ဖေဖော်ဝါရီ ၂၉ သတင်းများ

ရှမ်းပြည်နယ်ဒုက္ခသည်တချို့ နေရပ်ပြန်ပြီ
ကျောက်မဲမြို့နယ်အတွင်း ခိုလှုံနေကြသော  စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ဝန်းကျင်ထဲမှ ၂ဝ ရာခိုင်နှုန်းခန့် နေရပ်ရင်းပြန်ကြပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်အမတ်များကို သောကြာနေ့က ပြောသည်။
နေရပ်ပြန်သူတို့၏ ဒေသသည် အစိုးရတပ်၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိန်းချုပ်နယ်မြေအတွင်း ရှိကြောင်း သိရသည်။
လဆန်းပိုင်းမှ စတင်ပြီး ထိုဒေသတွင်  တအာန်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရတပ်နှင့်ရော RCSS/SSA နှင့်ပါ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ စစ်ရေး တင်းမာနေဆဲဖြစ်သည်။ (ကိုးကား - Myanmar Times)
နှစ်ဆန်းပိုင်း မီးလောင်မှုများကြောင့် သန်း ၃၇,ဝဝဝ ကျော် ဆုံးရူံး
နှစ်စမှ ဖေဖော်ဝါရီ တတိယပတ်အတွင်း နိုင်ငံအနှံ့ မီးလောင်မှုပေါင်း ၃၄ဝ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၃၇,ဝဝဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဤပမာဏာမှာ ၂ဝ၁၅ တစ်နှစ်လုံး မီးဘေးကြောင့် ဆုံးရှုံးခဲ့သည့် တန်ဖိုးထက် ၁၈ ဆ ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ဧရာဝတီကမ်းပါးပြိုမှုကြောင့် မကွေးတွင် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရ
ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊  မိန်းမလှကျွန်းကျေးရွာသည်  ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့နေရပြီး ဒေသခံတချို့မှာ ပြောင်းရွှေ့စရိတ်အခက်အခဲဖြစ်နေကြောင်းသိရသည်။
ထိုကျေးရွာတွင်  အိမ်ခြေ ၁၂ဝ ရှိကြောင်း၊ တစ်နာရီကြာသွားရသော ကျမ်းကိုင်ကျွန်းကျေးရွာ အုပ်စုသို့ပြောင်းရွှေ့နေကြောင်း သိရသည်။ (ကိုးကား Democracy Today)

Archive