ဘိန်းခင်းဖျက်ဆီးမှုရပ်ထားရန် ကချင်ပြည်နယ်အစိုးရ ညွှန်ကြား
ဒေသတွင်း ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၆ တွင် လာရောက် တားဆီးခဲ့ကြောင်း ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးတူးရော်က ပြောသည်။ အစိုးရ၏ ရပ်တည်ချက်သည် မူးယစ်ရာဇာများဘက်တွင်မဟုတ်ဘဲ လူထုဘက်တွင် ရှိစေလိုကြောင်း ဦးတူးရော်က ပြောသည်။
ပြည်နယ်အစိုးရက ဟန့်တားခြင်းမှာ ဘိန်းစိုက်သူများနှင့် ဘိန်းခင်းဖျက်သူများကြား သွေးထွက်သံယိုမှု ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)

နေပြည်တော်ဟိုတယ် ၁ဝ ခု ပါတီလှုပ်ရှားမှု လက်ခံခွင့်မရှိ
အစိုးရဘဏ် ချေးငွေဖြင့် ဖွင့်လှစ်ထားသော နေပြည်တော်ရှိဟိုတယ်များ ငွေပြန်မဆပ်နိုင်သေးသည့် ကာလတွင် နိုင်ငံရေးပါတီ အစည်းအဝေး လက်ခံခြင်း မပြုရန် နေပြည်တော်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ညွှန်ကြားလိုက်သည်။
ရွေစံအိမ်ဟိုတယ်တွင် မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ပြီးနောက်ပိုင်း ဤညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ (ကိုးကား - 7Day Daily)
ရန်ကုန်လမ်းဘေးဈေးသည် ၁,၉ဝဝ ကျော် တရားစွဲခံရ
လက်ရှိဘဏ္ဍာရေးနှစ်တွင် တရားစွဲ အရေးယူထားသည့် စည်းကမ်းမဲ့ ပျံကျဈေးသည် အရေအတွက် ၁,၉ဝဝ ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ပျံကျဈေးသည်များထဲမှ စည်းကမ်းမဲ့ရောင်းချနေသူများကိုသာ အရေးယူခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှု အကြောင်းရင်းများထဲတွင် ပျံကျဈေးသည်များ၏ စည်းကမ်းမဲ့မှုလည်း ပါဝင်ကြောင်း ၎င်းကပြောသည်။ (ကိုးကား - The Voice Daily)