မြိတ်ကျွန်းစုတွင် ဆလုံတိုင်းရင်းသား အနည်းငယ်သာ ကျန်ရှိ
မြိတ်ကျွန်းစုဒေသတွင် ဆလုံတိုင်းရင်းသားဦးရေ အလျင်အမြန်လျော့နည်းလာပြီး ပျောက်ကွယ်မည့်အနေအထား ဖြစ်နေကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်အေးကပြောသည်။
ပြင်စဘုကျွန်းအနီးတွင် ရွက်လွှင့် သွားလာနေသည့် ဆလုံ ၁၃ ဦးသာ ရှိတော့သည်အထိ လူဦးရေ ကျဆင်းလာကြောင်း မကျုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသူနှင့်အိမ်ထောင်ကျသူ ဗမာတိုင်းရင်းသား ကိုထွေးကပြောသည်။ (ကိုးကား - Daily Eleven)
ဒလမြို့နယ် ကျေးရွာအချို့တွင် သောက်သုံးရေ စတင်ပြတ်လပ်
ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့နယ် ဒေသတချို့တွင် မတ်လ ပထမပတ်မှ စတင်ကာ သောက်သုံးရေ ပြတ်လပ်နေကြောင်း ဒေသခံတို့က ပြောသည်။
ဒလနှင့် အနီးဝန်းကျင်မြို့နယ်များတွင် သောက်သုံးရေကန်များတွင် ကန်ရေမျက်နှာပြင် သိသာစွာ နိမ့်ကျလာသဖြင့် ရေခပ်ချိန်ကို ကန့်သတ်ထားရသည်ဟု ဆိုသည်။
ရေစင်တွင် ရေသန့်စက်တပ်ဆင်မှုမှာလည်း ပြီးစီးတော့မည်ဖြစ်သောကြောင့် ရေသန့်ဖြန့်ဝေနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ခရိုင်ကော်မတီကလည်း နွေရာသီ ရေရှားပါးသောရပ်ကွက်များအတွက် ရေသယ်ယာဉ်နှစ်စီး ပေးပို့ထားသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Voice)
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ကွယ်လွန်
‘ဗိုလ်နှုတ်ခမ်းမွေး’ဟု လူသိများသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်သည် မတ်လ ၁၃ ရက်နေ့က ပဲခူးပြည်သူ့ဆေးရုံတွင် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။ ဒုစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက သူ့အရိုက်အရာကို ဆက်ခံသွားဖွယ်ရှိသည်ဟု DKBA အသိုင်းအဝိုင်းက ခန့်မှန်းသည်။ (ကိုးကား - 7Day Daily)