တာချီလိတ်တွင်
စိတ်ကြွဆေး ၆၃ သိန်း ဖမ်းမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ပါခုတ်ကျေးရွာ စစ်ဆေးရေးဂိတ်တွင်
သဲကျောက်တင်ကားတစ်စီးကို အင်္ဂါနေ့က
ရပ်တန့်ရှာဖွေရာ သိုဝှက်တင်ဆောင်လာသော စိတ်ကြွဆေးပြား အရေအတွက် ၆၃ သိန်း တွေ့ရှိရပြီး
ယာဉ်မောင်းနှင့် အဖော်ဖြစ်သူကို ထိန်းသိမ်းလိုက်သည်ဟု တာချီလိတ်မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံမှ
သိရသည်။ ထိုမူးယစ်ဆေးမှာ နိုင်ငံတွင်း ဒုတိယမြောက် အများဆုံး သိမ်းဆည်းရမိသည့်
ပမာဏဖြစ်ပြီး ကာလတန်ဘိုးငွေ ကျပ်သန်းပေါင်း ၁၅,၇၅ဝ ခန့် ရှိမည်ဟု ဆိုသည်။
ယမန်နှစ်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ၂၆ သန်း
သိမ်းဆည်းရမိခဲ့သည်။ (ကိုးကား - မြန်မာ့အလင်း)
ကျိုင်းတုံထောင်တွင်
၂ လအတွင်း မူးယစ်ဆေး ၁၄ ကြိမ် ဖမ်းမိ
မူးယစ်မှုဖြင့် ထိန်းသိမ်းခံရသူအများအပြားရှိသည့် ရှမ်းပြည်နယ်၊
ကျိုင်းတုံထောင်ကို စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ ၂၁
အတွင်း မူးယစ်ဆေး ၁၄ ကြိမ် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံရဲတပ်ဖွဲ့က ပြောသည်။
အရာရှိ ၁ ဦးအပါအဝင် ထောင်ဝန်ထမ်း ၃ ဦးကို စစ်ဆေးနေသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
ကချင်ဒေသ၊
ပန်ဝါတွင် ပေါက်ကွဲမှုကြီးဖြစ်၊ ၁ ဦး သေဆုံး
ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် အင်္ဂါနေ့က ဖြစ်ပွားသော ပြင်းထန်သည့်
ပေါက်ကွဲမှုကြောင့် အိမ်များ ပျက်စီးကာ
လူတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရကြောင်း ကနဦးသတင်းများအရ သိရသည်။ ပေါက်ကွဲရသည့်
အကြောင်းရင်းကို မသိရသေးပေ။ (ကိုးကား - မြန်မာ့အလင်း)