ချင်းတောင်တန်းတွင် ကျောင်း ၅ဝ ဆောက်ရန် အကူအညီလိုအပ်
သဘာဝဘေးဒဏ် ခြိမ်းခြောက်ခံနေရသည့် ချင်းပြည်နယ်တွင် စာသင်ကျောင်း ၅ဝ ခန့် တည်ဆောက်ရန် လိုအပ်နေသည်ဟု ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။
မကြာသေးခင်က ဒေသတွင်း မြေပြိုမှုတွင် တိုက်ရိုက်မထိခိုက်သော ရွာအချို့သည် လာမည့်မိုးတွင်းကာလတွင် မြေပြိုမှုအန္တရာယ်ရှိသဖြင့် မဖြစ်မနေ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း သဘာဝဘေးသင့်ရွာဟု သတ်မှတ်ခြင်း မခံရသဖြင့် ကျောင်းဆောက်ရေး အခက်တွေ့နေကြောင်း သူက ဆက်ပြောသည်။
ပြည်နယ်အနှံ့ ပျက်စီးသွားသည့် ကျောင်းများထဲမှ ၈ဝ ရာခိုင်နှုန်းကို ပြန်လည် တည်ဆောက်ပြီးဖြစ်သည်ဟု သိရသည်။ (ကိုးကား - 7Day Daily)
ဆိုရှယ်မီဒီယာဝေဖန်ချက်ကို လွှတ်တော် တုံ့ပြန်
အမတ်များသင်တန်းတက်ခြင်းကို အင်တာနက်လူမှုကွန်ရက်တွင် အပြုသဘောမဆန်သည့် ဝေဖန်ရေးသားခြင်းသည် နိုင်ငံ၊ လွှတ်တော်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန် သတိပေးလိုက်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ သင်တန်းအတွက် ပူးပေါင်းကူညီပံ့ပိုးမှုများကို ထိခိုက်စေသည့် အရေးအသားများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာ့အလင်း)
ရခိုင်စစ်ဘေးရှောင်ကျောင်းသား ၃ဝ ကျော် နီးစပ်ရာကျောင်းသို့ တက်ရောက်
ပြီးခဲ့သည့်လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသ တိုက်ပွဲများကြောင့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များရှိ ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်နေရသော မူလတန်း၊ အလယ်တန်း ကျောင်းသား ၃ဝ ကျော်သည် နီးစပ်ရာကျေးရွာများတွင် ကျောင်းတက်နေပြီး စာမေးပွဲ ဖြေဆိုလျက်ရှိသည်။ စခန်းသုံးခုသို့ ရောက်လာသူ စစ်ရှောင် ဒုက္ခသည် ၂၅ဝ ခန့် ရှိကြောင်း သိရသည်။ (ကိုးကား - Democracy Today)