ်ကန့်သတ်မှု ပိုမိုများပြားကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်း ချခံရသူ ၁ဝဝ နီးပါးရှိကြောင်း၊ လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ရပ်တန့်မည့်လမ်း မမြင်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွင် နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ထိုအဖွဲ့၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသရုံး ယာယီညွှန်မှူး Champa Petal က ပြောသည်။ (ကိုးကား - The Eleven Daily)

ဖေဖော်ဝါရီ ၂၄ သတင်းများ

တာချီလိတ်တွင် စိတ်ကြွဆေး ၆၃ သိန်း ဖမ်းမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ပါခုတ်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် သဲကျောက်တင်ကားတစ်စီးကို  အင်္ဂါနေ့က ရပ်တန့်ရှာဖွေရာ သိုဝှက်တင်ဆောင်လာသော စိတ်ကြွဆေးပြား အရေအတွက် ၆၃ သိန်း တွေ့ရှိရပြီး ယာဉ်မောင်းနှင့် အဖော်ဖြစ်သူကို ထိန်းသိမ်းလိုက်သည်ဟု တာချီလိတ်မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရသည်။ ထိုမူးယစ်ဆေးမှာ နိုင်ငံတွင်း ဒုတိယမြောက် အများဆုံး သိမ်းဆည်းရမိသည့် ပမာဏဖြစ်ပြီး ကာလတန်ဘိုးငွေ ကျပ်သန်းပေါင်း ၁၅,၇၅ဝ ခန့် ရှိမည်ဟု ဆိုသည်။
ယမန်နှစ်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ၂၆ သန်း သိမ်းဆည်းရမိခဲ့သည်။ (ကိုးကား - မြန်မာ့အလင်း)
ကျိုင်းတုံထောင်တွင် ၂ လအတွင်း မူးယစ်ဆေး ၁၄ ကြိမ် ဖမ်းမိ
မူးယစ်မှုဖြင့် ထိန်းသိမ်းခံရသူအများအပြားရှိသည့် ရှမ်းပြည်နယ်၊ ကျိုင်းတုံထောင်ကို စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ ၂၁ အတွင်း မူးယစ်ဆေး ၁၄ ကြိမ် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံရဲတပ်ဖွဲ့က ပြောသည်။ အရာရှိ ၁ ဦးအပါအဝင် ထောင်ဝန်ထမ်း ၃ ဦးကို စစ်ဆေးနေသည်ဟု ဆိုသည်။    (ကိုးကား - The Voice Daily)

ကချင်ဒေသ၊ ပန်ဝါတွင် ပေါက်ကွဲမှုကြီးဖြစ်၊ ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် အင်္ဂါနေ့က ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့်  အိမ်များ ပျက်စီးကာ လူတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရကြောင်း ကနဦးသတင်းများအရ သိရသည်။ ပေါက်ကွဲရသည့် အကြောင်းရင်းကို မသိရသေးပေ။ (ကိုးကား - မြန်မာ့အလင်း)

ဖေဖော်ဝါရီ ၂၃ သတင်းများ

သူပုန်အဖွဲ့ ၂ ခု နယ်မြေကျော်၊ လူဖမ်းဟု တပ်မတော် စွပ်စွဲ
အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သည့် သူပုန်အဖွဲ့ ၂ ဖွဲ့၏ လုပ်ရပ်တချို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်သဖြင့် ညှိနှိုင်း အဖြေရှာ ဆောင်ရွက်သွားမည်ဟု  ဖေဖော်ဝါရီ ၂၂ က ရန်ကုန်တွင် ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ RCSS/SSA က  နယ်မြေကျော်လွန်လှုပ်ရှားခြင်း၊ KNU က ဒေသခံများကို ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။  (ကိုးကား - Daily Eleven)
ရေသယ်ကားကြိတ်မိပြီး သေဆုံးသူ ကလေးအတွက် လျော်ကြေး သိန်း ၇၁ဝ ပေး
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျောက်မျက်တူးဖော် ရေးကုမ္ပဏီတစ်ခု၏ ရေသယ်ယာဉ် ကြိတ်မိပြီး သေဆုံးသူ တစ်နှစ်လေးလအရွယ် ကလေးအတွက် ကုမ္ပဏီက ကလေးမိဘများကို ကျပ်သိန်း ၇၁ဝ လျော်ကြေးပေးခဲ့ကြောင်း သိရသည်။ ထိုအမှုကို  ရဲစခန်းတွင် တိုင်ကြားခြင်းမရှိဘဲ ကချင်ရိုးရာနည်းအတိုင်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ (ကိုးကား - Daily Eleven)

ကော့ကရိတ်မြို့အနီးတိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်
ဒီကေဘီအေခွဲထွက်အဖွဲ့ ခြေကုတ်ယူထားသည့် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံတို့ ထွက်ပြေးနေရပြီး မြို့နယ်အတွင်း  ပျားပင်ရွာရှိ မူလတန်းကျောင်းသားများကို အခြားကျေးရွာတစ်ခုသို့ နေရာပြောင်းရွှေ့ စာမေးပွဲဖြေဆိုရန် စီစဉ်ထားကြောင်း ကရင်ပြည်နယ် ပညာရေးမှူးဦးအောင်မင်းကပြောသည်။
ထိုအဖွဲ့သည် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၂၂ သတင်းများ

သစ်တောစိုက်ခင်းပိုးကျမှု ပိုဆိုးလာ
 ရာသီဥတု ပြောင်းလဲခြင်း၊ မျိုးစိတ်တစ်ခုတည်းကို မြောက်မြားစွာ စိုက်ပျိုးခြင်းတို့ကြောင့် သစ်တောစိုက်ခင်းများ  ပိုးမွှားအန္တရာယ်ကျရောက်မှုသည် ယခင်နှစ်များထက် ပိုမိုဆိုးရွားလာနေကြောင်း သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ဦးက ပြောသည်။
ညွှန့်စားပိုး၊ ရွက်စားပိုး၊ ပင်စည်ဖောက်ပိုးများကျရောက်နေမှု  ပြဿနာကို ဖြေရှင်းရန်မှာ ရာသီဥတုဒဏ်ခံနိုင်သည့် သဘာဝသစ်တောများကဲ့သို့ သစ်မျိုးစုံ ရောနှောစိုက်ပျိုးခြင်းပင်ဖြစ်ကြောင်း သစ်တောပညာရှင်များက အကြံပြုထားသည်။ (ကိုးကား - 7Day Daily)
၅၉(စ) ထောက်ခံဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူနိုင်ရေး အဟန့်အတားဖြစ်နေသည့် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဆက်လက်တည် ရှိရေးအတွက် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဖေဖော်ဝါရီ ၂၈ ၌ ထောက်ခံ ဆန္ဒပြရန် စီစဉ်နေသည်ဟု အမျိုးဘာသာ သာသနာ စောင့်ရောက်ရေးအဖွဲ့ဝင်များနှင့် စုစည်းထားသည့် မြန်မာအမျိုးသားရေး ကွန်ရက်အဖွဲ့မှ ဦးဝင်းကိုကိုလတ်က ပြောသည်။
ထိုပုဒ်မနှင့် ပတ်သက်ပြီး   ပြင်လိုသူနှင့် မပြင်လိုသူတို့၏ အငြင်းပွားမှုကို အင်တာနက် လူမှုကွန်ရက်များတွင် တွေ့မြင်နေရပြီး မဘသအဖွဲ့ အထင်ကရ ဆရာတော်   ဦးပါမောက္ခက  တိုင်းပြည်ကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုကြောင်း မိန့်ကြားထားသည်။  (ကိုးကား - 7Day Daily)

ဝန်ထမ်း ၄ ဦးကို မေးခွန်းပေါက်ကြားမှုဖြင့် အရေးယူ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် စတုတ္ထတန်း၊ အဋ္ဌမတန်း အတန်းတင်စာမေးပွဲ မေးခွန်းများ စာမေးပွဲရက်မတိုင်ခင် ပေါက်ကြားမှုဖြင့် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၄ ဦးကို   ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပ ဒေ ၅(၁)/ (က)(ဂ) တို့ဖြင့် အမှုဖွင့်ထားကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဦးမင်းဟန်က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင်ပြောသည်။ (ကိုးကား - Daily Eleven)

ဖေဖော်ဝါရီ ၁၉ သတင်းများ

ချင်းတောင်တန်းတွင် ကျောင်း ၅ဝ ဆောက်ရန် အကူအညီလိုအပ်
သဘာဝဘေးဒဏ် ခြိမ်းခြောက်ခံနေရသည့် ချင်းပြည်နယ်တွင် စာသင်ကျောင်း ၅ဝ ခန့် တည်ဆောက်ရန် လိုအပ်နေသည်ဟု ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။
မကြာသေးခင်က ဒေသတွင်း မြေပြိုမှုတွင် တိုက်ရိုက်မထိခိုက်သော ရွာအချို့သည် လာမည့်မိုးတွင်းကာလတွင် မြေပြိုမှုအန္တရာယ်ရှိသဖြင့် မဖြစ်မနေ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း သဘာဝဘေးသင့်ရွာဟု သတ်မှတ်ခြင်း မခံရသဖြင့် ကျောင်းဆောက်ရေး အခက်တွေ့နေကြောင်း သူက ဆက်ပြောသည်။
ပြည်နယ်အနှံ့ ပျက်စီးသွားသည့် ကျောင်းများထဲမှ ၈ဝ ရာခိုင်နှုန်းကို ပြန်လည် တည်ဆောက်ပြီးဖြစ်သည်ဟု သိရသည်။ (ကိုးကား - 7Day Daily)
ဆိုရှယ်မီဒီယာဝေဖန်ချက်ကို လွှတ်တော် တုံ့ပြန်
 အမတ်များသင်တန်းတက်ခြင်းကို အင်တာနက်လူမှုကွန်ရက်တွင် အပြုသဘောမဆန်သည့် ဝေဖန်ရေးသားခြင်းသည် နိုင်ငံ၊ လွှတ်တော်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန် သတိပေးလိုက်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ သင်တန်းအတွက် ပူးပေါင်းကူညီပံ့ပိုးမှုများကို ထိခိုက်စေသည့် အရေးအသားများ ဖြစ်သည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာ့အလင်း)

ရခိုင်စစ်ဘေးရှောင်ကျောင်းသား ၃ဝ ကျော် နီးစပ်ရာကျောင်းသို့ တက်ရောက်
 ပြီးခဲ့သည့်လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသ တိုက်ပွဲများကြောင့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များရှိ ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်နေရသော မူလတန်း၊ အလယ်တန်း ကျောင်းသား ၃ဝ ကျော်သည်   နီးစပ်ရာကျေးရွာများတွင် ကျောင်းတက်နေပြီး စာမေးပွဲ ဖြေဆိုလျက်ရှိသည်။  စခန်းသုံးခုသို့ ရောက်လာသူ စစ်ရှောင် ဒုက္ခသည်  ၂၅ဝ ခန့် ရှိကြောင်း သိရသည်။ (ကိုးကား - Democracy Today)

ဖေဖော်ဝါရီ ၁၈ သတင်းများ

လက်ပံတောင်းဒေသ ကြေးနီထုတ်လုပ်မှု  မေလတွင် စတင်ဖွယ်ရှိ
လက်ပံတောင်းဒေသ ကြေးနီထုတ်လုပ်မှုကို  မေလတွင် စတင်နိုင်ရန် လုပ်ဆောင်နေကြောင်း   မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Dong Yunfei က  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။
ကြေးနီတူးဖော်ရေးစီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ တစ်နှစ်လျှင်  ဒေါ်လာ သန်း ၂ဝဝ ကျော် ရရှိနိုင်မည့် ထိုစီမံကိန်းမှ ထွက်လာမည့်   စွန့်ပစ်ကျောက်၊  အက်ဆစ်ပျော်ရည်တို့ကြောင့်  စီမံကိန်း ဧရိယာအတွင်း  ပတ်ဝန်းကျင်ပျက်စီးမှု အကြီးအကျယ် ဖြစ်နိုင်ကြောင်း သိရသည်။  (ကိုးကား - Daily Eleven)
မြန်မာနှင့်ကိုက်ညီသည့် ဒီမိုကရေစီ လိုအပ်ဟု ကာချုပ်ပြော
နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီ ခိုင်မာလာစေရန်  မြန်မာ့တပ်မတော်က လုပ်ဆောင်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    အီတလီသံအမတ်ကြီး   Mr. Pier Giorgio ALIBERTI နှင့်   ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
အစိုးရသစ်လက်ထက် နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး သံအမတ်ကြီး၏ မေးမြန်းချက်ကို ဖြေကြားစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။  (ကိုးကား - မြန်မာ့အလင်း)
မြန်မာအလုပ်သမားများ ထိုင်းဗီဇာသက်တမ်းတိုးခွင့် ကနဦး သဘောတူညီချက် ရရှိ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ နေထိုင်အလုပ်လုပ်ခွင့် ဗီဇာ၎ နှစ် နှင့် ၆ နှစ် သက်တမ်းပြည့်သွားပြီးနောက်ပိုင်း  ဗီဇာသက်တမ်းတိုးနိုင်မည့် အစီအစဉ်ကို စနေနေ့က ပြီးစီးသွားသည့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးတွင် ကနဦးသဘောတူညီချက် ရသွားကြောင်း သိရသည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့က ၎င်းတို့၏အစိုးရထံ အစည်းအဝေး ရလဒ် တင်ပြပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု  အလုပ်သမားညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ထိုင်းတွင် ၂ နှစ်နေထိုင်ခွင့်ရ  မြန်မာလုပ်သား ၄ သိန်းကျော်ရှိပြီး ဗီဇာသက်တမ်းလွန် လုပ်သား ၁ သိန်းကျော်ရှိကြောင်း အလုပ်သမားဦးစီးဌာနထံမှ  သိရသည်။ (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၁၇ သတင်းများ

ဘိန်းခင်းဖျက်ဆီးမှုရပ်ထားရန် ကချင်ပြည်နယ်အစိုးရ ညွှန်ကြား
ဒေသတွင်း ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၆ တွင် လာရောက် တားဆီးခဲ့ကြောင်း ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးတူးရော်က ပြောသည်။ အစိုးရ၏ ရပ်တည်ချက်သည် မူးယစ်ရာဇာများဘက်တွင်မဟုတ်ဘဲ လူထုဘက်တွင် ရှိစေလိုကြောင်း ဦးတူးရော်က ပြောသည်။
ပြည်နယ်အစိုးရက ဟန့်တားခြင်းမှာ ဘိန်းစိုက်သူများနှင့် ဘိန်းခင်းဖျက်သူများကြား သွေးထွက်သံယိုမှု ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
နေပြည်တော်ဟိုတယ် ၁ဝ ခု ပါတီလှုပ်ရှားမှု လက်ခံခွင့်မရှိ
အစိုးရဘဏ် ချေးငွေဖြင့် ဖွင့်လှစ်ထားသော နေပြည်တော်ရှိဟိုတယ်များ ငွေပြန်မဆပ်နိုင်သေးသည့် ကာလတွင် နိုင်ငံရေးပါတီ အစည်းအဝေး လက်ခံခြင်း မပြုရန် နေပြည်တော်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ညွှန်ကြားလိုက်သည်။
ရွေစံအိမ်ဟိုတယ်တွင် မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ပြီးနောက်ပိုင်း ဤညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ (ကိုးကား - 7Day Daily)

ရန်ကုန်လမ်းဘေးဈေးသည် ၁,၉ဝဝ ကျော် တရားစွဲခံရ
လက်ရှိဘဏ္ဍာရေးနှစ်တွင် တရားစွဲ အရေးယူထားသည့် စည်းကမ်းမဲ့ ပျံကျဈေးသည် အရေအတွက် ၁,၉ဝဝ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ပျံကျဈေးသည်များထဲမှ စည်းကမ်းမဲ့ရောင်းချနေသူများကိုသာ အရေးယူခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှု အကြောင်းရင်းများထဲတွင် ပျံကျဈေးသည်များ၏ စည်းကမ်းမဲ့မှုလည်း ပါဝင်ကြောင်း ၎င်းကပြောသည်။ (ကိုးကား - The Voice Daily)

ဖေဖော်ဝါရီ ၁၆ သတင်းများ

သူပုန်အဖွဲ့ချင်းတိုက်ပွဲများကြောင့် အရပ်သားသုံးထောင်ကျော် ထွက်ပြေးရ
ဖေဖော်ဝါရီလဆန်းပိုင်းက  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ ရောက်လာသော စစ်ဘေးဒုက္ခသည် ၃,ဝဝဝ ကျော် ရှိလာသည်ဟု သိရသည်။
နှစ်ဘက်တိုက်ပွဲများ ၂ဝ၁၅ နိုဝင်ဘာလတွင် စတင် ဖြစ်ပွားခဲ့ပြီး လဆန်းပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ အပစ်ရပ်ရေး၊ ဒုက္ခသည်ကူညီရေးတို့အတွက် ရှမ်းနိုင်ငံရေးအဖွဲ့များက RCSS/SSA ခေါင်းဆောင်နှင့် ဆွေးနွေးညှိနှိုင်းပွဲကို တနင်္လာနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။ (ကိုးကား -  Daily Eleven)
မြူထူထပ်မှုကြောင့် ရန်ကုန်လေဆိပ် ၃ ရက် အချိန်ပိုင်းပိတ်
သောကြာနေ့မှ တနင်္ဂနွေနေ့အတွင်း နံနက်ပိုင်း မြူထူထပ်စွာကျဆင်းမှုကြောင့် ရန်ကုန်လေဆိပ်ကို ယာယီပိတ်ရသဖြင့် လေကြောင်းခရီးစဉ်တချို့ အချိန် အနည်းငယ်နောက်ကျမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်လေဆိပ်လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယခုကာလတွင် မြူကျတတ်ပြီး မြင်ကွင်းရှင်းလင်းမှု မရှိပါက လေယာဉ်အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်တွေ့တတ်သည်ဟု လေဆိပ်အရာရှိတစ်ဦးက ပြောသည်။  (ကိုးကား -  Daily Eleven)
မဲဆောက်-မြဝတီတံတားပေါ်တွင်  စုံတွဲ ၁ဝ တွဲ လက်ထပ်
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီတံတားပေါ်တွင် ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် စုံတွဲ ၁ဝ တွဲကို လက်ထပ်ပေးလိုက်ကြောင်း မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။
လက်ထပ်သူများတွင် ဆယ်ကျော်သက်အရွယ်မဟုတ်သော ထိုင်းစုံတွဲများ  ပါဝင်ကြောင်း၊ မြန်မာစုံတွဲများ ပါဝင်ဆင်နွဲခြင်း မရှိကြောင်း သိရသည်။ (ကိုးကား - The Voice)

ဖေဖော်ဝါရီ ၁၅ သတင်းများ

ကြက်ခြေနီအသင်းတွင် အမျိုးသမီးဦးဆောင်မှု ပါဝင်ရေး ဆောင်ရွက်မည်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆုံးဖြတ်ချက်ပေးရသည့် ကဏ္ဍတွင် အမျိုးသမီးများ၊ လူငယ်များ ပိုမို ပါဝင်လာရန် စတင်လုပ်ဆောင်သွားမည်ဟု အသင်းဥက္ကဋ္ဌ ဒေါက်တာလှရွှေက ပြောသည်။
ထို့ပြင် ကြက်ခြေနီလုပ်ငန်းများတွင် မသန်စွမ်းများ ပိုမို ပါဝင်လာရေးကိုလည်း ဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - Daily Eleven)

ဖားကန့်သပိတ်စခန်းကြောင့် ကျောက်စိမ်းကုမ္ပဏီတချို့ လုပ်ငန်းရပ်
 ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် မြေသယ်ယာဉ်ကြီးများ ဖြတ်သန်းခြင်း မပြုနိုင်ရန် ဒေသခံများက စနေနေ့တွင် သပိတ်စခန်းတစ်ခု ဖွင့်ပြီး လမ်းပိတ် ဟန့်တားလျက်ရှိသောကြောင့် တူးဖော်ရေးလုပ်ငန်းတချို့ ရပ်ဆိုင်းထားရသည်။
သဘာဝပတ်ဝန်းကျင် အလွန်အကျွံဖျက်ဆီးမှု၊ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင် မြေစာသွန်ကားများ စည်းကမ်းမဲ့မှုကို  ကန့်ကွက်နေသော ဆိပ်မူ နှင့် ရွာဟောင်းကျေးရွာ ဒေသခံတို့က  ကုမ္ပဏီများ၊ အာဏာပိုင်များကို ညှိနှိုင်းရန် စောင့်ဆိုင်းနေကြောင်း၊ ၎င်းတို့၏တောင်းဆိုချက်ကို  လိုက်လျောလျှင် သပိတ်စခန်း ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ (ကိုးကား - 7Day Daily)
မျိုးသုန်းပျောက်ကွယ်လုေ ရဘဲခေါင်းစိမ်း တံတားဦးတွင် တွေ့ရှိ
မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရေဘဲခေါင်းစိမ်း ၁၂ ကောင် ကောင်ကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် တွေ့ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းမှ ဒေါ်သီရိဒေဝီအောင်က ပြောသည်။
တွေ့ရှိချက်ကို နိုင်ငံတကာ ရေဘဲခေါင်းစိမ်း ထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြပြီး အဆိုပါ ဆောင်းခိုငှက်မျိုးစိတ် ကျက်စားရာဒေသအဖြစ် အမည်စာရင်း တင်သွင်းမည်ဟု သူက ဆက်ပြောသည်။ ကမ္ဘာပေါ်တွင် ရေဘဲခေါင်းစိမ်း အရေအတွက် ၁၅ဝ မှ  ၇ဝဝ အတွင်း ရှိသည်ဟု သုတေသီတို့က ခန့်မှန်းထားသည်။ (ကိုးကား - The Voice Daily)

တိုင်းဒေသကြီးလွှတ်တော်ထဲက အသံများ


ထက်ခေါင်လင်း၊ ဖြိုးသီဟချို၊ အိချယ်ရီအောင်

ရန်ကုန် နှင့် ပုသိမ် (Myanmar Now) − ပြန်လည် စတင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်အသစ်တွေ ပါဝင်သလို လွှတ်တော်အတွေ့အကြုံရှိပြီးသူတွေလည်း ပါပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို တက်ရောက်နေသူတွေထဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကို ကိုယ်စားပြုသူတချို့၊ တပ်မတော်သားကိုယ်စားလှယ် တချို့ ပြောပြထားတဲ့ အတွေ့အကြုံ၊ အယူအဆ၊ မျှော်လင့်ချက်တွေအကြောင်း ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။



ဒေါ်ခင်စောမူ၊ ပြည်ခိုင်ဖြိုး
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မဲဆန္ဒနယ် ၂

အင်အားကြီးလို့လည်း အင်အားနည်းတဲ့အပေါ်မှာ ကြီးနိုင်ငယ်ညှင်းမရှိခဲ့သလို၊ အင်အားနည်းလို့လည်း စိတ်အားငယ်တာမျိုးလည်း မရှိပါဘူး။ ရည်ရွယ်ချက်တူတယ်လို့ပဲ ယူဆထားပါတယ်။

ဝန်ကြီးနေရာအတွက်တော့ မမျှော်လင့်ထားပါဘူး။ ကိုယ့်ဒေသအတွက် အကျိုးစီးပွားကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် ဘယ်လိုတာဝန်တွေပဲပေးလာလာ ဆောင်ရွက်သွားမယ်။

အားလုံး သိကြတဲ့အတိုင်း (ပါတီအဖြစ် အသွင်မပြောင်းခင်က) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဆိုတာဟာ လူမှုရေးလုပ်ငန်းတွေကို အခြေခံပြီးတော့ ဆောင်ရွက်ခဲ့တာ။ ဒီလို ဆောင်ရွက်ရင်းနဲ့ နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာပါ။


ဒေါက်တာထိန်ဝင်း၊ ပြည်ခိုင်ဖြိုး
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မဲဆန္ဒနယ် ၁

နိုင်ငံရေးဆိုတာ ခံစားချက်နဲ့လုပ်ရတာ မဟုတ်ဘူး။ ယုံကြည်ချက်နဲ့ လုပ်ရတာပါ။ ဒုတိယအကြိမ်လွှတ်တော်က ပြည်သူ့အကျိုးကို ပိုပြီးတော့ ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးဆိုတာကတော့ ဒီလိုပဲ ၅နှစ်တစ်ကြိမ် အလှည့်အပြောင်းတော့ ရှိပါတယ်။



မန်းဂျော်နီ၊ NLD
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မဲဆန္ဒနယ် ၂

ဝန်ကြီးချုပ်ရာထူးပေးရင်လည်း ဆောင်ရွက်သွားမှာပေါ့။ မပေးလည်း ဝမ်းနည်းတာမျိုးလည်း မရှိပါဘူး။ ချတဲ့နေရာမှာ အဆင်သင့်နေဖို့ပါပဲ။ (ဝန်ကြီးချုပ်ဖြစ်ခဲ့ရင်တော့) တိုင်းဒေသကြီးမှာ ရှိတဲ့ ဝန်ကြီးဋ္ဌာနတွေ ဖြုတ်သင့်တဲ့ဟာတွေကို ဖြုတ်မှာပါပဲ၊ တိုးသင့်တဲ့ဟာတွေကိုတော့ တိုးမှာပါပဲ။ သတ္တိရှိရှိတော့လုပ်မှာပဲ။

အခြေခံဥပဒေမှာ ပေးထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်၊ အစိုးရအဖွဲ့တွေရဲ့ ရပိုင်ခွင့်တွေဟာလည်း လုံလောက်မှု မရှိပါဘူး။


ဦးတင်စော၊ NLD
ဧရာဝတီတိုင်းဒေသကြီး
(ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် လျာထားခံရသူ)

ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်နဲ့ ရခိုင်က အများဆုံးရှိပါတယ်။ တစ်တိုင်းလုံးအတွက် ပြိုင်ရတာပါ၊ ငပုတောဘက်ကတော့ မဲအများဆုံးရခဲ့ပါတယ်။ ကိုယ့်လူမျိုးတွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်ပေးဖို့ပဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ တိုင်းရင်းသားရေးရာဝန်ကြီးရာထူးအတွက်ကတော့ သေချာသလောက်တော့ ရှိနေပါပြီ။

လယ်သိမ်း၊ ယာသိမ်း အချက်အလက်တွေ ဘာမှ သေသေချာချာ မသိရသေးဘူး။ နောက်ပိုင်းမှ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားရမှာပါ။



ဒေါ်လှမြတ်သွေး၊ NLD
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မဲဆန္ဒနယ် ၂

လယ်ယာမြေကိစ္စ အကောင်းဆုံး ဘယ်လိုဖြေရှင်း ညှိနှိုင်းသွားရမလဲလို့ စဉ်းစားထားပါတယ်။ ရေကြည် (မြို့နယ်အတွင်း) မှာ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ၅ ရာခိုင်နှုန်း လောက်တောင် (ပြန်) မရခဲ့ပါဘူး၊ ဥပဒေထဲမှာ မပါတဲ့ ညွှန်ကြားချက်တွေကြောင့် မရတာ များပါတယ်၊ ဥပမာအားဖြင့်ဆိုရင် ၅နှစ်ဆက်တိုက် လုပ်တဲ့လူကို ပေးရမယ် ဆိုတဲ့ အချက်မျိုးပေါ့။



ဦးတင်ဝင်း၊ ပြည်ခိုင်ဖြိုး
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမဲဆန္ဒနယ် အမှတ် ၁

ရန်ကုန်တိုင်းမှာဆိုရင် ယာဉ်ကြောပိတ်မှု ပြဿနာ၊ ကျူးကျော်ပြဿနာတွေရှိနေတယ်။ မဖြေရှင်းဘဲ ဒီတိုင်းထားလို့ မရပါဘူး။ လက်ရှိကျူးကျော်ဖြေရှင်းမှုတွေက ဥပဒေအရဖြေရှင်းနေတာဖြစ်တဲ့အတွက် ဘာမှအထွေအထူးပြောစရာ မလိုပါဘူး။

ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းရဖို့ကို အဓိကထားမယ်။ လူတိုင်းမှာ အလုပ်ရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက လမ်းစပေါ်လာမှာပါ။

အာဏာကို ဗဟိုက မချုပ်ကိုင်ထားသင့်ပါဘူး။ တိုင်းနဲ့ပြည်နယ်ကလည်း လုပ်ပိုင်ခွင့် ရှိသင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပြောင်းရွှေ့ခွင့်တွေကို တိုင်းဒေသကြီးကို လုပ်ကိုင်ခွင့်ပေးဖို့ လိုပါတယ်။



ဦးအောင်နိုင်၊ ပြည်ခိုင်ဖြိုး
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမဲဆန္ဒနယ် ၂

ကိုကိုးကျွန်း မဲဆန္ဒနယ် ဆိုတာကလည်း ထူးခြားတဲ့နေရာ၊ ပြီးခဲ့တဲ့ သက်တမ်းတုန်းကလည်း ကျွန်တော်က ဒီနယ်ကိုယ်စားပြုပါတယ်၊ အခု ဒုတိယသက်တမ်းမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ ထပ်လုပ်ဦးမှာပါ။

NLD ဦးဆောင်တဲ့ လွှတ်တော်၊ အစိုးရကလည်း NLD ဦးဆောင်တဲ့အစိုးရ ဆိုပေမယ့် လွှတ်တော်မှာ ကျွန်တော်တို့လည်း ပါနေတဲ့အတွက် အပြန်လှန်ထိန်းကျောင်းနိုင်မယ်လို့တော့ ထင်တယ်။

ရန်ကုန်တိုင်းမှာ လမ်းပိတ်ဆို့နေတာတွေ၊ ကျူးကျော်တွေ၊ ဒါတွေကို လွှတ်တော်မှာ တင်ပြဖို့ ရှိပါတယ်။



ဗိုလ်မှူး ကျော်ဇင်ဦး၊ တပ်မတော်သားကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး

(လွှတ်တော်ထဲ) ဆုံးဖြတ်ကြတယ်၊ ကောင်းရာကောင်းကျိုးအတွက် ဆွေးနွေးကြတယ်၊ ဥပဒေတွေ ပြုကြတယ်၊ ဒါတွေက အမှတ်ရစရာပါပဲ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ပဲ လိုတယ်လေ။



ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ တပ်မတော်သားကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး
(လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး)

ဘယ်လိုကိစ္စရပ်တွေကို အဓိကဖြေရှင်းရမလဲဆိုတာက လာမယ့်အစိုးရရဲ့မူပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရွေးပြီးသွားရင်တော့ သူချလိုက်တဲ့မူအတိုင်း ကျွန်တော်တို့ဘက်က လုပ်ရမှာပေါ့။



ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားပါတီ
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်
(လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး)

များသောအားဖြင့် ဒီမိုကရက်တစ်အမတ်တွေဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဥပဒေနဲ့အညီ အားလုံး လုပ်သွားမယ်လို့ ပြောသွားတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ သူဆောင်ရွက်သွားမယ် ဆိုတော့ အရင်သက်တမ်းထက် ဒီသက်တမ်းက ပိုကောင်းလာလိမ့်မယ်၊ ပိုပြီးတော့ အစိုးရကို ထိန်းကျောင်းနိုင်လိမ့်မယ်လို့ ထင်တယ်။



ဦးတင်မောင်ထွန်း၊ NLD
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ

လူနည်းစုဖြစ်တဲ့ ကြံ့ခိုင်ရေးအမတ် ၃ ဦးဆိုတာကလည်း လွှတ်တော်ကိုယ်စားလှယ်တွေပဲလေ။ သူတို့လည်း နိုင်ငံသားပဲလေ။ နိုင်ငံတိုးတက်ဖို့အတွက် လုပ်မယ့်လူတွေပဲလေ။

လွှတ်တော်ဥက္ကဋ္ဌတာဝန်တွေကို အဟောင်းကနေ အသစ်ကို လွှဲပြောင်းယူရာမှာ အခုထိ ဘာမှအခက်အခဲမရှိပါဘူး။ ကျွန်တော်တာဝန်ယူမယ့် ၅ နှစ်တာအတွင်း ကိုယ့်တိုင်းပြည်၊ နိုင်ငံသားတွေ အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်သွားပါ့မယ်။ ။

ဖေဖော်ဝါရီ ၁၁ သတင်းများ

 မြိုင်၊ ရေစကြိုတို့တွင် သောက်သုံးရေ အခက်တွေ့
မကွေးတိုင်း မြိုင်၊ ရေစကြို စသည့်မြို့နယ်များရှိ ရေရှားပါးသည့် ကျေးလက်ဒေသများတွင်  အဝီစိတွင်းများ ရေမထွက်ခြင်း၊ ရေကန်များ ခန်းခြောက်လာခြင်းကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း  ဒေသခံများထံမှ သိရသည်။ ရေထွက်သည့် အနီးဆုံးကျေးရွာများမှ ဝယ်ယူနေရကြောင်း၊ ပခုက္ကူမြို့ လူမှုရေးအသင်းများ၏ ရေသယ်ကားများလည်း လာရောက် လှူဒါန်းကြောင်း သိရသည်။   မြိုင်မြို့နယ်အတွင်း ကျေးရွာများတွင် စက်ရေတွင်းတူးလျှင် မြေအောက်အနက် ပေ ၆ဝဝ မှ ပေ ၁,ဝဝဝ ခန့်အထိ တူးဖော်ရသည်ဟု ဆိုသည်။  (ကိုးကား - Daily Eleven)
ဆရာဝန်ထောက်ခံစာမပြနိုင်သဖြင့် ဦးဂမ္ဘီရ အာမခံ မရ
ထိုင်းမြန်မာနယ်စပ်ကို တရားမဝင် ဖြတ်ကျော်မှုဖြင့် တရားရင်ဆိုင်နေရသည့် ရွှေဝါရောင်လှုပ်ရှားမှုခေါင်းဆောင် ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်က ပြင်ပတွင် ဆေးကုသမှု ခံယူရေးအတွက် အာမခံလျှောက်ထားခြင်းကို  မဟာအောင်မြေမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁ဝ ရက်နေ့တွင် ပယ်ချလိုက်သည်။
  အကျဉ်းထောင်ထဲတွင် ဆေးကုသခွင့်ရနေခြင်း၊  ပြင်ပအထူးကုဆေးခန်း ဆရာဝန်များနှင့် ပြသရန် လိုအပ်ကြောင်း ထောက်ခံစာမတင်သွင်းခဲ့ခြင်းတို့ကြောင့် ပယ်ချခြင်းဖြစ်ကြောင်း သိရသည်။ သူ၏ရှေ့နေက လာမည့်ရုံးချိန်းတွင် ထောက်ခံစာတင်သွင်းမည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven)
၎ နှစ်အတွင်း တပ်မတော် လေယာဉ် ၃ စင်း ပျက်ကျ
ဖေဖော်ဝါရီ ၁ဝ ရက်နေ့က နေပြည်တော်အနီး စမ်းသပ်မောင်းနှင်နေသော Beech-1900D  လေယာဉ်ပျက်ကျမှုတွင် လေယာဉ်တွင် ပါဝင်သူ တပ်မတော်သား ၅ ဦး သေဆုံးသွားသည်။
 ၂၀၁၄   ဇွန်လက  မကွေးတိုင်းတွင်  လေ့ကျင့်ပျံသန်းနေသော MiG 29 UB တိုက်လေယာဉ်  ပျက်ကျခဲ့ရာ လေယာဉ်မှူးမှာ လေထီးဖြင့်ခုန်ချနိုင်ခဲ့သည်။
၂၀၁၃   ဇန်န၀ါရီလက တပ်မတော်လေမှ Mi-35 ရဟတ်ယာဉ်တစ်စီး မြစ်ကြီးနားမြို့၊ တာလောကြီးကျေးရွာအနီး ပျက်ကျရာ ရဟတ်ယာဉ်တွင် လိုက်ပါသူ အရာရှိ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။   (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၁ဝ သတင်းများ

ရန်ကုန်တွင် စိတ်ကြွဆေး ၄ သိန်း ဖမ်းမိ
ရန်ကုန်၊ တာမွေမြို့နယ်တွင် နေထိုင်သည့် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ တနင်္လာနေ့ညက စိတ်ကြွဆေး ၄ သိန်း ဖမ်းမိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
မူးယစ်ဆေးဝယ်ယူသူဟန်ဆောင်ပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင် စောင့်ဆိုင်းစဉ် စိတ်ကြွဆေး ၁ သိန်း သိမ်းဆည်းရမိကြောင်း၊ ၎င်း၏ နေအိမ်ကို သွားရောက် ရှာဖွေရာ ဆေးပြား ၃ သိန်း နီးပါး ထပ်မံ သိမ်းဆည်း ရမိသည်ဟု ဆိုသည်။  (ကိုးကား - Daily Eleven)
ကရင်ပါတီ ၅ ခု ပေါင်းစည်းရန် စီစဉ်နေ
ကရင်တိုင်းရင်းသား ပါတီ ငါးခု တစ်နှစ်အတွင်းပေါင်းစည်းရေးကို   ဆောင်ရွက်နေသည်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောသည်။ ပါတီတစ်ခုလျှင် ခြောက်ဦးစီ ပါဝင်သည့် ကော်မတီဖွဲ့ကာ ပေါင်းစည်းရေးကို စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး လကုန်ပိုင်း ဘားအံမြို့တွင်  သုံးရက်ကြာ ဆွေးနွေးကြမည်ဟု သူက ဆိုသည်။ ကျန်ပါတီလေးခုမှာ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။ (ကိုးကား - Daily Eleven)
သမ္မတပေးသည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ဒုသမ္မတ ၂ ဦးနှင့် ဝန်ကြီးများရရှိ
အစိုးရ သက်တမ်း ကုန်ခါနီးတွင် ပေးအပ်သည့် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ဒုသမ္မတ ၂ ဦး၊ ဝန်ကြီး ၁၃ ဦး၊ ဒုဝန်ကြီး ၃ ဦးတို့ ချီးမြှင့်ခံရသည်။  ကာကွယ်ရေးဦးစီးချုပ်၊  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ရှေ့နေချုပ်၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌတို့လည်း ဆုရသူများထဲတွင် ပါဝင်သည်။   (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၉ သတင်းများ

ပဲခူးသို့ ရေပေးဝေသည့် ရေလှောင်ကန်တွင် ဝမ်းပျက်စေသည့်ပိုးမွှားတွေ့ရှိ
ပဲခူးမြို့သို့ ရေပေးဝေနေသည့် ကန်တော်ကြီးရေလှောင်ကန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေနိုင်သည့် ပိုးမွှား ပါဝင်နှုန်းမြင့်မားနေသည်ကို တွေ့ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ်တစ်ခုအတွင်း ဒေသခံတို့၏ တိုင်ကြားချက်ကြောင့် ပြီးခဲ့သည့်နှစ်က ရေလှောင်ကန်အတွင်း ရေနမူနာကို နေရာ ၅ နေရာမှ ရယူပြီး ကျန်းမာရေးဦးစီးဌာနတွင် ဓာတ်ခွဲ စမ်းသပ်ခဲ့သည်ဟု ဆိုသည်။ ရေအရည်အသွေးမှာ အလွန်အမင်း အန္တရာယ်မဖြစ်နိုင်သော်လည်း မိုးရေနှင့်အတူတိုက်စားလာသည့် မြေစာမှုန့်အနှစ်များနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါပိုးမွှားအန္တရာယ်ကြောင့် မိုးရာသီတွင် သောက်သုံးရန် မသင့်ဟု ကော်မတီအစီရင်ခံစာတွင် ရေးထားသည်။  (ကိုးကား - 7Day Daily)
ဒေါ်စုကိုလုပ်ကြံမည်ဟု ခြိမ်းခြောက်သူ NLD ရုံးသို့ သွားရောက်တောင်းပန်
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟု Facebook တွင် Ye Lwin Myint အမည်ဖြင့် ရေးသားခဲ့သူက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ ရောက်လာပြီး တောင်းပန်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူနိုင်ရေး အဟန့်အတား ဖြစ်နေသော အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လျှင် မှန်ပြောင်းတပ် ရိုင်ဖယ်သေနတ်ဖြင့် လုပ်ကြံလိုသည်ဟု  ဖေဖော်ဝါရီ ၃ ရက်နေ့က ရေးသားခဲ့သည်။ (ကိုးကား - 7Day Daily)
ရန်ကုန်ရှိကော်ဖီမစ်စက်ရုံများကို ရှောင်တခင်စစ်ဆေး
စနေနေ့က စတင်ပြီး ကော်ဖီမစ်ထုတ်လုပ်ရေးလုပ်ငန်းများအားလုံးကို  ရှောင်တခင် သွားရောက် စစ်ဆေးကာ ဓာတ်ခွဲစမ်းသပ်ရန် ကုန်ကြမ်း နမူနာများ ယူဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာဇင်ဇင်နွယ်က ပြောသည်။
တရားဝင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေသည့် ထိုစက်ရုံအားလုံး ရန်ကုန်တွင် တည်ရှိပြီး လူသုံးများသည့် ကော်ဖီမစ်ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှု တွေ့ရှိချက်ကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။  (ကိုးကား - Daily Eleven)

ဖေဖော်ဝါရီ ၈ သတင်းများ

သိန်းတစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ရန်ကုန်တွင်တွေ့ရှိ
 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း ရေစင်ကားမှတ်တိုင် အမှိုက်ပုံအနီးတွင် ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ “ပိုင်ရှင်မဲ့” စိတ်ကြွဆေးပြားထုပ်များကို  နယ်မြေခံရဲတပ်ဖွဲ့က သောကြာနေ့တွင် တွေ့ရှိသဖြင့်  သိမ်းဆည်းပြီး အမှုဖွင့် စုံစမ်းလျက်ရှိသည်။  (ကိုးကား - 7Day Daily)
ဒဂုံစီးတီးစီမံကိန်းဖျက်သိမ်းမှုတွင် အစားထိုးမြေပြန်ပေး
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံရေးကော်မရှင်က  ရွှေတိဂုံဘုရားအနီး တပ်နယ်မြေရှိ ဖျက်သိမ်းလိုက်သော ဒဂုံစီးတီးစီမံကိန်းမှ Marga Landmark ကုမ္ပဏီအတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားနှင့် ကံဘဲ့လမ်းထောင့်ရှိ မြေ ၁၇.၇၀ ဧကကို အစားထိုးမြေအဖြစ် ပေးအပ်ရန် သောကြာနေ့က ခွင့်ပြုလိုက်သည်။  ထိုနေရာသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင် မြေဖြစ်သည်။ (ကိုးကား - Daily Eleven)
တအာင်းသူပုန်နှင့် ရှမ်းသူပုန်များ တိုက်ပွဲဆက်ဖြစ်
အစိုးရနှင့်ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် တနင်္ဂနွေနေ့က ကျောက်မဲမြို့တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်သည်။ တိုက်ပွဲများနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသေးပေ။ (ကိုးကား -  The Voice)  

ဖေဖော်ဝါရီ ၅ သတင်းများ

ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု  တရုတ်ကုမ္ပဏီများနှင့် တွဲလုပ်မည်
ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခု အကောင်အထည်ဖော်ရန်  ယခုလဆန်းပိုင်းတွင်  တရုတ်ကုမ္ပဏီများနှင့် သဘောတူညီထားကြောင်း လျှပ်စစ်ဝန်ကြီးဌာန ထံမှ သိရသည်။
စီမံကိန်းများသည် နန့်ပလွေ၊ နန့်မ၊ ရွှေလီ စသည့် မြစ်များ အထူးသဖြင့် သံလွင်မြစ်ပေါ်တွင် တည်ရှိမည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)

မြေမြုပ်မိုင်းရှင်းရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့များ စောင့်ဆိုင်းနေ
အစိုးရက သူပုန်အဖွဲ့များထဲမှ ၈ ဖွဲ့နှင့်  အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးသော်လည်း မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်း စတင်နိုင်ခြင်း မရှိသေးကြောင်း မိုင်းဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့သော ငြိမ်းချမ်းမြန်မာကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန့်စင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း ရုံးခန်းဖွင့် အခြေစိုက်ထားပြီဖြစ်သော မိုင်းရှင်းလင်းရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတချို့လည်း အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။  (ကိုးကား - Daily Eleven)

မလေးမှ ပြန်လွတ်လာသူအရေအတွက် ပြီးခဲ့သည့်နှစ်တွင် ငါးထောင်ကျော်ရှိ

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အထိန်းသိမ်းခံထားရသူ  မြန်မာနိုင်ငံသားများထဲမှ ပြီးခဲ့သည့်နှစ်အတွင်း နေရပ်ရင်း ပြန်လွှတ်ပေးသည့် အရေအတွက်မှာ ငါးထောင်ကျော် ရှိကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက သတင်း ထုတ်ပြန်သည်။ (ကိုးကား - 7Day Daily)

ဖေဖော်ဝါရီ ၄ သတင်းများ

သင်တန်းသားချင်းနှိပ်စက်မှု Facebook ရုပ်သံဖိုင်ကို တပ်မတော် စစ်ဆေးနေ
ဖေဖော်ဝါရီ မှ စတင်ပြီး    Facebook တွင် ပျံ့နှံ့နေသော  တပ်မတော်သင်တန်းသားအချင်းချင်း ထိုးကြိတ်အပစ်ပေးနေပုံ ရုပ်သံဖိုင်ကို စစ်ဆေးနေပြီး ဖြစ်စဉ်  မှန်ကန်နေပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်တော်(ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ ဗိုလ်မှူးကြီး မြတ်မင်းဦးက ပြောသည်။
အကြီးတန်းသင်တန်းသားများဟု ယူဆရသူတချို့က အခြားသော သင်တန်းသားများကို အကြိမ်ပေါင်းများစွာ ထိုးကြိတ်၊ ကန်ကျောက်နေပုံကို ရုပ်သံတွင် မှတ်တမ်းတင် ရိုက်ကူးထားသည်။ (ကိုးကား -7Day Daily)

ကချင်ပြည်နယ်တွင် ဇန်န၀ါရီလအတွင်း မိုင်းပေါက်ကွဲမှု ၅ ကြိမ်ဖြစ်
ကချင်ပြည်နယ်တွင်  ဇန်န၀ါရီလအတွင်း မိုင်းပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားသောကြောင့် ၇ ဦး ဒဏ်ရာရသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။
စစ်ရေးတင်းမာစဉ် စစ်ကြောင်းနှင့်ဆိုင်သော လမ်းများ၊ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် မိုင်း ပေါက်ကွဲတတ်ကြောင်း၊  ငြိမ်းချမ်းမှုမရှိမချင်း မိုင်းအန္တရာယ်ကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ပထမတန်းအရာရှိ ရဲမှူးကြီးမြင့်ထူးက ပြောသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း မိုင်း ၅၂ ကြိမ်ပေါက်ကွဲခဲ့ပြီး  ဒဏ်ရာရသူ ၇၉ ဦး၊ သေဆုံးသူ ၁၁ ဦး ရှိကြောင်း သိရသည်။ (ကိုးကား -Daily Eleven)

ကျူးကျော်ရပ်ကွက်မှဖယ်ရှားခံရသူများကို နေရာပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို
ရန်ကုန်၊ မန္တလေးမြို့များတွင် ကျူးကျော်နေထိုင်သည့်နေအိမ်မှာ ဖယ်ရှားခံရသူတို့ကို  ပြန်လည်နေရာချထားပေးရေးအတွက် လူသားချင်းစာနာမှုဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ကျူးကျော်နေထိုင်သူများကို ဖယ်ရှားခြင်းမပြုမီ အသိပညာပေးရန်၊ သတိပေးအမိန့်ထုတ်ပြန်ရန်၊ မလွှဲမရှောင် ဖယ်ရှားရာတွင်လည်း သိမ်မွေ့စွာဖြေရှင်းရန်၊ ရွှေ့ပြောင်းရေးတွင် သယ်ယူပို့ဆောင်ရေး ကူညီရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အကူအညီများပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ (ကိုးကား - Democracy Today)

ဖေဖော်ဝါရီ ၃ သတင်းများ

NLD အမတ် ၅ဝ အုပ်ချုပ်ရေးသင်တန်းတက်
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်များတွင် ဦးဆောင်ပါဝင်မည့်သူများ အဖြစ် သတင်းထွက်နေသူများ ပါဝင်သည့် NLD  ကိုယ်စားလှယ် ၅ဝ ခန့် အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၄ ရက်ကြာ သင်တန်း ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားသည်။
သင်တန်းပို့ချသူများထဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အငြိမ်းစား အရာရှိများ ပါဝင်သည်။ (ကိုးကား -  7Day Daily)
ပလောင်သူပုန်နှင့် တပ်မတော် ဇန်နဝါရီတွင် ၁၄ ကြိမ်တိုက်
ဇန်နဝါရီတွင် တပ်မတော်နှင့် တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီတွင်ပင် ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (RCSS/SSA) နှင့်လည်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားရာ ၁ ကြိမ်တွင် တပ်မတော်က RCSS/SSA နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven)
Facebook ရုပ်သံဖိုင်ကြောင့်  ဦးဝီရသူကို သာသနာရေးဌာန သတိပေး
မန္တလေးမှ အထင်ကရ သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူက  ရခိုင်ပြည်နယ်တွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူအမျိုးသမီးတစ်ဦးအကြောင်း ဇာတ်လမ်းရုပ်သံဖိုင်ကို  သူ၏ Facebook တွင် စနေနေ့က တင်ခဲ့ခြင်းအတွက် သာသနာရေးဝန်ကြီးဌာနက သတိပေးတားမြစ်လိုက်သည်။
အမျိုဘာသာ၊သာသနာနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို လာမည့်အစိုးရသစ်  ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ပြီး ထိုရုပ်သံဖိုင် တင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဝီရသူက မိန့်သည်။ (ကိုးကား- Myanmar Times)

ဖေဖော်ဝါရီ ၂ သတင်းများ

သင်တန်း ၂ နှစ် တက်ပြီးသည့် ရဲတပ်ဖွဲ့ တိုးတက်ခြင်းမရှိဟု EU ပြော
ရဲတပ်ဖွဲ့ကို လူစုလူဝေးမှု ဖြေရှင်းရေး နှင့် စွမ်းရည်မြှင့်သင်တန်း ၂ နှစ်နီးပါး ပေးပြီးဖြစ်သော်လည်း မူလအခြေအနေအတိုင်းသာ ရှိနေသည်ကို တွေ့မြင်ရကြောင်း ဥရောပသမဂ္ဂ၏ မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်းများကဏ္ဍ ခေါင်းဆောင် Ms. Karin Deckenbach က စနေနေ့တွင် ပြောလိုက်သည်။
ပြောင်းလဲမှုလိုလားသည့်ရဲတပ်ဖွဲ့သည် လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ရှိသည့်အချိန်ရောက်လျှင် သင်တန်းမှရရှိသည့်စွမ်းရည်များကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း မန္တလေးတွင် ဒေသခံများ တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် Ms. Karin Deckenbach က ပြောလိုက်သည်။ (ကိုးကား - The Voice Daily)
ပြည်နယ်/တိုင်း ၁ဝ ခုတွင် ရေရှားနိုင်ကြောင်း မိုးဇလ သတိပေး
လာမည့်နွေရာသီကာလ ပြည်နယ်/တိုင်း ၁ဝ ခုတွင် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးလိုက်သည်။
ကမ္ဘာအနှံ့ရင်ဆိုင်နေရသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာပြည် ပူပြင်းခြောက်သွေ့မည့်အန္တရာယ်နှင့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ထိုဌာနမှ ဒုညွှန်ချုပ် ဦးကျော်မိုးဦးက ပြောသည်။ (ကိုးကား - 7Day Daily)
၅၉ (စ) ပြင်မည်မဟုတ်ဟု စစ်တပ်သတင်းစာ ရေးသား
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားပြုနေသည့် ပုဒ်မ ၅၉ (စ)ကို အခြေခံဥပဒေတွင် ထာဝရ တည်ရှိစေလိုသည်ဟူသော အာဘော်ဆောင်းပါးတစ်ပုဒ်ကို စစ်တပ်သတင်းစာ မြဝတီက တနင်္လာနေ့တွင် ထည့်သွင်းဖော်ပြလိုက်သည်။
တပ်မတော်၏ သဘောထားမှာ ပုဂ္ဂိုလ်ရေး မပါကြောင်း၊ "ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း" ကာကွယ်ရေးဦးစီးချုပ်က မကြာခဏ ပြောဆိုပြီးဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။
စစ်တပ်သတင်းစာတွင် ပြင်ပဆောင်းပါးများကို ထည့်သွင်းလေ့ရှိသော်လည်း ဤဆောင်းပါးမှာ လွှတ်တော်ပြန်လည်စတင်သည့်နေ့တွင် ပါဝင်လာခြင်း ဖြစ်သောကြောင့် တပ်မတော်၏ သဘောထားကို ကိုယ်စားပြုခြင်း ရှိမရှိ စဉ်းစားစရာဖြစ်နေသည်ဟု နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။ (ကိုးကား - 7Day Daily)

Archive