ဘီပိုး၊ စီပိုးရှိသူအများဆုံးနိုင်ငံများထဲတွင် မြန်မာပါဝင်
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အသည်းရောင်အသားဝါ စီပိုး၊ ဘီပိုး ရှိသူ အများဆုံး နေထိုင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း အသည်း အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောလိုက်သည်။
အသည်းရောင်အသားဝါ ဘီပိုး ရှိသူ ၃ ဒသမ ၃ သန်းကျော်၊ စီပိုးရှိသူ ၁ ဒသမ ၃ သန်း ရှိသည်ဟု ကျန်းမာရေးဦးစီးဌာန၏ ၂ဝ၁၅ စာရင်းဇယားများကို ကိုးကားပြီး ဒေါက်တာခင်မောင်ဝင်းက ပြောသည်။ စီပိုး၊ ဘီပိုးတို့ကြောင့် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာတို့ ဖြစ်ပေါ်လာနိုင်သည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - မြန်မာအလင်း)
ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ခံရခြင်း တစ်နှစ်ပြည့်အစီအစဉ် ပြုလုပ်မည်
အမျိုးသားပညာရေး ဥပဒေ ဆန့်ကျင်သည့် ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ခံရခြင်း တစ်နှစ်ပြည့် အစီအစဉ်ကို ကြာသပတေးနေ့တွင် ပြုလုပ်သည့်အခါ တရားစွဲဆိုထားသည့် အမှုများ ပြန်ရုပ်သိမ်းရန်၊ တရားစီရင်မှု မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဟု ဗကသများအဖွဲ့ချုပ်၏ သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုရဲရင့်ကျော်က ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်တွင် ပြုလုပ်မည့် အစီအစဉ်တွင် အကြမ်းဖက်ခံရစဉ်က မှတ်တမ်း ဓာတ်ပုံများ၊ အထိန်းသိမ်းခံနေရသည့် ကျောင်းသားများ၏ ပြောစကားရုပ်သံဖိုင်များ ပြသသွားမည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ၂ဝ၁၇ တွင် စတင်နိုင်မည်
ရန်ကုန်ဘူတာကြီးနယ်မြေ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂ဝ၁၇ ခုနှစ် မေလတွင် စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
စီမံကိန်းတည်ဆောက်ရေးတင်ဒါဆွဲခွင့်ရရှိထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၅ ခုသည် တင်ဒါအဆိုပြုလွှာကို ၆ လအတွင်း တင်ပြရမည်ဖြစ်ပြီး ၎င်းတို့ထဲမှ တင်ပြမှုအကောင်းဆုံး ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမည်ဟု ဆိုသည်။ ၆၃ ဧက ကျယ်ဝန်းသော စီမံကိန်းနယ်မြေတွင် စီးပွားရေးလုပ်ငန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ ပို့ဆောင်ရေးစနစ်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။ (ကိုးကား - မြန်မာ့အလင်း)