ဖုန်းဘီလ်ဧပြီ ၁ ရက်မှ စတင်၍ အခွန်ကောက်မည်
ဧပြီ ၁ မှ စတင်ပြီး မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်းလျှင် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ အခွန်ကောက်ရန် လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေး ဌာန ဒုအရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။
ထိုသို့ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမည်ဆိုပါက မိုဘိုင်းဖုန်းသုံးသူတိုင်း ကျပ် ၁,၀၀၀ ဖြည့်လျှင် ၄၈ ကျပ် အလိုအလျောက် နုတ်သွားမည်ဖြစ်သောကြောင့် ၉၅၂ ကျပ်ဖိုး သုံးနိုင်မည်ဖြစ်သည်။ (ကိုးကား - 7Day Daily)
ဝန်ကြီးဌာန ၁၅ ခု လျှော့ချလျှင် သိန်းတစ်ထောင်ကျော် လစဉ်သက်သာနိုင်
ဝန်ကြီးဌာန ၁၅ ခုလျှော့ချလိုက်လျှင် နိုင်ငံတော် ဘဏ္ဍာ အသုံးစရိတ် လစဉ် သိန်းတစ်ထောင်ကျော် သက်သာ သွားမည်ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုဝန်ကြီး လစာမှာ သိန်း ၃၀ ဖြစ်ပြီး အစိုးရ နေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေ၊ လျှပ်စစ်၊ ပြည်တွင်းဖုန်း အခမဲ့သုံးစွဲခွင့်ရှိသည်။ ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ ကားသုံးစီး၊ ယာဉ်မောင်းသုံးဦးလည်း ခန့်အပ်ပိုင်ခွင့်ရှိသည်။ ကားသုံးစီးအတွက် လစဉ် ဆီဂါလန် ၁၈ဝ ရနိုင်သည်။ ဒုဝန်ကြီး လစာ သိန်း၂၀ ရှိပြီး အခြားခံစားခွင့်၊ အဆောင်အယောင်တို့မှာ ဝန်ကြီးနှင့် အတူတူပင်ဖြစ်သည်။ (ကိုးကား - 7Day Daily)
တရုတ်ဘက်သို့ သစ်ခိုးထုတ်မှုကို မထိန်းချုပ်နိုင်သေး
တရားမ၀င်ခိုးထုတ်သည့် သစ်လုံးများကို တရုတ်ကုန်သည်များ ၀ယ်ယူခြင်း မပြုရန် တရုတ်နိုင်ငံနှင့် စက်တင်ဘာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားသော်လည်း တရားမ၀င် ဆက်လက် ရောင်းဝယ်နေဆဲဖြစ်ကြောင်း နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြောသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်တန်ချိန် ငါးသောင်းကျော် ရှိကြောင်း သစ်တောဌာနထံမှ သိရသည်။ (ကိုးကား - The Voice Daily)