သူပုန်အဖွဲ့ချင်းတိုက်ပွဲများကြောင့် အရပ်သားသုံးထောင်ကျော် ထွက်ပြေးရ
ဖေဖော်ဝါရီလဆန်းပိုင်းက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ ရောက်လာသော စစ်ဘေးဒုက္ခသည် ၃,ဝဝဝ ကျော် ရှိလာသည်ဟု သိရသည်။
နှစ်ဘက်တိုက်ပွဲများ ၂ဝ၁၅ နိုဝင်ဘာလတွင် စတင် ဖြစ်ပွားခဲ့ပြီး လဆန်းပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ အပစ်ရပ်ရေး၊ ဒုက္ခသည်ကူညီရေးတို့အတွက် ရှမ်းနိုင်ငံရေးအဖွဲ့များက RCSS/SSA ခေါင်းဆောင်နှင့် ဆွေးနွေးညှိနှိုင်းပွဲကို တနင်္လာနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။ (ကိုးကား - Daily Eleven)
မြူထူထပ်မှုကြောင့် ရန်ကုန်လေဆိပ် ၃ ရက် အချိန်ပိုင်းပိတ်
သောကြာနေ့မှ တနင်္ဂနွေနေ့အတွင်း နံနက်ပိုင်း မြူထူထပ်စွာကျဆင်းမှုကြောင့် ရန်ကုန်လေဆိပ်ကို ယာယီပိတ်ရသဖြင့် လေကြောင်းခရီးစဉ်တချို့ အချိန် အနည်းငယ်နောက်ကျမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်လေဆိပ်လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယခုကာလတွင် မြူကျတတ်ပြီး မြင်ကွင်းရှင်းလင်းမှု မရှိပါက လေယာဉ်အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်တွေ့တတ်သည်ဟု လေဆိပ်အရာရှိတစ်ဦးက ပြောသည်။ (ကိုးကား - Daily Eleven)
မဲဆောက်-မြဝတီတံတားပေါ်တွင် စုံတွဲ ၁ဝ တွဲ လက်ထပ်
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီတံတားပေါ်တွင် ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် စုံတွဲ ၁ဝ တွဲကို လက်ထပ်ပေးလိုက်ကြောင်း မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။
လက်ထပ်သူများတွင် ဆယ်ကျော်သက်အရွယ်မဟုတ်သော ထိုင်းစုံတွဲများ ပါဝင်ကြောင်း၊ မြန်မာစုံတွဲများ ပါဝင်ဆင်နွဲခြင်း မရှိကြောင်း သိရသည်။ (ကိုးကား - The Voice)