NLD အမတ် ၅ဝ အုပ်ချုပ်ရေးသင်တန်းတက်
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်များတွင် ဦးဆောင်ပါဝင်မည့်သူများ အဖြစ် သတင်းထွက်နေသူများ ပါဝင်သည့် NLD ကိုယ်စားလှယ် ၅ဝ ခန့် အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၄ ရက်ကြာ သင်တန်း ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားသည်။
သင်တန်းပို့ချသူများထဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အငြိမ်းစား အရာရှိများ ပါဝင်သည်။ (ကိုးကား - 7Day Daily)
ပလောင်သူပုန်နှင့် တပ်မတော် ဇန်နဝါရီတွင် ၁၄ ကြိမ်တိုက်
ဇန်နဝါရီတွင် တပ်မတော်နှင့် တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီတွင်ပင် ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (RCSS/SSA) နှင့်လည်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားရာ ၁ ကြိမ်တွင် တပ်မတော်က RCSS/SSA နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven)
Facebook ရုပ်သံဖိုင်ကြောင့် ဦးဝီရသူကို သာသနာရေးဌာန သတိပေး
မန္တလေးမှ အထင်ကရ သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူက ရခိုင်ပြည်နယ်တွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူအမျိုးသမီးတစ်ဦးအကြောင်း ဇာတ်လမ်းရုပ်သံဖိုင်ကို သူ၏ Facebook တွင် စနေနေ့က တင်ခဲ့ခြင်းအတွက် သာသနာရေးဝန်ကြီးဌာနက သတိပေးတားမြစ်လိုက်သည်။

အမျိုဘာသာ၊သာသနာနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို လာမည့်အစိုးရသစ် ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ပြီး ထိုရုပ်သံဖိုင် တင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဝီရသူက မိန့်သည်။ (ကိုးကား- Myanmar Times)