ဖေဖော်ဝါရီ ၂ သတင်းများ

သင်တန်း ၂ နှစ် တက်ပြီးသည့် ရဲတပ်ဖွဲ့ တိုးတက်ခြင်းမရှိဟု EU ပြော
ရဲတပ်ဖွဲ့ကို လူစုလူဝေးမှု ဖြေရှင်းရေး နှင့် စွမ်းရည်မြှင့်သင်တန်း ၂ နှစ်နီးပါး ပေးပြီးဖြစ်သော်လည်း မူလအခြေအနေအတိုင်းသာ ရှိနေသည်ကို တွေ့မြင်ရကြောင်း ဥရောပသမဂ္ဂ၏ မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်းများကဏ္ဍ ခေါင်းဆောင် Ms. Karin Deckenbach က စနေနေ့တွင် ပြောလိုက်သည်။
ပြောင်းလဲမှုလိုလားသည့်ရဲတပ်ဖွဲ့သည် လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ရှိသည့်အချိန်ရောက်လျှင် သင်တန်းမှရရှိသည့်စွမ်းရည်များကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း မန္တလေးတွင် ဒေသခံများ တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် Ms. Karin Deckenbach က ပြောလိုက်သည်။ (ကိုးကား - The Voice Daily)
ပြည်နယ်/တိုင်း ၁ဝ ခုတွင် ရေရှားနိုင်ကြောင်း မိုးဇလ သတိပေး
လာမည့်နွေရာသီကာလ ပြည်နယ်/တိုင်း ၁ဝ ခုတွင် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးလိုက်သည်။
ကမ္ဘာအနှံ့ရင်ဆိုင်နေရသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာပြည် ပူပြင်းခြောက်သွေ့မည့်အန္တရာယ်နှင့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ထိုဌာနမှ ဒုညွှန်ချုပ် ဦးကျော်မိုးဦးက ပြောသည်။ (ကိုးကား - 7Day Daily)
၅၉ (စ) ပြင်မည်မဟုတ်ဟု စစ်တပ်သတင်းစာ ရေးသား
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားပြုနေသည့် ပုဒ်မ ၅၉ (စ)ကို အခြေခံဥပဒေတွင် ထာဝရ တည်ရှိစေလိုသည်ဟူသော အာဘော်ဆောင်းပါးတစ်ပုဒ်ကို စစ်တပ်သတင်းစာ မြဝတီက တနင်္လာနေ့တွင် ထည့်သွင်းဖော်ပြလိုက်သည်။
တပ်မတော်၏ သဘောထားမှာ ပုဂ္ဂိုလ်ရေး မပါကြောင်း၊ "ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း" ကာကွယ်ရေးဦးစီးချုပ်က မကြာခဏ ပြောဆိုပြီးဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။
စစ်တပ်သတင်းစာတွင် ပြင်ပဆောင်းပါးများကို ထည့်သွင်းလေ့ရှိသော်လည်း ဤဆောင်းပါးမှာ လွှတ်တော်ပြန်လည်စတင်သည့်နေ့တွင် ပါဝင်လာခြင်း ဖြစ်သောကြောင့် တပ်မတော်၏ သဘောထားကို ကိုယ်စားပြုခြင်း ရှိမရှိ စဉ်းစားစရာဖြစ်နေသည်ဟု နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။ (ကိုးကား - 7Day Daily)

Archive