NLD အမတ်များ၏ အင်္ဂလိပ်စာ အရည်အသွေးကို စစ်ဆေးမည်
နေပြည်တော်လွှတ်တော်ရုံးနှင့် ဗြိတိသျှကောင်စီတို့  ပူးပေါင်းစီစဉ်သည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု ၃ ရက်ကြာ စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲရလဒ်ပေါ် မူတည်ကာ အင်္ဂလိပ်စာသင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အမတ်များက ပြောသည်။ NLD ပါတီဝင်မဟုတ်သည့် အမတ်များလည်း ဆန္ဒရှိပါက ထိုအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
စင်ကာပူတွင် တစ်လအတွင်း မြန်မာအိမ်အကူ ၄ဝ နီးပါး ထွက်ပြေး
စင်ကာပူတွင် အိမ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှိပ်စက်မှုတို့ကြောင့် ဖေဖော်ဝါရီလတွင် ထွက်ပြေးသည့် မြန်မာအိမ်အကူ ၃၇ ဦး ရှိကြောင်း စင်ကာပူအခြေစိုက်ရွှေ့ ပြောင်းနေထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့  ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။
ထွက်ပြေးလာသူများအနက် နေရပ်ပြန်သွားသူ ၁၃ ဦး ရှိကြောင်း၊ အသစ်ရောက်လာသည့် အိမ်အကူများသည် ဘာသာစကားနားမလည်ခြင်း၊ လူနေမှုပုံစံသစ်၊ အလုပ်လုပ်ကိုင်ရာတွင် သွက်လက်မှုမရှိခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရကြောင်း သူက ဆက်ပြောသည်။
စင်ကာပူတွင် ပြည်ပမှလာရောက်လုပ်ကိုင်သည့် အိမ်အကူ နှစ်သိန်းရှိမည်ဟု ခန့်မှန်းထားကြရာ ၎င်းတို့ထဲတွင် အင်ဒိုနီးရှားမှ တစ်သိန်း၊ ဖိလစ်ပိုင်မှ ခုနစ်သောင်း၊ မြန်မာမှ လေးသောင်း ပါဝင်သည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
ညွှန်ချုပ် ၂ ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကို ရာထူးမှ ဖယ်ရှား
ကချင်ပြည်နယ် ကျောက်စိမ်းဒေသ လူအသေအပျောက်များသည့်မြေပြိုမှု၊ စက်ယန္တရားကြီးများ တရားမဝင် တင်သွင်းမှုတို့နှင့်ပတ်သက်၍ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ညွှန်ချုပ်နှစ်ဦး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရာထူးမှဖယ်ရှားခံလိုက်ရသည်ဟု ယင်းဌာနများထံမှ သိရသည်။ (ကိုးကား - The Voice Daily)