မတ်လ ၁၅ ရက်နေ့ သတင်းများ

ထိန်းသိမ်းခံကျောင်းသားတစ်ဦး တရားခွင်ကို သပိတ်မှောက်
ပညာရေးဥပဒေဆန့်ကျင်ကန့်ကွက်ပွဲများတွင် ပါဝင်မှုဖြင့် တရားစွဲခံနေရသည့် ကိုရဲရင့်ပိုင်မှူးက တနင်္လာနေ့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားခွင်အတွင်းဝင်ရန် ငြင်းဆန်ပြီး ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ရန် ဆန္ဒပြခဲ့သည်။
တရားသူကြီးက ကိုရဲရင့်ပိုင်မှူးရှိနေသော တရားခွင်ဝင်ပေါက်သည် အမှုစစ်ဆေးခြင်းကို ကြားနိုင်သည့်နေရာဖြစ်သည်ဟု ဆိုကာ အမှုကို ဆက်လက် စစ်ဆေးခဲ့သည်။ (ကိုးကား - The Eleven Weekly)

တနိုင်းဒေသ မြေမြှုပ်မိုင်းကြောင့် ၅ ဦး ဒဏ်ရာရ
တနိုင်းမြို့နယ် ပယင်းထွက်ရှိသည့်ဒေသတွင် တနင်္ဂနွေနေ့က မြေမြှုပ်မိုင်းဒဏ်ခံရသူ ၅ ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ၂ ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း တနိုင်းပြည်သူ့ဆေးရုံမှ ဓာတ်မှန်ဘက်ဆိုင်ရာဝန်ထမ်း ဦးပန်နပ်က ပြောသည်။ ထိုနယ်မြေကို ကချင်လွတ်မြောက်ရေးတပ်မတော်က ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး မိုင်းထောင်ထားခြင်းဖြစ်သည်ဟု ပယင်းတူးဖော်သူတို့က ပြောသည်။ (ကိုးကား - The Voice)

ကချင်ဆရာမနှစ်ဦးအမှု ဖော်ထုတ်ရန် အစိုးရသစ်ကို တောင်းဆိုမည်
ရှမ်းပြည်နယ်၊ ပန်ဆိုင်းမြို့နယ်တွင် ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် အစိုးရသစ်ထံတွင် တောင်းဆိုသွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။ အမှုဖြစ်ပွားသည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်သော်လည်း လက်ရှိအစိုးရက ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ အစိုးရသစ်က ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice)

Archive