ဒေါ်စုနှင့် ရခိုင်အမျိုးသားပါတီ အမတ်များ ဆွေးနွေးမှု ရလဒ်ကောင်းမွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီ အမတ် ၂၂ ဦး ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြပြီး ရခိုင်ပြည်နယ်တွင်း ပြဿနာများကို ပူးပေါင်းညှိနှိုင်းအဖြေရှာရန် သဘောတူလိုက်ကြသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။
လာမည့်ရက်သတ္တပတ်တွင် နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံသည့်အခါ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးကိစ္စကို ဆွေးနွေးမည်ဟု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။ (ကိုးကား - 7Day Daily)
ရန်ကုန် နှစ်ထပ်လမ်းဆောက်လျှင် ခုံးကျော်တံတားများ ဖြိုဖျက်ရဖွယ်ရှိကြောင်း အမတ်များ သတိပေး
နှစ်ထပ်လမ်းများဖောက်လုပ်မည့် ရန်ကုန်၏ အနာဂတ် မြို့ပြစီမံကိန်းကြောင့် ခုံးကျော်တံတားများ ဖြိုဖျက်ရနိုင်ချေ ရှိသောကြောင့် တံတားသစ်များ ဆောက်လုပ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြာသပတေးနေ့က ကန့်ကွက်ဆွေးနွေးကြသည်။ လာမည့်ဘဏ္ဍာနှစ်တွင် ကမ္ဘာအေး၊ ပါရမီလမ်းဆုံ၊ မြောက်ဥက္ကလာပ လမ်းဆုံတို့တွင် တည်ဆောက်ရန် ကျပ်သန်းပေါင်း ၃၀,၀၀၀ ကျော် သုံးရန် လျာထားကြောင်း၊ ထိုစရိတ်များကို အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတို့တွင် သုံးရန် လွှတ်တော်အမတ်များက တိုက်တွန်းဆွေးနွေးကြသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်သင်္ကြန်အတွက် ရဲအင်အား ၈,၀၀၀ ကျော် သုံးမည်
သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး အတွက် ရဲအင်အား ၈,၀၀၀ ကျော် သုံးမည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ကြာသပတေးနေ့တွင် ပြောသည်။
သင်္ကြန်တွင်း ခိုက်ရန်ဖြစ်ပွားမှု၊ အန္တရာယ်ရှိနိုင်မည့် နေရာများတွင် အရက်သေစာ သောက်စားမူးယစ်မှုတို့ မဖြစ်ပေါ်စေရန်လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း၊ အင်းလျားကန်ကဲ့သို့ သော နေရာမျိုးတွင် ရေနစ်သေဆုံးမှုမ ရှိစေရန်အတွက် ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ထားရှိသွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ (ကိုးကား - The Daily Eleven)
တီဘီလူနာနှစ်သိန်းထဲမှ ငါးသောင်းခန့်ကို ကုသမှုမပေးနိုင်သေး
နိုင်ငံတွင်း တီဘီလူနာနှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ငါးသောင်းခန့်ကို ကုသမှုပေးနိုင်ခြင်း မရှိသေးကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာစည်သူအောင်က ပြောသည်။
ဓာတ်မှန်စက်ပါရှိသော ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့များဖြင့် သွားလာရေးသော ဒေသများ၊ လုပ်ငန်းခွင်များ၊ ထောင်များ၊ စသည့်နေရာများတွင် လိုက်လံရှာဖွေ ကုသပေးနေသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Daily Eleven)