ဦးစိုင်းညွန့်လွင် ဒုသမ္မတ တစ်နေရာ ရမည်လော
အစိုးရအဖွဲ့တွင် ရာထူးတစ်နေရာ ယူရန် NLD က ကမ်းလှမ်းထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။ မည်သည့်ရာထူး ဆိုသည်ကို NLD က ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ဆိုသည်။ ရာထူးနေရာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဦးစိုင်းညွန့်လွင်သည် နိုင်ငံရေးသြဇာပိုမိုကြီးမားသော SNLD ဥက္ကဋ္ဌထက် ပိုမိုရေပန်းစားလာသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ၎င်းသမီးတစ်ဦး သြစတေးလျနိုင်ငံသား ခံယူထားသောကြောင့် သမ္မတ သို့မဟုတ် ဒုသမ္မတရာထူးယူနိုင်ရန်မှာ အခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့် ညှိစွန်းနေသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
လက်ပတ်နီ အစီရင်ခံစာကို ထုတ်ပြန်မည်မဟုတ်
၂ဝ၁၅ ရန်ကုန်ဆန္ဒပြပွဲတစ်ခုကို လူစုခွဲစဉ် အသုံးပြုခဲ့သည့် လက်ပတ်နီဝတ်အကြမ်းဖက်သူများနှင့် ပတ်သက်သည့် အစီရင်ခံစာကို အများပြည်သူသိရှိရန် ထုတ်ပြန်မည်မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။
ထိုဖြစ်ရပ်နောက်ပိုင်း ဆန္ဒပြမှုများကို ထိန်းသိမ်းသည့်အခါ လက်ပတ်နီများ မပါဝင်တော့ကြောင်း သူက ဆက်ပြောသည်။ လက်ပတ်နီဝတ်ထားသူတချို့ ဆန္ဒပြသူတို့ကို အကြမ်းဖက်မှုအကြောင်း ကော်မရှင်ဖွဲ့စုံစမ်းခဲ့သည့် အစီရင်ခံစာကို သမ္မတထံ ပေးပို့ထားသည်။ (ကိုးကား - The Voice Daily)
ချိုးလင်းပြာကို မြန်မာနိုင်ငံမျိုးရင်းငှက်အဖြစ် သတ်မှတ်
ရှားပါးငှက်မျိုးစိတ် ချိုးလင်းပြာကို မြန်မာနိုင်ငံမျိုးရင်းငှက်အဖြစ် နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများက အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်း ငှက်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။ ချိုးလင်းပြာကို မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသများတွင် တွေ့နိုင်သည်။ (ကိုးကား - The Voice Daily)