ရခိုင်ပြည်နယ်အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတ ပြန်ရုပ်သိမ်း
ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်က ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတဦးသိန်းစိန်က တနင်္လာနေ့တွင် ရုပ်သိမ်းကြောင်း ကြေညာလိုက်သည်။
ဒေသတွင်းပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း ပြည်နယ်အစိုးရကလည်း တင်ပြခဲ့သည်ဟု သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
ဗိုလ်ချုပ်စစ်ကြေညာသည့်ရွာတွင် အမှတ်တရရုပ်တု ဖွင့်လှစ်
စစ်တိုင်းအသီးသီး တိုက်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်း စစ်ကြေညာချက် တော်လှန်ရေးအမိန့်ထုတ်ခဲ့သည့် သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာတွင် တနင်္ဂနွေနေ့က ၎င်း၏ရုပ်တု ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ထိုရွာရှိ သူကြီးအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ရုပ်တုအလှူရှင်မှာ ပခုက္ကူမြို့နေ အငြိမ်းစား သမိုင်း တွဲဖက်ပါမောက္ခ ဦးခင်မောင်ဆွေဖြစ်ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
RCSS နှင့် TNLA ချက်ချင်းအပစ်ရပ်ကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို
ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် RCSS နှင့် TNLA လက်နက်ကိုင်အဖွဲ့နှစ်ခုကြား ပဋိပက္ခကို ညှိနှိုင်းပြီး ချက်ချင်းအပစ်ရပ်ကြရန် ဝ ဒေသတွင် ပြုလုပ်သော ပန်ဆန်း(ပန်ခမ်း) ညီလာခံအပြီး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကြေညာလိုက်သည်။
တစ်ဖက်က ပဋိပက္ခဖြစ်အောင် ဆက်လုပ်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍တားဆီးကာကွယ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)