အင်းလေးကန်ရေနိမ့်ကျ၊ ရွာ ၈ဝ ခန့် အခက်တွေ့
အင်းလေးဒေသအတွင်း ရေလျော့နည်းလာသဖြင့် ကန်အနောက်ဘက်ခြမ်း ကျေးရွာ ၈ဝ ခန့် သောက်သုံးရေ သယ်ဆောင်ရန် ဝေးလံစွာ သွားရခြင်း၊ ရေကြောင်းသွားလာမှု ခက်ခဲခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု Save The Inlay Lake အဖွဲ့ထံမှ သိရသည်။ သွားလာမှု အဆင်ပြေရန် နှုန်းဆယ်ယူနေသော ဒေသခံအဖွဲ့အစည်းတို့၏ အစီအစဉ်မှာလည်း အလှူငွေ လိုအပ်နေသည်ဟုဆိုသည်။ (ကိုးကား - The Daily Eleven)
ရဝမ် မနောပွဲ ပူတာအိုတွင် ကျင်းပမည်
လွန်ခဲ့သည့် ၁၆ နှစ်က ပြုလုပ်ခဲ့ဖူးသည့် ရဝမ်ယဉ်ကျေးမှုပွဲတော်ကို ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ပြန်လည်ပြုလုပ်မည်ဟု ရဝမ်စာပေနှင့်ယဉ်ကျေးမှုကော်မတီက အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
သင်္ကြန်အပြီး ဧပြီ ၁၉ ရက်နေ့တွင် ၅ ရက်ကြာ ပြုလုပ်မည့် ရဝမ်တိုင်းရင်းသားတို့၏မနောပွဲတွင် လာရောက်ကပြရန် နိုင်ငံတွင်း အဖွဲ့အသီးသီးကို ဖိတ်ခေါ်ကြောင်း ကော်မတီက ပြောသည်။ (ကိုးကား - Democracy Today)
မြစ်ဆုံစီမံကိန်းလုံးဝရပ်ရန် ကချင်အဖွဲ့များ တောင်းဆို
ကချင်ပြည်နယ်ရှိ ဆိုင်းငံ့ထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပေးရန်အတွက် ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သဘောထားကြေညာချက်ထုတ်ပြန်သည်။
မတ်လ ၄ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်မီဒီယာများတွေ့ဆုံပွဲအတွင်း သံအမတ် Mr.Hong Laing က စီမံကိန်းက အကျိုးပြုမည့်အချက်များကို ပြည်သူတို့ နားလည်လက်ခံလာစေရန် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်နှင့်ပါ ညှိနှိုင်းဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ (ကိုးကား - The Voice Daily)
မန္တလေးမူးယစ်ရာဇာဟု ယူဆရသူကိုဖမ်းရန် တရုတ်ရဲနှင့် ချိတ်ဆက်
မန္တလေးမြို့တွင် မတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိသည့် ကျပ် ၃၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ဟု ယူဆရသူ မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးသည် မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ပြည်ပသို့ထွက်ခွာမသွားနိုင်ရန်
တရုတ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
မူးယစ်ဆေးသယ်ဆောင်လာသူ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးတို့ကိုသာ ဖမ်းဆီးရမိထားကြောင်း၊ ရဲတပ်ဖွဲ့က အလိုရှိနေသူသည် မတ်လ ၃ ရက်နေ့ ရန်ကုန်တွင် ဖမ်းမိသည့် ကျပ် ၆ သိန်းကျော်တန် စိတ်ကြွဆေးများ၏ပိုင်ရှင်လည်း ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)