ကလေး ၃ဦး သေဆုံးစေသော ဘီပိုးကာကွယ်ဆေးဇစ်မြစ်ကို စုံစမ်းနေ
ပဲခူးမြို့ ဆေးရုံကြီးတွင် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးသော မွေးကင်းစ ကလေး ၃ ဦး သေဆုံးပြီး အများအပြား ကုသမှု ခံယူမှုဖြစ်ပွားသည့်အတွက် ဆေးဝါးစစ်မှန်ခြင်း ရှိမရှိ၊ လိုင်စင်ဖြင့်သွင်းလာသည့်ဆေး ဟုတ်မဟုတ် စိစစ် ဖော်ထုတ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ကာကွယ်ဆေးထိုးခြင်းမှာ ဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်ကြောင်း၊ ပဲခူးရှိ ပုဂ္ဂလိကဆေးဆိုင်မှ ဆေးကို အသုံးပြုခဲ့ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
စိတ်ကြွဆေးပြား ငါးသိန်းနီးပါး ရန်ကုန်တွင် သိမ်းဆည်းရမိ
ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်၊ သဇင်မြိုင်လမ်းရှိ နေအိမ်တစ်ခုတွင် အင်္ဂါနေ့ညနေပိုင်းက စိတ်ကြွဆေး ၄၇ဝ,ဝဝဝ သိမ်းဆည်းရမိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုအိမ်တွင် ငှားရမ်းနေထိုင်သူနှစ်ဦးကို တနင်္လာနေ့က ရခိုင်ပြည်နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် စိတ်ကြွဆေးများနှင့်အတူ ဖမ်းမိပြီး စစ်ဆေးရာမှ ယခုကဲ့သို့ သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ရဲမှူး လှသန်းက ဆိုသည်။ (ကိုးကား - The Voice Daily)
အခြေခံဥပဒေပြင်ရန် ဗကသ တောင်းဆို
ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေဆန့်ကျင်သည့်ဆန္ဒပြကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့် အစီအစဉ်ကို ကြာသပတေးနေ့က ပြုလုပ်ရာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ်များ ဆက်လက် ဆောင်ရွက်ရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ပြောင်းလဲပြင်ဆင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ NNER ခေါ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရကွန်ရက်၊ ကျောင်းသားကိုယ်စားလှယ်များ၏ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဆန္ဒပြမှုကို မဖြိုခွင်းမီ ရန်ကုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (ကိုးကား - 7Day Daily)