မတ်လ ၂၈ ရက်နေ့ သတင်းများ

DNA ဌာန ရဲတပ်ဖွဲ့တွင် စတင်ဖွဲ့စည်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများ ဖော်ထုတ်ရာတွင် အထောက်အကူအပြုမည့် ဓာတုဗေဒစစ်ဆေးရေးဌာန DNA ဌာနခွဲကို နေပြည်တော်တွင် တနင်္ဂနွေနေ့က စတင်ဖွင့်လှစ်လိုက်သည်။
စစ်ဆေးမှုလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးကြောင်း ၊ မေလတွင် ပြည်ပ ပညာရှင်များ လာရောက်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းကို ပြည်ပ ပညာရှင်တို့က သင်ကြားပေးမည်ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ ဓာတုဗေဒဝန်ရုံးထံမှ သိရသည်။ (ကိုးကား - The Voice Daily, မြန်မာ့အလင်း)

ရှယ်ယာဈေးကွက်ကြောင့် အိမ်ခြံမြေဈေးကျနိုင်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ခန့်မှန်း
မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာသဖြင့် အိမ်ခြံမြေဈေးကွက်ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက တနင်္လာနေ့တွင် ပြောသည်။
ဈေးကွက်စတင်ဖွင့်လှစ်သည့် သောကြာနေ့က ရှယ်ယာပေါင်း တစ်သိန်းကျော် ရောင်းရကြောင်း၊ ရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံလိုသူများအတွက် နေရာဖန်တီးပေးခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ (ကိုးကား -  မြန်မာ့အလင်း)

ဖားကန့်ကျောက်စိမ်းတွင်းတွင် သပိတ်စခန်း ဆက်ဖွင့်မည်
ဖားကန့်ကျောက်စိမ်းတွင်းတွင် မိုင်း  အကြီးအကျယ် ခွဲခြင်း၊ ယန္တယားကြီးများအသုံးပြုခြင်းကို ကန့်ကွက်နေသော ဒေသခံများက ကျောက်မျက်ကုမ္ပဏီတို့နှင့် ညှိနှိုင်းရာတွင် ပြေလည်မှု မရရှိသဖြင့်   ဆက်လက် ဆန္ဒပြမည်ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ရှရော်ခ ကျေးရွာမှ ကိုဝဏ္ဏက ပြောသည်။ မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး လမ်းပိတ်ဆို့ကာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးစဉ် ဆန္ဒပြမှုကို ယာယီ ရပ်နားခဲ့သည်။ (ကိုးကား - The Daily Eleven)

Archive