မတ် ၃ဝ တွင် သမ္မတတာဝန်လွှဲပေးရန် အစိုးရ အသင့်ဖြစ်နေ
လက်ရှိအစိုးရသက်တမ်းကုန်ဆုံးမည့် မတ်လ ၃ဝ ရက်နေ့တွင် သမ္မတတာဝန်ကို လွှဲပြောင်းရန်သဘောတူထားပြီး အလွှဲအပြောင်းအတွက် အစိုးရဘက်က အသင့်ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အသွင်ကူးပြောင်းရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က ပြောသည်။
အစိုးရ၏ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အ ထောက်အကူပြုကော်မတီနှင့် တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးအပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပြီး အခမ်းအနားအတွက် နေရာသတ်မှတ်ချက်ကို အတည်မပြုရသေးဟု သူက ဆက်ပြောသည်။
အစိုးရဘက်ကသတင်းထုတ်ပြန်ရာတွင်မူ သမ္မတအိမ်တော်တွင် ကျင်းပမည့် တာဝန်လွှဲပြောင်းသည့် အခမ်းအနား လျာထားချက်များကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)
ကချင်ဒေသ ဘိန်းစိုက်သူမှာ နိုင်ငံခြားသားများဖြစ်နေ
ကချင်ပြည်နယ်တွင် ဒေသခံလူထု သွားရောက်ဖျက်ဆီးရန် ကြိုးစားနေသည့် ဘိန်းခင်းဧကတစ်သောင်းကျော်မှာ အခြား နိုင်ငံသားများက လာရောက်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ရှိ ထိုစိုက်ခင်းများ ဖျက်ဆီးမည့်သူတို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရကြောင်း ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂမ်ဇယ်ဂျုံးက ဖေဖော်ဝါရီ ၂၄ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြသည်။
ဘိန်းခင်းဖျက်မည့်ဒေသခံတို့ကို အကာအကွယ် ပေးရေးအတွက် အစိုးရက အမြန် ဆုံးဆောင်ရွက်ပေးရန်လည်း သူက လွှတ်တော်တွင် အဆိုတင်လိုက်သည်။ (ကိုးကား - The Voice Daily)
မြန်မာ့လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝေဖန်
နိုဝင်ဘာရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်သည့် ၂ဝ၁၅ ခုနှစ်အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၁၅ တွင် လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ် ဖိနှိပ်ကန့်သတ်မှု ပိုမိုများပြားကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်း ချခံရသူ ၁ဝဝ နီးပါးရှိကြောင်း၊ လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ရပ်တန့်မည့်လမ်း မမြင်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွင် နှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ထိုအဖွဲ့၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသရုံး ယာယီညွှန်မှူး Champa Petal က ပြောသည်။ (ကိုးကား - The Eleven Daily)