သစ်တောစိုက်ခင်းပိုးကျမှု ပိုဆိုးလာ
ရာသီဥတု ပြောင်းလဲခြင်း၊ မျိုးစိတ်တစ်ခုတည်းကို မြောက်မြားစွာ စိုက်ပျိုးခြင်းတို့ကြောင့် သစ်တောစိုက်ခင်းများ ပိုးမွှားအန္တရာယ်ကျရောက်မှုသည် ယခင်နှစ်များထက် ပိုမိုဆိုးရွားလာနေကြောင်း သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ဦးက ပြောသည်။
ညွှန့်စားပိုး၊ ရွက်စားပိုး၊ ပင်စည်ဖောက်ပိုးများကျရောက်နေမှု ပြဿနာကို ဖြေရှင်းရန်မှာ ရာသီဥတုဒဏ်ခံနိုင်သည့် သဘာဝသစ်တောများကဲ့သို့ သစ်မျိုးစုံ ရောနှောစိုက်ပျိုးခြင်းပင်ဖြစ်ကြောင်း သစ်တောပညာရှင်များက အကြံပြုထားသည်။ (ကိုးကား - 7Day Daily)
၅၉(စ) ထောက်ခံဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူနိုင်ရေး အဟန့်အတားဖြစ်နေသည့် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဆက်လက်တည် ရှိရေးအတွက် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဖေဖော်ဝါရီ ၂၈ ၌ ထောက်ခံ ဆန္ဒပြရန် စီစဉ်နေသည်ဟု အမျိုးဘာသာ သာသနာ စောင့်ရောက်ရေးအဖွဲ့ဝင်များနှင့် စုစည်းထားသည့် မြန်မာအမျိုးသားရေး ကွန်ရက်အဖွဲ့မှ ဦးဝင်းကိုကိုလတ်က ပြောသည်။
ထိုပုဒ်မနှင့် ပတ်သက်ပြီး ပြင်လိုသူနှင့် မပြင်လိုသူတို့၏ အငြင်းပွားမှုကို အင်တာနက် လူမှုကွန်ရက်များတွင် တွေ့မြင်နေရပြီး မဘသအဖွဲ့ အထင်ကရ ဆရာတော် ဦးပါမောက္ခက တိုင်းပြည်ကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုကြောင်း မိန့်ကြားထားသည်။ (ကိုးကား - 7Day Daily)
ဝန်ထမ်း ၄ ဦးကို မေးခွန်းပေါက်ကြားမှုဖြင့် အရေးယူ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် စတုတ္ထတန်း၊ အဋ္ဌမတန်း အတန်းတင်စာမေးပွဲ မေးခွန်းများ စာမေးပွဲရက်မတိုင်ခင် ပေါက်ကြားမှုဖြင့် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၄ ဦးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပ ဒေ ၅(၁)/ (က)(ဂ) တို့ဖြင့် အမှုဖွင့်ထားကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဦးမင်းဟန်က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင်ပြောသည်။ (ကိုးကား - Daily Eleven)