ကာချုပ်၏မိန့်ခွန်းတွင် ဦးသန်းရွှေအမည် မပါဝင်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခုနှစ်တပ်မတော်နေ့မိန့်ခွန်းတွင် ယခင်တပ်မတော်ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ဆန်း၊ ဦးနေဝင်းတို့အမည် ပါဝင်သော်လည်း ဦးသန်းရွှေအမည် ပါဝင်ခြင်း မရှိပေ။
၂၀၁၄၊ ၂၀၁၅ တပ်မတော်နေ့ မိန့်ခွန်းများတွင်မူ ထိုခေါင်းဆောင်ဟောင်း သုံးဦး၏ အမည်ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရသည်။ (ကိုးကား - 7Day Daily)
အမျိုးသမီးများ မန်းသင်္ကြန်ဝတ်ဆင်မှုသရုပ်ပျက်လျှင် ရဲတပ်ဖွဲ့ အရေးယူမည်
ယခုနှစ် မန္တလေးသင်္ကြန်တွင် အမျိုးသမီးများ သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ပါက ခေါ်ယူသတိပေးခြင်း၊ အရေးယူခြင်း ပြုလုပ်မည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစိန်ထွန်းက သတိပေးလိုက်သည်။
သင်္ကြန်တွင်း မှုခင်းနည်းပါးရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး သရုပ်ပျက်ဝတ်စားခြင်းကြောင့် ပြဿနာကြီးနိုင်သည်ဟု သူက ဆက်ပြောသည်။
ကိုယ်ကျင့်တရားသိက္ခာအ ရှက်အကြောက်မရှိဘဲ သရုပ်ပျက် အ၀တ်အစားများဝတ်ဆင်ပါက ရဲအက်ဥပဒေ ၄၇ အရ ထောင်ဒဏ် ရှစ်ရက် (သို့မဟုတ်) ငွေဒဏ် ၅၀ ကျပ် ချမှတ်နိုင်ကြောင်း သိရသည်။
လုံခြုံမှုမရှိသော၊ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ မူးယစ်သောက်စားခြင်းတို့ကို ထိရောက်စွာ အရေးယူသင့်သည်ဟု ယဉ်ကျေးမှုမြို့တော် မန္တလေးမှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောသည်။ (ကိုးကား - 7Day Daily)
မြန်မာလူ့အခွင့်အရေးကော်မရှင် နိုင်ငံတကာစံချိန်မီရန် ကြိုးစားဆဲ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတကာစံချိန်မီရန် ကြိုးစားဆဲအဖွဲ့အဖြစ် သတ်မှတ်ခံထားရသည်။
အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီမှု "စံ" သတ်မှတ်ရာတွင် အပြည့်အဝ ကိုက်ညီမှုရှိပါက A အဆင့်၊ အပြည့်အဝကိုက်ညီရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိပါက B အဆင့်၊ ကိုက်ညီမှု မရှိပါက C အဆင့် သတ်မှတ်ထားသည်။ ကမ္ဘာတွင် လူ့အခွင့်အရေးကော်မရှင် ၁၁၁ ဖွဲ့ရှိသည့်အနက် A အဆင့် ၇၂ ဖွဲ့၊ B အဆင့် ၂၉ ဖွဲ့၊ C အဆင့် ၁ဝ ဖွဲ့ရှိသည်။
မြန်မာပြည်မှ ကော်မရှင်သည် B အဆင့် ရှိသည်ဟု ကုလသမဂအဖွဲ့ ကမကထပြုသည့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာကော်မတီက သတ်မှတ်ထားခြင်း ဖြစ်သည်။ (ကိုးကား - မြန်မာ့အလင်း)