သမ္မတဦးထင်ကျော်နှင့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို




၂ဝ၁၆ မတ်လ ၃ဝ ရက်နေ့က သမ္မတအိမ်တော်တွင် သမ္မတဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော်ထံသို့ အာဏာလွှဲပြောင်းပေးအပ်သည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)
Myanmar Now

နေပြည်တော် (Myanmar Now) - စစ်အုပ်ချုပ်ရေး စနစ်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းဖြင့် တက်လာသော အရပ်သား သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၈ ဦးတို့ ကျမ်းသစ္စာကျိန်ဆိုလိုက်ကြသည်။

ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားသည့်သမ္မတဦးထင်ကျော်၏မိန့်ခွန်းတွင် အစိုးရသစ်သည် အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး တို့ကို ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။

"နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်" ဟု ပင်နီတိုက်ပုံဝတ်ထားသော သမ္မတသစ် ဦးထင်ကျော်က ပြောသည်။

အာဏာရှင်ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသည့် ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂ဝ၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ယခုအချိန်ကာလကို စိတ်လှုပ်ရှားဖွယ်ရာ စောင့်ဆိုင်းခဲ့ရသည်။

အရပ်သားသမ္မတသစ် ကျန်းသစ္စာကျိန်ဆိုမည့်နေ့ကို စောင့်မျှော်သူ အများအပြားထဲတွင် NLD ကို ထောက်ခံသည့် ရန်ကုန်မြို့မှ အငှားယာဉ်မောင်း ကိုမင်းသူရစိုးလည်း ပါဝင်သည်။

“ပြီးခဲ့တဲ့ လတွေကတော့ ဘောလုံးပွဲတစ်ပွဲရဲ့ နောက်ဆုံး အချိန်တွေလိုပါပဲ၊ ဒိုင်လူကြီးခရာတွတ်သံကိုပဲ နားစွင့်နေရ၊ စိတ်လှုပ်ရှားခဲ့ရတာပေါ့” ဟု ကိုမင်းသူရစိုးက Myanmar Now သို့ ပြောသည်။

“တကယ့်ကို အရေးကြီးတဲ့ အချိန်ပါပဲ”



၂ဝ၁၆ မတ်လ ၃ဝ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောနေသော သမ္မတသစ် ဦးထင်ကျော် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ဌာန ၄ ခု၏ ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် NLD မှ လွှတ်တော်အမတ်များက မတ်တပ်ရပ်ပြီး အရိုအသေ ပြုကြသည်ကို တွေ့ရသည်။

သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရသည်မှာ ကြည်နူးဖွယ်ကောင်းသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းစိန်က ပြောသည်။

"တိုင်းပြည်အရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ပါတီဘာညာ မခွဲဘူးလေ။ တိုင်းပြည်ကောင်းစားဖို့ဆိုရင် အားလုံး လက်ခံကြိုဆိုတယ်၊ ဦးထင်ကျော်ကိုလည်း လက်ခံတယ်" ဟု မိုင်းပျဉ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က Myanmar Now ကို ပြောသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရောက်လာပြီး အခြေခံဥပဒေအရ လွှတ်တော်တွင် အချိုးကျ ပါဝင်ခွင့် ရကြသော တပ်မတော်သားကိုယ်စားလှယ် စစ်အရာရှိ အများအပြားလည်း တက်ရောက်ကြသည်။

"ပြည်သူတွေ ဘယ်လိုခံစားနေကြလဲ၊ ကျွန်တော်တို့လည်း ပြည်သူတွေ ခံစားကြရတဲ့အတိုင်း ခံစားကြရပါတယ်။ ပြည်သူတွေနဲ့ အတူတူပါပဲ" ဟု အမည်မဖော်လိုသူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ခရီးရှည်၏ အစ


NLD အစိုးရအတွက်မူ ဤအချိန်သည် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ မှားယွင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုများအတွက် နစ်မြုပ်နေသည့် မြန်မာနိုင်ငံအား ပြန်လည်ထူထောင်ရေး ခရီးရှည်အတွက် အစပိုင်းသာဖြစ်သည်။

NLD သည် လွှတ်တော်အတွင်း ကိုယ်စားလှယ်အရေအတွက်၂၅ ရာခိုင်နှုန်း နေရာယူထားပြီး အရေးကြီး ဝန်ကြီးဌာနသုံးခုကို ချုပ်ကိုင်ထားသည့် တပ်မတော်နှင့်လက်တွဲကာ ဆက်လက်လုပ်ဆောင်နေရဦးမည်။ လေ့လာစောင့်ကြည့်သူများက တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်လိုနေဆဲဖြစ်ကြောင်း သုံးသပ်ကြသည်။

အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လူသိရှင်ကြား လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအခါ စာချုပ်အတိုင်း လိုက်နာမှုတွင် အားနည်းလာသည်။ စစ်တပ် ထောက်ခံသည့် ယခင်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့သော အဆိုပါသဘောတူစာချုပ် အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များကို ယခုအစိုးရက ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်သည်။



၂ဝ၁၆ မတ်လ ၃ဝ ရက်နေ့က သမ္မတသစ် ဦးထင်ကျော် ကျမ်းသစ္စာကျိန်ဆိုပြီး မိန့်ခွန်း ပြောကြားနေသော ပြည်ထောင်စုလွှတ်တော် မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

‘ပြောင်းလဲချိန်တန်ပြီ’ ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးခဲ့သည့် NLD ဒီပါတီအနေဖြင့် ဝန်ကြီးအဖွဲ့ရွေးချယ်ရာ၌ ဝေဖန်မှုများကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဝန်ကြီးနှစ်ဦး၏ ဒေါက်တာဘွဲ့အတုများ ထွက်ပေါ်လာခြင်းတို့ကြောင့် NLD ၏ ဝန်ကြီးများနှင့်ပတ်သက်သည့် အရည်အချင်းများကို စောင့်ကြည့်ဝေဖန်သူများက မေးခွန်းထုတ်လာကြသည်။

NLD က ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အမည်များ လွှတ်တော်တွင် အဆိုတင်သွင်းမှု မပြုခင် တိုင်းရင်းသားနိုင်ငံရေးပါတီတို့နှင့် ဆွေးနွေးမှုမရှိခြင်း၊ ဗဟိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များအတွက် နေရာစုစုပေါင်း ၃၂ နေရာတွင် အမျိုးသမီး ၃ ဦးသာ ပါဝင်ခြင်းတို့ကြောင့် ဝေဖန်ခံနေရပြီဖြစ်သည်။

ဝေဖန်ခံနေရသည် ဆိုသော်လည်း NLD အစိုးရသစ်နှင့် ပတ်သက်ပြီး အကောင်းဆုံးကို မျှော်လင့်သည်ဟု ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျင်းကန်က ပြောသည်။

"လတ်တလော ဖြေရှင်းစရာတွေကတော့ အများကြီးပါ။ ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသား၊ ငြိမ်းချမ်းရေး (ဖော်ဆောင်မှု) ဒါတွေက အရေးကြီးပါတယ်" ဟု ဦးရန်ကျင်းကန်က ပြောသည်။

သမ္မတသစ်၏ ပထမဆုံးမိန့်ခွန်းကို ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ရာ နိုင်ငံအနှံ့အပြားမှ ပြည်သူများ စောင့်ကြည့်ခဲ့ကြသည်။

ခပ်တိုတိုပြောကြားသွားသည့်မိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဦးစားပေး လုပ်ငန်းအဖြစ် ထည့်သွင်း ပြောဆိုသွားသည်။

"နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရဲ့ရည်မှန်းချက် အကောင်အထည်ဖော်လာစေရန် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း နားလည်ထားပါတယ်" ဟု သမ္မတသစ်က ပြောသည်။

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်လာသူများထဲတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းလည်း ပါဝင်သည်။

"တစ်သက်လုံး ဒီလိုနေ့မျိုးကို မျှော်လင့်နေခဲ့တာ၊ အဝမ်းသာဆုံးနေ့တစ်နေ့ပါ။ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မယိမ်းမယိုင်၊ ဖြောင့်ဖြောင့်တန်းတန်းရောက်ဖို့ လိုပါတယ်။ အနှောင့်အယှက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပဲ" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲပြီးသည့်နောက်တွင် သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဗဟိုအစိုးရအဖွဲ့ဝင်သစ်များသည် သမ္မတအိမ်တော်သို့ သွားရောက်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ အာဏာလွှဲပြောင်းရေးအခမ်းအနားကို အကျဉ်းချုံး ပြုလုပ်ကြသည်။ ။

မတ်လ ၃ဝ ရက်နေ့ သတင်းများ


ကာချုပ်၏မိန့်ခွန်းတွင် ဦးသန်းရွှေအမည် မပါဝင်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခုနှစ်တပ်မတော်နေ့မိန့်ခွန်းတွင် ယခင်တပ်မတော်ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ဆန်း၊ ဦးနေဝင်းတို့အမည် ပါဝင်သော်လည်း ဦးသန်းရွှေအမည် ပါဝင်ခြင်း မရှိပေ။
၂၀၁၄၊ ၂၀၁၅ တပ်မတော်နေ့ မိန့်ခွန်းများတွင်မူ ထိုခေါင်းဆောင်ဟောင်း သုံးဦး၏ အမည်ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရသည်။ (ကိုးကား - 7Day Daily)

အမျိုးသမီးများ မန်းသင်္ကြန်ဝတ်ဆင်မှုသရုပ်ပျက်လျှင် ရဲတပ်ဖွဲ့ အရေးယူမည်
ယခုနှစ် မန္တလေးသင်္ကြန်တွင် အမျိုးသမီးများ သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ပါက ခေါ်ယူသတိပေးခြင်း၊ အရေးယူခြင်း ပြုလုပ်မည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ  ဒုရဲမှူးကြီးစိန်ထွန်းက သတိပေးလိုက်သည်။
သင်္ကြန်တွင်း မှုခင်းနည်းပါးရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး သရုပ်ပျက်ဝတ်စားခြင်းကြောင့် ပြဿနာကြီးနိုင်သည်ဟု သူက ဆက်ပြောသည်။
ကိုယ်ကျင့်တရားသိက္ခာအ ရှက်အကြောက်မရှိဘဲ သရုပ်ပျက် အ၀တ်အစားများဝတ်ဆင်ပါက ရဲအက်ဥပဒေ ၄၇ အရ ထောင်ဒဏ် ရှစ်ရက် (သို့မဟုတ်) ငွေဒဏ် ၅၀ ကျပ် ချမှတ်နိုင်ကြောင်း  သိရသည်။
လုံခြုံမှုမရှိသော၊ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊  မူးယစ်သောက်စားခြင်းတို့ကို ထိရောက်စွာ အရေးယူသင့်သည်ဟု ယဉ်ကျေးမှုမြို့တော် မန္တလေးမှ  အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောသည်။ (ကိုးကား - 7Day Daily)

မြန်မာလူ့အခွင့်အရေးကော်မရှင် နိုင်ငံတကာစံချိန်မီရန် ကြိုးစားဆဲ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတကာစံချိန်မီရန် ကြိုးစားဆဲအဖွဲ့အဖြစ် သတ်မှတ်ခံထားရသည်။
အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီမှု "စံ" သတ်မှတ်ရာတွင် အပြည့်အဝ ကိုက်ညီမှုရှိပါက A အဆင့်၊ အပြည့်အဝကိုက်ညီရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိပါက B အဆင့်၊ ကိုက်ညီမှု မရှိပါက C အဆင့် သတ်မှတ်ထားသည်။ ကမ္ဘာတွင် လူ့အခွင့်အရေးကော်မရှင် ၁၁၁ ဖွဲ့ရှိသည့်အနက် A အဆင့် ၇၂ ဖွဲ့၊ B အဆင့် ၂၉ ဖွဲ့၊ C အဆင့် ၁ဝ ဖွဲ့ရှိသည်။
မြန်မာပြည်မှ ကော်မရှင်သည် B အဆင့် ရှိသည်ဟု ကုလသမဂအဖွဲ့ ကမကထပြုသည့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာကော်မတီက သတ်မှတ်ထားခြင်း ဖြစ်သည်။ (ကိုးကား - မြန်မာ့အလင်း)

မတ်လ ၂၉ ရက်နေ့ သတင်းများ

ရခိုင်ပြည်နယ်အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတ ပြန်ရုပ်သိမ်း
ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်က ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတဦးသိန်းစိန်က တနင်္လာနေ့တွင် ရုပ်သိမ်းကြောင်း ကြေညာလိုက်သည်။
ဒေသတွင်းပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း ပြည်နယ်အစိုးရကလည်း တင်ပြခဲ့သည်ဟု သိရသည်။  (ကိုးကား - မြန်မာ့အလင်း)

ဗိုလ်ချုပ်စစ်ကြေညာသည့်ရွာတွင် အမှတ်တရရုပ်တု ဖွင့်လှစ်
စစ်တိုင်းအသီးသီး တိုက်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်း စစ်ကြေညာချက် တော်လှန်ရေးအမိန့်ထုတ်ခဲ့သည့် သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာတွင် တနင်္ဂနွေနေ့က ၎င်း၏ရုပ်တု ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။   ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ထိုရွာရှိ သူကြီးအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ရုပ်တုအလှူရှင်မှာ ပခုက္ကူမြို့နေ အငြိမ်းစား သမိုင်း တွဲဖက်ပါမောက္ခ ဦးခင်မောင်ဆွေဖြစ်ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)

RCSS နှင့် TNLA  ချက်ချင်းအပစ်ရပ်ကြရန်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို
ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် RCSS နှင့် TNLA လက်နက်ကိုင်အဖွဲ့နှစ်ခုကြား ပဋိပက္ခကို ညှိနှိုင်းပြီး ချက်ချင်းအပစ်ရပ်ကြရန် ဝ ဒေသတွင် ပြုလုပ်သော ပန်ဆန်း(ပန်ခမ်း) ညီလာခံအပြီး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇  ဖွဲ့က ကြေညာလိုက်သည်။
တစ်ဖက်က ပဋိပက္ခဖြစ်အောင် ဆက်လုပ်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍တားဆီးကာကွယ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)

မတ်လ ၂၈ ရက်နေ့ သတင်းများ

DNA ဌာန ရဲတပ်ဖွဲ့တွင် စတင်ဖွဲ့စည်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများ ဖော်ထုတ်ရာတွင် အထောက်အကူအပြုမည့် ဓာတုဗေဒစစ်ဆေးရေးဌာန DNA ဌာနခွဲကို နေပြည်တော်တွင် တနင်္ဂနွေနေ့က စတင်ဖွင့်လှစ်လိုက်သည်။
စစ်ဆေးမှုလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးကြောင်း ၊ မေလတွင် ပြည်ပ ပညာရှင်များ လာရောက်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းကို ပြည်ပ ပညာရှင်တို့က သင်ကြားပေးမည်ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ ဓာတုဗေဒဝန်ရုံးထံမှ သိရသည်။ (ကိုးကား - The Voice Daily, မြန်မာ့အလင်း)

ရှယ်ယာဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကျနိုင်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ခန့်မှန်း
မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာသဖြင့် အိမ်ခြံမြေဈေးကွက်ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက တနင်္လာနေ့တွင် ပြောသည်။
ဈေးကွက်စတင်ဖွင့်လှစ်သည့် သောကြာနေ့က ရှယ်ယာပေါင်း တစ်သိန်းကျော် ရောင်းရကြောင်း၊ ရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံလိုသူများအတွက် နေရာဖန်တီးပေးခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ (ကိုးကား -  မြန်မာ့အလင်း)

ဖားကန့်ကျောက်စိမ်းတွင်းတွင် သပိတ်စခန်း ဆက်ဖွင့်မည်
ဖားကန့်ကျောက်စိမ်းတွင်းတွင် မိုင်း  အကြီးအကျယ် ခွဲခြင်း၊ ယန္တယားကြီးများအသုံးပြုခြင်းကို ကန့်ကွက်နေသော ဒေသခံများက ကျောက်မျက်ကုမ္ပဏီတို့နှင့် ညှိနှိုင်းရာတွင် ပြေလည်မှု မရရှိသဖြင့်   ဆက်လက် ဆန္ဒပြမည်ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ရှရော်ခ ကျေးရွာမှ ကိုဝဏ္ဏက ပြောသည်။ မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး လမ်းပိတ်ဆို့ကာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးစဉ် ဆန္ဒပြမှုကို ယာယီ ရပ်နားခဲ့သည်။ (ကိုးကား - The Daily Eleven)

မတ်လ ၂၅ ရက်နေ့ သတင်းများ

ဒေါ်စုနှင့် ရခိုင်အမျိုးသားပါတီ အမတ်များ ဆွေးနွေးမှု ရလဒ်ကောင်းမွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီ အမတ် ၂၂ ဦး ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြပြီး ရခိုင်ပြည်နယ်တွင်း ပြဿနာများကို ပူးပေါင်းညှိနှိုင်းအဖြေရှာရန် သဘောတူလိုက်ကြသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။
လာမည့်ရက်သတ္တပတ်တွင် နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံသည့်အခါ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးကိစ္စကို ဆွေးနွေးမည်ဟု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။ (ကိုးကား - 7Day Daily)
ရန်ကုန် နှစ်ထပ်လမ်းဆောက်လျှင် ခုံးကျော်တံတားများ ဖြိုဖျက်ရဖွယ်ရှိကြောင်း အမတ်များ သတိပေး 
နှစ်ထပ်လမ်းများဖောက်လုပ်မည့် ရန်ကုန်၏ အနာဂတ် မြို့ပြစီမံကိန်းကြောင့် ခုံးကျော်တံတားများ ဖြိုဖျက်ရနိုင်ချေ ရှိသောကြောင့် တံတားသစ်များ ဆောက်လုပ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြာသပတေးနေ့က ကန့်ကွက်ဆွေးနွေးကြသည်။ လာမည့်ဘဏ္ဍာနှစ်တွင် ကမ္ဘာအေး၊ ပါရမီလမ်းဆုံ၊ မြောက်ဥက္ကလာပ လမ်းဆုံတို့တွင် တည်ဆောက်ရန် ကျပ်သန်းပေါင်း ၃၀,၀၀၀ ကျော် သုံးရန် လျာထားကြောင်း၊ ထိုစရိတ်များကို အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတို့တွင် သုံးရန် လွှတ်တော်အမတ်များက တိုက်တွန်းဆွေးနွေးကြသည်။  (ကိုးကား - The Voice Daily)
ရန်ကုန်သင်္ကြန်အတွက် ရဲအင်အား ၈,၀၀၀ ကျော် သုံးမည်
သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး  လုံခြုံရေး အတွက် ရဲအင်အား ၈,၀၀၀ ကျော် သုံးမည်ဟု   တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ကြာသပတေးနေ့တွင် ပြောသည်။  
သင်္ကြန်တွင်း ခိုက်ရန်ဖြစ်ပွားမှု၊ အန္တရာယ်ရှိနိုင်မည့် နေရာများတွင် အရက်သေစာ သောက်စားမူးယစ်မှုတို့ မဖြစ်ပေါ်စေရန်လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း၊  အင်းလျားကန်ကဲ့သို့ သော နေရာမျိုးတွင် ရေနစ်သေဆုံးမှုမ ရှိစေရန်အတွက် ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ထားရှိသွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ (ကိုးကား - The Daily Eleven)
တီဘီလူနာနှစ်သိန်းထဲမှ ငါးသောင်းခန့်ကို ကုသမှုမပေးနိုင်သေး
နိုင်ငံတွင်း တီဘီလူနာနှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ငါးသောင်းခန့်ကို ကုသမှုပေးနိုင်ခြင်း မရှိသေးကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာစည်သူအောင်က ပြောသည်။
ဓာတ်မှန်စက်ပါရှိသော ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့များဖြင့် သွားလာရေးသော ဒေသများ၊ လုပ်ငန်းခွင်များ၊ ထောင်များ၊ စသည့်နေရာများတွင် လိုက်လံရှာဖွေ ကုသပေးနေသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Daily Eleven)

မတ်လ ၂၄ ရက်နေ့ သတင်းများ

ရခိုင်ဒေသစစ်ပြေးဒုက္ခသည်များ သောက်သုံးရေရှားပါး
ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် သောက်သုံးရေအခက်အခဲတွေ့နေသည့် စစ်ပြေးဒုက္ခသည် အရေအတွက် သုံးရာခန့်ရှိကြောင်း သိရသည်။
ရေရှားသည့်ဒေသသို့ ရောက်လာသည့် ဒုက္ခသည်တို့အတွက် အိမ်သာ၊ ရေတွင်းရေကန်တို့ကို စီစဉ်ပေးခြင်း မရှိခဲ့သဖြင့် အခက်အခဲ ပိုတွေ့ရသည်ဟု ဒုက္ခသည်တစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)

မန်းမင်္ဂလာဈေးမီး ငြှိမ်းသတ်ရ ခက်ခဲ
အင်္ဂါနေ့ကမန္တလေးမင်္ဂလာဈေးမီးကို ချက်ချင်းငြှိမ်းသတ်ရန် ခက်ခဲခဲ့ခြင်းမှာ  ဈေးတံခါးများကို အလွယ်တကူ ဖျက်ပြီးဝင်ရောက်နိုင်မှုမရှိခြင်း၊ ဈေးနှင့်အနီးတဝိုက်မှ ရေမရခြင်းတို့ကြောင့်ဖြစ်သည်ဟု မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးသန်းနိုင်က ပြောသည်။
ဈေးပိတ်ပြီးချိန်လောင်ကျွမ်းသောမီးကို သွားရောက်ငြှိမ်းသတ်သော မီးသတ်သမားများတွင် သံဖျက်ကတ်ကြေး မရှိသည့်အပြင် ဘာဂျာတံခါးများကိုလည်း အာမခံသော့များဖြင့် ခတ်ထားသဖြင့် တံခါးကို ဆွဲလှန်ပြီး ဈေးထဲဝင်ကြရသည်ဟု ဆိုသည်။
လူအများတိုးကြိတ်ဝင်ရောက်လာသောကြောင့် မီးသတ်ကား အဝင်အထွက်လုပ်ရန် ခက်ခဲကြောင်း၊ ကူညီမည့်သူ နည်းပါးပြီး ဖြစ်ရပ်ကို မှတ်တမ်းတင်ပြီး Facebook တွင် တင်ရန် ကြိုးစားသူ များပြားကြောင်း ဦးသန်းနိုင်က ပြောသည်။ အခန်းပေါင်းငါးရာကျော်ရှိသည့်အနက် သုံးရာကျော် မီးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး သန်းတစ်ထောင်ကျော်သည်ဟု သိရသည်။ (ကိုးကား - The Voicey Daily)


 ဝန်ကြီးသစ်နှစ်ဦးဘွဲ့ကိစ္စကို NLD စစ်ဆေး
အစိုးရအဖွဲ့သစ် ဝန်ကြီးနှစ်ဦး ရရှိထားသည့် ဘွဲ့နှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များက ကာယကံရှင်နှစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူရမည့် ဦးသန်းမြင့်က အမေရိကန် အစိုးရ အသိအမှတ်မပြုသော Pacific Western University တွင်   M.Sc နှင့် Ph.D ဘွဲ့များ ရရှိရန်  ၁၉၈၈ မှ စတင်ပြီး ၁၁ နှစ်ကြာ စာပေးစာယူတက်ပြီး ကြိုးစားခဲ့ရသည်ဟု ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူရမည့် ဦးကျော်ဝင်းက Brooklyn Park University ပါရဂူဘွဲ့ ရရှိရန်  အင်တာနက်ကြိုးစားခဲ့ကြောင်း၊ တက္ကသိုလ်အတုတစ်ခုဖြစ်သည်ဟု ဆိုသောကြောင့် ရရှိလာသည့် ဘွဲ့ကို စွန့်လွှတ်မည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)

မတ်လ ၂၂ ရက်နေ့ သတင်းများ

ရန်ကုန်တွင် ဦးနှောက် အမြှေးရောင်ရောဂါ တပ်လှန့်ထား
ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါကြောင့်  ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှ   ကလေးနှစ်ဦး မတ်လ ၁၄ ရက်နှင့် ၁၈ ရက်တို့တွင် သေဆုံးသွားပြီးနောက်ပိုင်း  ရောဂါပိုး ထိန်းချုပ်ထောက်လှမ်းရန် တိုင်းအတွင်း မြို့နယ်အားလုံးကို တပ်လှန့်နှိုးဆော်ထားကြောင်း   ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။
ရောဂါရလွယ်သည့် သက် ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊  ကလေးငယ်များ လူထူ၊ ဖုန်ထူသည့်နေရာတို့ကို မသွားသင့်ကြောင်း၊ ကလေးငယ်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးရန် လိုအပ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)


 ဧည့်စာရင်းတိုင်ကြားရသည့်စနစ် လွှတ်တော်က ပယ်ဖျက်ဖွယ်ရှိ
ဧည့်စာရင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၃ (ဆ) နှင့် ပုဒ်မ ၁၇ ကို ပယ်ဖျက်ရန် လွှတ်တော်မှတ်တမ်း၌ ထားရှိသည့် ဥပဒေကြမ်းကို တနင်္လာနေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ   ဖြန့်ဝေထားသဖြင့် လွှတ်တော်တွင် ယင်းဥပဒေကြမ်း မကြာမီ အတည်ပြုဖွယ်ရှိသည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။  (ကိုးကား - 7Day Daily)

ကျားဖြူပါတီက ရှမ်းမျိုးနွယ်စုပါတီမများမဟာမိတ်အဖွဲ့ ဖွဲ့မည်

ရှမ်းမျိုးနွယ်စုကိုယ်စားပြုပါတီများအားလုံး ပူးပေါင်းသည့် မဟာမိတ်အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းမည်ဟု ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့တွင် ပြီးစီးသွားသော ပါတီညီလာခံအပြီး ကြေညာချက် ထုတ်ပြန်သည်။ ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ်ဟု အမည်ပေးမည့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် တခြားပါတီများနှင့် ညှိနှိုင်းမည်ဟု  အထွေထွေအတွင်းရေးမှူး ဦးစိုင်းဖိုးအောင်က ပြောသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နေရာအများအပြား အနိုင်ရခဲ့သည့် ကျားဖြူပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ ပြည်နယ်လွှတ်တော် တစ်နေရာအတွက်သာ ရွေးကောက်ခံခဲ့ရသည်။(ကိုးကား - The Voice Daily)

မတ်လ ၂၁ ရက်နေ့ သတင်းများ

မြစ်ဆုံအရေးတွင် အစိုးရသစ်က ပြည်သူ့ဆန္ဒကို အလေးထားမည်ဟုဆို
ဆိုင်းငံ့ထားသည့် မြစ်ဆုံရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရသစ်လက်ထက်တွင် ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
တရုတ်ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့်စာချုပ်ကို ပြန်လည် လေ့လာပြီး   ပြဿနာရင်းမြစ်ကို စူးစမ်းကာ ပြည်သူတို့ ကျေနပ်နိုင်သည့်အဆင့်အထိ ရောက်အောင် ဖြေရှင်းမည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)

ဦးသိန်းစိန်အစိုးရ ပြည်ပအကူအညီ ဒေါ်လာ ၄ ဘီလီယံ နီးပါး ရခဲ့
ဦးသိန်းစိန်အစိုးရ၏ ငါးနှစ်တာသက်တမ်းအတွင်း နိုင်ငံတကာမှ အကူအညီအထောက်အပံ့၊  နည်းပညာ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖိုး ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၂၄ နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ခွဲများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၁၆ဝ က  ၂ဝ၁၁ ဧပြီမှ ၂ဝ၁၆ ဖေဖော်ဝါရီအတွင်း ကူညီပေးခြင်း ဖြစ်ကြောင်း၊   လက်ဝယ်ရောက်ရှိရန် ၂ ဒသမ ၅ ဘီလီယံ  ကျန်သေးကြောင်း သိရသည်။ (ကိုးကား - Eleven Daily)


ကျောက်ဖြူ၊ မြင်းခြံ လျှပ်စစ်ထုတ်လုပ်ဖြန့်ဝေခွင့်  ဟောင်ကောင်ကုမ္ပဏီရရှိ
ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မြင်းခြံဒေသ သံမဏိစက်ရုံတို့အတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဝေရေးစီမံကိန်းနှစ်ခုကို ရရှိခဲ့ကြောင်း သဘောတူ စာချုပ်ကို မတ်လ ၁၁ ရက်နေ့က လက်မှတ်ထိုးလိုက်ကြောင်း ဟောင်ကောင်အခြေစိုက်  VPower ကုမ္ပဏီအုပ်စုက သတင်းထုတ်ပြန်သည်။
မြင်းခြံမှ ပိုလျှံသော ဓာတ်အားကို တစ်နိုင်ငံလုံးသို့ ဖြန့် ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။ (ကိုးကား -7Day Daily)

မတ်လ ၁၈ ရက်နေ့ သတင်းများ

ဖုန်းဘီလ်ဧပြီ ၁ ရက်မှ စတင်၍ အခွန်ကောက်မည်
ဧပြီ ၁ မှ စတင်ပြီး မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်းလျှင် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊  အခွန်ကောက်ရန် လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေး ဌာန ဒုအရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။
ထိုသို့ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမည်ဆိုပါက မိုဘိုင်းဖုန်းသုံးသူတိုင်း ကျပ် ၁,၀၀၀ ဖြည့်လျှင် ၄၈ ကျပ် အလိုအလျောက် နုတ်သွားမည်ဖြစ်သောကြောင့် ၉၅၂ ကျပ်ဖိုး သုံးနိုင်မည်ဖြစ်သည်။   (ကိုးကား - 7Day Daily)
ဝန်ကြီးဌာန ၁၅ ခု လျှော့ချလျှင် သိန်းတစ်ထောင်ကျော် လစဉ်သက်သာနိုင်
ဝန်ကြီးဌာန ၁၅ ခုလျှော့ချလိုက်လျှင်     နိုင်ငံတော် ဘဏ္ဍာ အသုံးစရိတ် လစဉ် သိန်းတစ်ထောင်ကျော် သက်သာ သွားမည်ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုဝန်ကြီး လစာမှာ သိန်း ၃၀ ဖြစ်ပြီး အစိုးရ နေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေ၊ လျှပ်စစ်၊ ပြည်တွင်းဖုန်း အခမဲ့သုံးစွဲခွင့်ရှိသည်။  ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ ကားသုံးစီး၊ ယာဉ်မောင်းသုံးဦးလည်း ခန့်အပ်ပိုင်ခွင့်ရှိသည်။ ကားသုံးစီးအတွက်  လစဉ် ဆီဂါလန် ၁၈ဝ ရနိုင်သည်။  ဒုဝန်ကြီး  လစာ သိန်း၂၀ ရှိပြီး အခြားခံစားခွင့်၊ အဆောင်အယောင်တို့မှာ ဝန်ကြီးနှင့် အတူတူပင်ဖြစ်သည်။ (ကိုးကား - 7Day Daily)

တရုတ်ဘက်သို့ သစ်ခိုးထုတ်မှုကို မထိန်းချုပ်နိုင်သေး
တရားမ၀င်ခိုးထုတ်သည့် သစ်လုံးများကို တရုတ်ကုန်သည်များ ၀ယ်ယူခြင်း မပြုရန် တရုတ်နိုင်ငံနှင့် စက်တင်ဘာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားသော်လည်း တရားမ၀င် ဆက်လက် ရောင်းဝယ်နေဆဲဖြစ်ကြောင်း နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြောသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်တန်ချိန် ငါးသောင်းကျော် ရှိကြောင်း သစ်တောဌာနထံမှ သိရသည်။  (ကိုးကား - The Voice Daily)

မတ်လ ၁၇ ရက်နေ့ သတင်းများ

၁၂ နှစ်အတွင်း ငွေကြေးခ၀ါချမှုမှ ကျပ်သန်းပေါင်း နှစ်သောင်းကျော် သိမ်းဆည်းရမိ
ပြီးခဲ့သည့် ၁၂ နှစ်အတွင်း ငွေကြေးခ၀ါချမှုလုပ်ငန်းမှ သိမ်းဆည်းရမိသည့် ငွေပမာဏ  ကျပ် သန်းပေါင်း ၂ သောင်း ကျော် ရှိကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်ဆေးနှင့်လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှုတို့မှ ရရှိငွေကို အိမ်ခြံမြေ၊ ကျောက်စိမ်း၊ ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ ငွေကြေးခ၀ါချခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ (ကိုးကား- The Voice Daily)
မြစ်ကြီးနားအနီး  တပ်မတော်နှင့် KIA တို့ စစ်ရေးတင်းမာ
မြစ်ကြီးနားမြို့နှင့် ၁၀ မိုင် ဝေးကွာသော နမ်ကျင်ကျေးရွာ ပတ်ဝန်းကျင်တွင် တပ်မတော်ဘက်က တပ်အင်အားတိုးချဲ့ ထားခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်  စစ်ရေးတင်းမာနေကြောင်း   သိရသည်။
တပ်မတော်က ဒေသခံ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသည့် KIA နောက်သို့ လိုက်ရာမှ စစ်ရေးတင်းမာခြင်းဖြစ်သည်ဟု နှစ် ဖက်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထိုအမျိုးသမီးကို KIA က အင်္ဂါနေ့တွင် ပြန်လွှတ်လိုက်ပြီဖြစ်သောကြောင့် တခြားအကြောင်းပြချက် မရှိလျှင် တပ်မတော်က ပြန်ဆုတ်ခွာမည်ဟု ယူဆကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က မှတ်ချက်ပြုသည်။ (ကိုးကား - 7Day Daily)
ဧက ၄ သိန်းနီးပါး ပြန်ပေးခဲ့ကြောင်း မြေကော်မတီ ကြေညာ
မြေသိမ်းယာသိမ်းမှုဆိုင်ရာ တိုင်ကြားချက်များ၊ အစီရင်ခံစာများကို စစ်ဆေးပြီးနောက် မြေဧကပေါင်း  ၃၇၄,၆၃ဝ.၅၅၇ ကို သက်ဆိုင်သူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အစိုးရ၏ မြေအသုံးချ စီမံခန့်ခွဲရေး ဗဟိုကော်မတီက  ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။
ပြန်လည်စွန့်လွှတ်မြေထဲတွင် မိမိပိုင်မြေ ပါဝင်ခြင်းရှိမရှိ  မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်  မြေအသုံးချ စီမံခန့်ခွဲရေး ကော်မတီများထံတွင် စုံစမ်းမေးမြန်းရန်လည်း မြေသိမ်းခံရသူတို့ကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။  (ကိုးကား - မြန်မာ့အလင်း)

မတ်လ ၁၆ ရက်နေ့ သတင်းများ

အင်းလေးကန်ရေနိမ့်ကျ၊ ရွာ ၈ဝ ခန့် အခက်တွေ့
  အင်းလေးဒေသအတွင်း ရေလျော့နည်းလာသဖြင့် ကန်အနောက်ဘက်ခြမ်း ကျေးရွာ ၈ဝ ခန့်   သောက်သုံးရေ သယ်ဆောင်ရန် ဝေးလံစွာ သွားရခြင်း၊ ရေကြောင်းသွားလာမှု ခက်ခဲခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု   Save The Inlay Lake အဖွဲ့ထံမှ သိရသည်။ သွားလာမှု အဆင်ပြေရန်  နှုန်းဆယ်ယူနေသော ဒေသခံအဖွဲ့အစည်းတို့၏ အစီအစဉ်မှာလည်း အလှူငွေ လိုအပ်နေသည်ဟုဆိုသည်။ (ကိုးကား -  The Daily Eleven)
ရဝမ် မနောပွဲ ပူတာအိုတွင် ကျင်းပမည်
လွန်ခဲ့သည့် ၁၆ နှစ်က ပြုလုပ်ခဲ့ဖူးသည့်  ရဝမ်ယဉ်ကျေးမှုပွဲတော်ကို ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ပြန်လည်ပြုလုပ်မည်ဟု ရဝမ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက  အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
သင်္ကြန်အပြီး ဧပြီ ၁၉ ရက်နေ့တွင် ၅ ရက်ကြာ ပြုလုပ်မည့် ရဝမ်တိုင်းရင်းသားတို့၏မနောပွဲတွင် လာရောက်ကပြရန် နိုင်ငံတွင်း အဖွဲ့အသီးသီးကို ဖိတ်ခေါ်ကြောင်း ကော်မတီက ပြောသည်။   (ကိုးကား - Democracy Today)
မြစ်ဆုံစီမံကိန်းလုံးဝရပ်ရန် ကချင်အဖွဲ့များ တောင်းဆို
ကချင်ပြည်နယ်ရှိ ဆိုင်းငံ့ထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးရန်အတွက် ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သဘောထားကြေညာချက်ထုတ်ပြန်သည်။
မတ်လ ၄ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်မီဒီယာများတွေ့ဆုံပွဲအတွင်း သံအမတ် Mr.Hong Laing က စီမံကိန်းက အကျိုးပြုမည့်အချက်များကို ပြည်သူတို့ နားလည်လက်ခံလာစေရန် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်နှင့်ပါ ညှိနှိုင်းဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ (ကိုးကား - The Voice Daily)
မန္တလေးမူးယစ်ရာဇာဟု ယူဆရသူကိုဖမ်းရန် တရုတ်ရဲနှင့် ချိတ်ဆက်
မန္တလေးမြို့တွင် မတ်လ ၅ ရက်နေ့က   ဖမ်းဆီးရမိသည့် ကျပ် ၃၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ဟု ယူဆရသူ  မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးသည် မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ပြည်ပသို့ထွက်ခွာမသွားနိုင်ရန်
တရုတ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
မူးယစ်ဆေးသယ်ဆောင်လာသူ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးတို့ကိုသာ ဖမ်းဆီးရမိထားကြောင်း၊ ရဲတပ်ဖွဲ့က အလိုရှိနေသူသည်    မတ်လ ၃ ရက်နေ့ ရန်ကုန်တွင် ဖမ်းမိသည့် ကျပ် ၆ သိန်းကျော်တန် စိတ်ကြွဆေးများ၏ပိုင်ရှင်လည်း ဖြစ်ကြောင်း   အဆိုပါရဲအရာရှိက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)

မတ်လ ၁၅ ရက်နေ့ သတင်းများ

ထိန်းသိမ်းခံကျောင်းသားတစ်ဦး တရားခွင်ကို သပိတ်မှောက်
ပညာရေးဥပဒေဆန့်ကျင်ကန့်ကွက်ပွဲများတွင် ပါဝင်မှုဖြင့် တရားစွဲခံနေရသည့် ကိုရဲရင့်ပိုင်မှူးက တနင်္လာနေ့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားခွင်အတွင်းဝင်ရန် ငြင်းဆန်ပြီး ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ရန် ဆန္ဒပြခဲ့သည်။
တရားသူကြီးက ကိုရဲရင့်ပိုင်မှူးရှိနေသော တရားခွင်ဝင်ပေါက်သည် အမှုစစ်ဆေးခြင်းကို ကြားနိုင်သည့်နေရာဖြစ်သည်ဟု ဆိုကာ အမှုကို ဆက်လက် စစ်ဆေးခဲ့သည်။ (ကိုးကား - The Eleven Weekly)

တနိုင်းဒေသ မြေမြှုပ်မိုင်းကြောင့် ၅ ဦး ဒဏ်ရာရ
တနိုင်းမြို့နယ် ပယင်းထွက်ရှိသည့်ဒေသတွင် တနင်္ဂနွေနေ့က မြေမြှုပ်မိုင်းဒဏ်ခံရသူ ၅ ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ၂ ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း တနိုင်းပြည်သူ့ဆေးရုံမှ ဓာတ်မှန်ဘက်ဆိုင်ရာဝန်ထမ်း ဦးပန်နပ်က ပြောသည်။ ထိုနယ်မြေကို ကချင်လွတ်မြောက်ရေးတပ်မတော်က ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး မိုင်းထောင်ထားခြင်းဖြစ်သည်ဟု ပယင်းတူးဖော်သူတို့က ပြောသည်။ (ကိုးကား - The Voice)

ကချင်ဆရာမနှစ်ဦးအမှု ဖော်ထုတ်ရန် အစိုးရသစ်ကို တောင်းဆိုမည်
ရှမ်းပြည်နယ်၊ ပန်ဆိုင်းမြို့နယ်တွင် ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် အစိုးရသစ်ထံတွင် တောင်းဆိုသွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။ အမှုဖြစ်ပွားသည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်သော်လည်း လက်ရှိအစိုးရက ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ အစိုးရသစ်က ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice)

မတ်လ ၁၄ ရက်နေ့ သတင်းများ

မြိတ်ကျွန်းစုတွင် ဆလုံတိုင်းရင်းသား အနည်းငယ်သာ ကျန်ရှိ
မြိတ်ကျွန်းစုဒေသတွင် ဆလုံတိုင်းရင်းသားဦးရေ အလျင်အမြန်လျော့နည်းလာပြီး ပျောက်ကွယ်မည့်အနေအထား ဖြစ်နေကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး  ဦးခင်မောင်အေးကပြောသည်။
ပြင်စဘုကျွန်းအနီးတွင် ရွက်လွှင့် သွားလာနေသည့် ဆလုံ ၁၃ ဦးသာ ရှိတော့သည်အထိ လူဦးရေ ကျဆင်းလာကြောင်း မကျုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသူနှင့်အိမ်ထောင်ကျသူ  ဗမာတိုင်းရင်းသား ကိုထွေးကပြောသည်။ (ကိုးကား - Daily Eleven)

 ဒလမြို့နယ် ကျေးရွာအချို့တွင် သောက်သုံးရေ စတင်ပြတ်လပ်
ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့နယ် ဒေသတချို့တွင် မတ်လ ပထမပတ်မှ စတင်ကာ သောက်သုံးရေ ပြတ်လပ်နေကြောင်း ဒေသခံတို့က ပြောသည်။
ဒလနှင့် အနီးဝန်းကျင်မြို့နယ်များတွင် သောက်သုံးရေကန်များတွင် ကန်ရေမျက်နှာပြင် သိသာစွာ နိမ့်ကျလာသဖြင့် ရေခပ်ချိန်ကို ကန့်သတ်ထားရသည်ဟု ဆိုသည်။
ရေစင်တွင် ရေသန့်စက်တပ်ဆင်မှုမှာလည်း ပြီးစီးတော့မည်ဖြစ်သောကြောင့် ရေသန့်ဖြန့်ဝေနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ခရိုင်ကော်မတီကလည်း နွေရာသီ ရေရှားပါးသောရပ်ကွက်များအတွက် ရေသယ်ယာဉ်နှစ်စီး ပေးပို့ထားသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Voice)

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ကွယ်လွန်
‘ဗိုလ်နှုတ်ခမ်းမွေး’ဟု လူသိများသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်သည် မတ်လ ၁၃ ရက်နေ့က ပဲခူးပြည်သူ့ဆေးရုံတွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။  ဒုစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက သူ့အရိုက်အရာကို ဆက်ခံသွားဖွယ်ရှိသည်ဟု DKBA အသိုင်းအဝိုင်းက ခန့်မှန်းသည်။ (ကိုးကား - 7Day Daily)

မတ်လ ၁၁ ရက်နေ့ သတင်းများ

ကလေး ၃ဦး သေဆုံးစေသော ဘီပိုးကာကွယ်ဆေးဇစ်မြစ်ကို စုံစမ်းနေ
ပဲခူးမြို့ ဆေးရုံကြီးတွင် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးသော မွေးကင်းစ ကလေး ၃ ဦး သေဆုံးပြီး အများအပြား ကုသမှု ခံယူမှုဖြစ်ပွားသည့်အတွက် ဆေးဝါးစစ်မှန်ခြင်း ရှိမရှိ၊ လိုင်စင်ဖြင့်သွင်းလာသည့်ဆေး ဟုတ်မဟုတ် စိစစ် ဖော်ထုတ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။   ကာကွယ်ဆေးထိုးခြင်းမှာ ဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်ကြောင်း၊ ပဲခူးရှိ  ပုဂ္ဂလိကဆေးဆိုင်မှ ဆေးကို အသုံးပြုခဲ့ကြောင်း သိရသည်။  (ကိုးကား - မြန်မာ့အလင်း)

 
စိတ်ကြွဆေးပြား ငါးသိန်းနီးပါး ရန်ကုန်တွင် သိမ်းဆည်းရမိ
ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်၊ သဇင်မြိုင်လမ်းရှိ နေအိမ်တစ်ခုတွင် အင်္ဂါနေ့ညနေပိုင်းက စိတ်ကြွဆေး ၄၇ဝ,ဝဝဝ သိမ်းဆည်းရမိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုအိမ်တွင် ငှားရမ်းနေထိုင်သူနှစ်ဦးကို တနင်္လာနေ့က ရခိုင်ပြည်နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိပြီး စစ်ဆေးရာမှ ယခုကဲ့သို့ သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ရဲမှူး လှသန်းက ဆိုသည်။ (ကိုးကား - The Voice Daily)

အခြေခံဥပဒေပြင်ရန် ဗကသ တောင်းဆို
ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေဆန့်ကျင်သည့်ဆန္ဒပြကျောင်းသားများ  အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့် အစီအစဉ်ကို ကြာသပတေးနေ့က ပြုလုပ်ရာ  လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ်များ ဆက်လက် ဆောင်ရွက်ရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ပြောင်းလဲပြင်ဆင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ NNER ခေါ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရကွန်ရက်၊ ကျောင်းသားကိုယ်စားလှယ်များ၏ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဆန္ဒပြမှုကို မဖြိုခွင်းမီ ရန်ကုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (ကိုးကား - 7Day Daily)

မတ်လ ၁ဝ ရက်နေ့ သတင်းများ

မွေးကင်းစများ ကာကွယ်ဆေးထိုးရာမှ  ၃ ဦးသေဆုံး
မွေးကင်းစ ကလေးငယ် ၂၈ ဦးကို တနင်္လာနေ့က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးပေးပြီးနောက် ၃ ဦး သေဆုံးပြီး၊ လေးဦးကို ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသပေးနေကြောင်း   ပဲခူးတိုင်းဒေသကြီးလွှတ်တော်  ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်မင်းစံက ပြောသည်။ ထိုဖြစ်စဉ်နှင့် ပက်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။
၂၁ ဦးကို ပဲခူးဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်း၊  သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
သေဒဏ်ကျ မြန်မာနှစ်ဦး၏ အသက်ကို ထိုင်းဘုရင်ထံ  အလှူခံ
လိပ်ကျွန်းအမှုဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာ၂ ဦး၏အသက်ကို ဇီဝိတဒါနအဖြစ် လှူဒါန်းကုသိုလ်ပြုပေးရန် သံဃာအပါး ငါးထောင်ခန့်က မတ်လ ၉ ရက်နေ့တွင် ထိုင်းဘုရင်ထံ စာလွှာပေးပို့ခဲ့ကြောင်း ရခိုင် သံဃာ့နိကာယအသင်း အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘန္ဒန္တ သုဇာတက မိန့်ကြားသည်။
မြန်မာနှစ်ဦးအတွက် အယူခံဝင်နိုင်ရေးအတွက် မြန်မာသံရုံး အထူးအဖွဲ့များနှင့် ထိုင်း ရှေ့နေများကောင်စီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ (ကိုးကား -   Democracy Today)
လုပ်အားပေးနှင့် ကလေးစစ်သား မသုံးရန် တပ်ချုပ်ပြောကြား
တပ်သားသစ်စုဆောင်းရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ရန်၊ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို သေသေချာချာ လိုက်နာရန် လိုအပ်ကြောင်း   ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၉ ရက်နေ့ တပ်တွင်း အခမ်းအနားတစ်ခုတွင် ပြောလိုက်သည်။
အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခြင်းနှင့် ပတ်သက်ပြီး ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာရန်၊  မသုံးပါနှင့်ဟု ပြောထားလျှင် လုံးဝမသုံးရန်လည်း    ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် နည်းပြအရာရှိကြီးများ၊  သင်တန်းသားအရာရှိများနှင့်  တွေ့ဆုံစဉ်   ပြောကြားခဲ့သည်။  (ကိုးကား - မြဝတီ)

မတ်လ ၉ ရက်နေ့ သတင်းများ

အထိန်းသိမ်းခံဆန္ဒပြကျောင်းသားများ တရားရုံးတက်ရန် ငြင်းဆန်မည်
ပညာရေးဥပဒေ ဆန့်ကျင်သည့် အထိန်းသိမ်းခံ ကျောင်းသား ခေါင်းဆောင်များက  မတ်လ ၁၅ရက်နေ့  သာယာဝတီမြို့နယ်တရားရုံး တရားခွင်သို့ သွားရောက် တရားရင်ဆိုင်မည်မဟုတ်သည့်အပြင် အမှုလိုက်ပါဆောင်ရွတ်ပေးနေသည့် ရှေ့နေများ၏ ကိုယ်စားလှယ်လွှဲစာများကို ပြန်လည်ရုပ်သိမ်းသွားမည်ဟု ပြောသည်။
ကျောင်းသားခေါင်းဆောင် တစ်ဦဖြစ်သူ ကိုမင်းသွေးသစ်က ပြီးခဲ့သည့် ၁ နှစ်တာအတွင်း အာဏာပိုင်တို့ စွဲဆိုထားသည့် ပုဒ်မများကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း သက်သေပြရန်  ထိုသို့ ဆုံးဖြတ် လုပ်ကိုင်ခြင်းအတွက် ထောင်ဒဏ် ချမှတ်လျှင်လည်း များစွာအံ့သြမည်မဟုတ်ကြောင်း ပြောသည်။ (ကိုးကား - 7Day Daily)
ရခိုင်ပြည်နယ်တွင် စိတ်ကြွဆေး လေးသိန်းခွဲ ဖမ်းဆီးရမိ
ရန်ကုန်မှ စစ်တွေသို့မောင်းနှင်လာသော ကားတစ်စီးကို ရခိုင်ပြည်နယ် မအီမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် တနင်္လာနေ့က စစ်ဆေးစဉ် ပန်းရောင် စိတ်ကြွဆေးပြား လေးသိန်းခွဲ တွေ့ရသဖြင့် ယာဉ်မောင်းနှင့် လိုက်ပါလာသူတစ်ဦးကို ထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ (ကိုးကား - Daily Eleven)

ဧရာဝတီအထက်ပိုင်းတွင် တမံလိုအပ်ကြောင်း ရေပညာရှင်များပြော
ဧရာဝတီမြစ်အထက်ပိုင်းတွင်   ရေသိုလှောင်ထားရှိရမည့် တမံတစ်ခု   တည်ဆောက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှ ပညာရှင်များက အင်္ဂါနေ့တွင် ပြောလိုက်သည်။
ယခု ရွေးချယ်ထားသည့် နေရာမှာ မှားယွင်းနေသည်ဟု အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရေပညာရှင် ဒေါ်ခင်နီနီသိန်းက ပြောသည်။ လယ်ယာစိုက်ပျိုးရေးနှင့် သောက်သုံးရေပြဿနာဖြေရှင်းနိုင်ရေးအတွက် ဧရာဝတီမြစ်ရေ  ထိန်းသိမ်းသိုလှောင်ထားရမည့် သက်စောင့်ရေလှောင်ကန် မဖြစ်မနေလိုအပ်သည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)

မတ်လ ၈ ရက်နေ့ သတင်းများ

ဦးစိုင်းညွန့်လွင် ဒုသမ္မတ တစ်နေရာ ရမည်လော
အစိုးရအဖွဲ့တွင် ရာထူးတစ်နေရာ ယူရန် NLD က ကမ်းလှမ်းထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။ မည်သည့်ရာထူး ဆိုသည်ကို NLD က ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ဆိုသည်။ ရာထူးနေရာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဦးစိုင်းညွန့်လွင်သည် နိုင်ငံရေးသြဇာပိုမိုကြီးမားသော SNLD ဥက္ကဋ္ဌထက် ပိုမိုရေပန်းစားလာသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ၎င်းသမီးတစ်ဦး သြစတေးလျနိုင်ငံသား ခံယူထားသောကြောင့် သမ္မတ သို့မဟုတ် ဒုသမ္မတရာထူးယူနိုင်ရန်မှာ အခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့် ညှိစွန်းနေသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
လက်ပတ်နီ အစီရင်ခံစာကို ထုတ်ပြန်မည်မဟုတ်
၂ဝ၁၅ ရန်ကုန်ဆန္ဒပြပွဲတစ်ခုကို လူစုခွဲစဉ် အသုံးပြုခဲ့သည့် လက်ပတ်နီဝတ်အကြမ်းဖက်သူများနှင့် ပတ်သက်သည့် အစီရင်ခံစာကို အများပြည်သူသိရှိရန် ထုတ်ပြန်မည်မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။
ထိုဖြစ်ရပ်နောက်ပိုင်း ဆန္ဒပြမှုများကို ထိန်းသိမ်းသည့်အခါ လက်ပတ်နီများ မပါဝင်တော့ကြောင်း သူက ဆက်ပြောသည်။ လက်ပတ်နီဝတ်ထားသူတချို့ ဆန္ဒပြသူတို့ကို အကြမ်းဖက်မှုအကြောင်း ကော်မရှင်ဖွဲ့စုံစမ်းခဲ့သည့် အစီရင်ခံစာကို သမ္မတထံ ပေးပို့ထားသည်။  (ကိုးကား - The Voice Daily)

ချိုးလင်းပြာကို  မြန်မာနိုင်ငံမျိုးရင်းငှက်အဖြစ် သတ်မှတ်
ရှားပါးငှက်မျိုးစိတ် ချိုးလင်းပြာကို  မြန်မာနိုင်ငံမျိုးရင်းငှက်အဖြစ် နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများက အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်း ငှက်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။ ချိုးလင်းပြာကို မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသများတွင် တွေ့နိုင်သည်။  (ကိုးကား - The Voice Daily)

မတ်လ ၇ ရက်နေ့ သတင်းများ

ဘီပိုး၊ စီပိုးရှိသူအများဆုံးနိုင်ငံများထဲတွင် မြန်မာပါဝင်
မြန်မာနိုင်ငံသည်  ကမ္ဘာတွင် အသည်းရောင်အသားဝါ စီပိုး၊ ဘီပိုး ရှိသူ အများဆုံး နေထိုင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း အသည်း အထူးကု ဆရာဝန်ကြီး  ဒေါက်တာခင်မောင်ဝင်းက ပြောလိုက်သည်။
အသည်းရောင်အသားဝါ ဘီပိုး ရှိသူ ၃ ဒသမ ၃ သန်းကျော်၊ စီပိုးရှိသူ  ၁ ဒသမ ၃ သန်း ရှိသည်ဟု   ကျန်းမာရေးဦးစီးဌာန၏  ၂ဝ၁၅   စာရင်းဇယားများကို ကိုးကားပြီး ဒေါက်တာခင်မောင်ဝင်းက ပြောသည်။ စီပိုး၊ ဘီပိုးတို့ကြောင့် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာတို့ ဖြစ်ပေါ်လာနိုင်သည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - မြန်မာအလင်း)
ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ခံရခြင်း တစ်နှစ်ပြည့်အစီအစဉ် ပြုလုပ်မည်
 အမျိုးသားပညာရေး ဥပဒေ ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ခံရခြင်း တစ်နှစ်ပြည့် အစီအစဉ်ကို ကြာသပတေးနေ့တွင်  ပြုလုပ်သည့်အခါ တရားစွဲဆိုထားသည့် အမှုများ ပြန်ရုပ်သိမ်းရန်၊ တရားစီရင်မှု မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဟု  ဗကသများအဖွဲ့ချုပ်၏ သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်တွင် ပြုလုပ်မည့် အစီအစဉ်တွင်  အကြမ်းဖက်ခံရစဉ်က မှတ်တမ်း ဓာတ်ပုံများ၊ အထိန်းသိမ်းခံနေရသည့် ကျောင်းသားများ၏ ပြောစကားရုပ်သံဖိုင်များ ပြသသွားမည်ဟု ဆိုသည်။  (ကိုးကား - 7Day Daily)
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ၂ဝ၁၇ တွင် စတင်နိုင်မည်
ရန်ကုန်ဘူတာကြီးနယ်မြေ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂ဝ၁၇ ခုနှစ် မေလတွင် စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
စီမံကိန်းတည်ဆောက်ရေးတင်ဒါဆွဲခွင့်ရရှိထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ  ၁၅ ခုသည် တင်ဒါအဆိုပြုလွှာကို ၆ လအတွင်း တင်ပြရမည်ဖြစ်ပြီး ၎င်းတို့ထဲမှ  တင်ပြမှုအကောင်းဆုံး ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမည်ဟု ဆိုသည်။ ၆၃ ဧက ကျယ်ဝန်းသော စီမံကိန်းနယ်မြေတွင် စီးပွားရေးလုပ်ငန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ ပို့ဆောင်ရေးစနစ်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။ (ကိုးကား - မြန်မာ့အလင်း)

မတ်လ ၄ ရက်နေ့ သတင်းများ

NLD အမတ်များ၏ အင်္ဂလိပ်စာ အရည်အသွေးကို စစ်ဆေးမည်
နေပြည်တော်လွှတ်တော်ရုံးနှင့် ဗြိတိသျှကောင်စီတို့  ပူးပေါင်းစီစဉ်သည့်  အင်္ဂလိပ်စာ ကျွမ်းကျင်မှု ၃ ရက်ကြာ စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲရလဒ်ပေါ် မူတည်ကာ အင်္ဂလိပ်စာသင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အမတ်များက ပြောသည်။ NLD ပါတီဝင်မဟုတ်သည့်  အမတ်များလည်း ဆန္ဒရှိပါက ထိုအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
စင်ကာပူတွင် တစ်လအတွင်း မြန်မာအိမ်အကူ ၄ဝ နီးပါး  ထွက်ပြေး
စင်ကာပူတွင် အိမ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှိပ်စက်မှုတို့ကြောင့် ဖေဖော်ဝါရီလတွင် ထွက်ပြေးသည့် မြန်မာအိမ်အကူ   ၃၇ ဦး ရှိကြောင်း စင်ကာပူအခြေစိုက်ရွှေ့ ပြောင်းနေထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့  ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။  
ထွက်ပြေးလာသူများအနက် နေရပ်ပြန်သွားသူ ၁၃ ဦး ရှိကြောင်း၊ အသစ်ရောက်လာသည့် အိမ်အကူများသည် ဘာသာစကားနားမလည်ခြင်း၊ လူနေမှုပုံစံသစ်၊ အလုပ်လုပ်ကိုင်ရာတွင် သွက်လက်မှုမရှိခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရကြောင်း သူက ဆက်ပြောသည်။
စင်ကာပူတွင် ပြည်ပမှလာရောက်လုပ်ကိုင်သည့် အိမ်အကူ နှစ်သိန်းရှိမည်ဟု ခန့်မှန်းထားကြရာ ၎င်းတို့ထဲတွင် အင်ဒိုနီးရှားမှ တစ်သိန်း၊   ဖိလစ်ပိုင်မှ ခုနစ်သောင်း၊ မြန်မာမှ လေးသောင်း ပါဝင်သည်ဟု ဆိုသည်။  (ကိုးကား - 7Day Daily)
ညွှန်ချုပ် ၂ ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကို ရာထူးမှ ဖယ်ရှား
ကချင်ပြည်နယ် ကျောက်စိမ်းဒေသ လူအသေအပျောက်များသည့်မြေပြိုမှု၊  စက်ယန္တရားကြီးများ တရားမဝင် တင်သွင်းမှုတို့နှင့်ပတ်သက်၍ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ညွှန်ချုပ်နှစ်ဦး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရာထူးမှဖယ်ရှားခံလိုက်ရသည်ဟု ယင်းဌာနများထံမှ သိရသည်။   (ကိုးကား - The Voice Daily)

မတ်လ ၃ ရက်နေ့ သတင်းများ

ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်နေရာအားလုံးကို NLD အမတ်များထဲမှ ရွေးမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် နေရာများအတွက်  ပါတီ၏  ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကိုသာ ခန့်အပ်မည်ဟု  NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်က မတ်လ ၁ ရက်နေ့တွင် ပြောလိုက်သည်။
ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များကို သမ္မတက ရွေးချယ်ခန့်အပ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် နေရာအများစု ရရှိထားသော   ရခိုင်အမျိုးသားပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာ ရလိုကြောင်း တောင်းဆိုထားသည်။ (ကိုးကား - Daily Eleven)
ဧရာဝတီလင်းပိုင် ၆၅ ကောင် မှတ်တမ်းတင်နိုင်ခဲ့
ဧရာဝတီမြစ်ကြောင်းတလျှောက် ဗန်းမော်နှင့် မန္တလေးကြားတွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၆၅ ကောင် ရှိကြောင်း  ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ဖေဖော်ဝါရီ လကုန်ပိုင်း မြစ်အတွင်း ပြုလုပ်သော လင်းပိုင်ထိန်းသိမ်းရေး သုတေသနပြုချက်အရ သိရသည်။ 
မျိုးသုဉ်းမည့်စာရင်းတွင် ပါဝင်နေသည့် ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ဒေသခံနှင့် ပြည်သူများ ပူး ပေါင်းကူညီရမည်ဖြစ်ပြီး ရှော့ခ်တိုက်ငါးဖမ်းခြင်း၊ မြစ်အတွင်း စီးပွားဖြစ်ရွှေတူးဖော်ခြင်း၊ မြစ်ရေညစ်ညမ်းစေခြင်းတို့သည့် လင်းပိုင်များ သွားလာနေထိုင်မျိုးပွားမှုအတွက် ထိခိုက်သည့် လုပ်ရပ်များဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ဝင်းက ပြောသည်။
ယခင်စစ်တမ်းများကိုကြည့်လျှင် ၂ဝ၁၃ တွင် ၆၃ ကောင်၊ ၂ဝ၁၄ တွင် ၅၈ ကောင် ရှိကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
မတ်လအတွက် ရေအရေးပေါ်အကူအညီတောင်းထားသည့်ရွာ ၉ဝဝ ကျော်ရှိ
ရေအခက်အခဲကြောင့် မတ်လအတွက်  သောက်သုံးရေ  အရေးပေါ်အကူအညီတောင်းခံထားသည့် ကျေးရွာ ပေါင်း ၉၈၁ ရွာရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုညွှန်ချုပ် ဦးကျော်သူအောင်က ပြောသည်။ ရေအခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများမှာ ဧရာဝတီ၊    ပဲခူး၊ ရှမ်း၊ ရခိုင်၊   မန္တလေး စသည့် ဒေသတို့တွင် တည်ရှိသည်ဟု ဆိုသည်။
ယခင်နှစ်နွေရာသီက  ၄၆၄ ရွာသာ ရေရှားပါးပြတ်လပ်ခဲ့သော်လည်း ယခုနှစ်တွင် ရွာ ၁,၇ဝဝ ကျော် ရေအခက်အခဲတွေ့နိုင်ကြောင်း ယင်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ (ကိုးကား - 7Day Daily)

Archive