ဖေဖော်ဝါရီ ၉ သတင်းများ

ပဲခူးသို့ ရေပေးဝေသည့် ရေလှောင်ကန်တွင် ဝမ်းပျက်စေသည့်ပိုးမွှားတွေ့ရှိ
ပဲခူးမြို့သို့ ရေပေးဝေနေသည့် ကန်တော်ကြီးရေလှောင်ကန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေနိုင်သည့် ပိုးမွှား ပါဝင်နှုန်းမြင့်မားနေသည်ကို တွေ့ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ်တစ်ခုအတွင်း ဒေသခံတို့၏ တိုင်ကြားချက်ကြောင့် ပြီးခဲ့သည့်နှစ်က ရေလှောင်ကန်အတွင်း ရေနမူနာကို နေရာ ၅ နေရာမှ ရယူပြီး ကျန်းမာရေးဦးစီးဌာနတွင် ဓာတ်ခွဲ စမ်းသပ်ခဲ့သည်ဟု ဆိုသည်။ ရေအရည်အသွေးမှာ အလွန်အမင်း အန္တရာယ်မဖြစ်နိုင်သော်လည်း မိုးရေနှင့်အတူတိုက်စားလာသည့် မြေစာမှုန့်အနှစ်များနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါပိုးမွှားအန္တရာယ်ကြောင့် မိုးရာသီတွင် သောက်သုံးရန် မသင့်ဟု ကော်မတီအစီရင်ခံစာတွင် ရေးထားသည်။  (ကိုးကား - 7Day Daily)
ဒေါ်စုကိုလုပ်ကြံမည်ဟု ခြိမ်းခြောက်သူ NLD ရုံးသို့ သွားရောက်တောင်းပန်
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟု Facebook တွင် Ye Lwin Myint အမည်ဖြင့် ရေးသားခဲ့သူက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ ရောက်လာပြီး တောင်းပန်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူနိုင်ရေး အဟန့်အတား ဖြစ်နေသော အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လျှင် မှန်ပြောင်းတပ် ရိုင်ဖယ်သေနတ်ဖြင့် လုပ်ကြံလိုသည်ဟု  ဖေဖော်ဝါရီ ၃ ရက်နေ့က ရေးသားခဲ့သည်။ (ကိုးကား - 7Day Daily)
ရန်ကုန်ရှိကော်ဖီမစ်စက်ရုံများကို ရှောင်တခင်စစ်ဆေး
စနေနေ့က စတင်ပြီး ကော်ဖီမစ်ထုတ်လုပ်ရေးလုပ်ငန်းများအားလုံးကို  ရှောင်တခင် သွားရောက် စစ်ဆေးကာ ဓာတ်ခွဲစမ်းသပ်ရန် ကုန်ကြမ်း နမူနာများ ယူဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာဇင်ဇင်နွယ်က ပြောသည်။
တရားဝင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေသည့် ထိုစက်ရုံအားလုံး ရန်ကုန်တွင် တည်ရှိပြီး လူသုံးများသည့် ကော်ဖီမစ်ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှု တွေ့ရှိချက်ကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။  (ကိုးကား - Daily Eleven)

Archive