သူပုန်အဖွဲ့ ၂ ခု နယ်မြေကျော်၊ လူဖမ်းဟု တပ်မတော် စွပ်စွဲ
အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သည့် သူပုန်အဖွဲ့ ၂ ဖွဲ့၏ လုပ်ရပ်တချို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်သဖြင့် ညှိနှိုင်း အဖြေရှာ ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၂၂ က ရန်ကုန်တွင် ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ RCSS/SSA က နယ်မြေကျော်လွန်လှုပ်ရှားခြင်း၊ KNU က ဒေသခံများကို ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ (ကိုးကား - Daily Eleven)
ရေသယ်ကားကြိတ်မိပြီး သေဆုံးသူ ကလေးအတွက် လျော်ကြေး သိန်း ၇၁ဝ ပေး
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျောက်မျက်တူးဖော် ရေးကုမ္ပဏီတစ်ခု၏ ရေသယ်ယာဉ် ကြိတ်မိပြီး သေဆုံးသူ တစ်နှစ်လေးလအရွယ် ကလေးအတွက် ကုမ္ပဏီက ကလေးမိဘများကို ကျပ်သိန်း ၇၁ဝ လျော်ကြေးပေးခဲ့ကြောင်း သိရသည်။ ထိုအမှုကို ရဲစခန်းတွင် တိုင်ကြားခြင်းမရှိဘဲ ကချင်ရိုးရာနည်းအတိုင်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ (ကိုးကား - Daily Eleven)
ကော့ကရိတ်မြို့အနီးတိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်
ဒီကေဘီအေခွဲထွက်အဖွဲ့ ခြေကုတ်ယူထားသည့် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံတို့ ထွက်ပြေးနေရပြီး မြို့နယ်အတွင်း ပျားပင်ရွာရှိ မူလတန်းကျောင်းသားများကို အခြားကျေးရွာတစ်ခုသို့ နေရာပြောင်းရွှေ့ စာမေးပွဲဖြေဆိုရန် စီစဉ်ထားကြောင်း ကရင်ပြည်နယ် ပညာရေးမှူးဦးအောင်မင်းကပြောသည်။
ထိုအဖွဲ့သည် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)
ထိုအဖွဲ့သည် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)