မွေးကင်းစများ ကာကွယ်ဆေးထိုးရာမှ ၃ ဦးသေဆုံး
မွေးကင်းစ ကလေးငယ် ၂၈ ဦးကို တနင်္လာနေ့က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးပေးပြီးနောက် ၃ ဦး သေဆုံးပြီး၊ လေးဦးကို ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသပေးနေကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်မင်းစံက ပြောသည်။ ထိုဖြစ်စဉ်နှင့် ပက်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။
၂၁ ဦးကို ပဲခူးဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်း၊ သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
သေဒဏ်ကျ မြန်မာနှစ်ဦး၏ အသက်ကို ထိုင်းဘုရင်ထံ အလှူခံ
လိပ်ကျွန်းအမှုဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာ၂ ဦး၏အသက်ကို ဇီဝိတဒါနအဖြစ် လှူဒါန်းကုသိုလ်ပြုပေးရန် သံဃာအပါး ငါးထောင်ခန့်က မတ်လ ၉ ရက်နေ့တွင် ထိုင်းဘုရင်ထံ စာလွှာပေးပို့ခဲ့ကြောင်း ရခိုင် သံဃာ့နိကာယအသင်း အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘန္ဒန္တ သုဇာတက မိန့်ကြားသည်။
မြန်မာနှစ်ဦးအတွက် အယူခံဝင်နိုင်ရေးအတွက် မြန်မာသံရုံး အထူးအဖွဲ့များနှင့် ထိုင်း ရှေ့နေများကောင်စီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ (ကိုးကား - Democracy Today)
လုပ်အားပေးနှင့် ကလေးစစ်သား မသုံးရန် တပ်ချုပ်ပြောကြား
တပ်သားသစ်စုဆောင်းရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ရန်၊ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို သေသေချာချာ လိုက်နာရန် လိုအပ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၉ ရက်နေ့ တပ်တွင်း အခမ်းအနားတစ်ခုတွင် ပြောလိုက်သည်။
အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခြင်းနှင့် ပတ်သက်ပြီး ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာရန်၊ မသုံးပါနှင့်ဟု ပြောထားလျှင် လုံးဝမသုံးရန်လည်း ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ (ကိုးကား - မြဝတီ)