ဒီဇင်ဘာ ၃၁ သတင်းများ
ကလေးနှိပ်စက်မှုဖြစ်ပွားရာ ရန်ကုန်မှ အိမ်ရှင်ဗိုလ်မှူးကို တပ်မှထုတ်ပယ်
၈ နှစ်အရွယ် မိန်းကလေးကို နှိပ်စက်မှုဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့နေအိမ်တစ်ခု၏ အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော်ကို ဒီဇင်ဘာ တတိယပတ်တွင် တပ်မတော်မှ ထုတ်ပယ်လိုက်ကြောင်း တပ်မတော်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
ထိုသို့ အရေးယူခံရသူသည် မြိတ်မြို့၊ အမှတ် ၉၁၈ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ ဒုတပ်ရင်းမှူး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စသည့် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း၊ မိသားစုက မွေးစားထားသည့် ကလေးကို အိမ်အကူဖြစ်သူ နှိပ်စက်နေပုံများ အင်တာနက်တွင် ပေါ်ပေါက်လာပြီးနောက်ပိုင်း ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)
အီသီယိုပီးယားနှင့် သံအဆက်အသွယ်ထူထောင်
ဒီဇင်ဘာ ၂၈ မှ စတင်ပြီး အာဖရိကတိုက်နိုင်ငံတစ်ခုဖြစ်သည့် အီသီယိုပီးယားနှင့် သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်လိုက်သည်။
အီသီယိုပီးယားသည် မြန်မာ၏ ၁၁၄ နိုင်ငံမြောက် သံတမန် ဆက်ဆံရေး ထူထောင်သည့်နိုင်ငံ ဖြစ်လာသည်။ (ကိုးကား - မြန်မာ့အလင်း)
ရေးမြို့နယ် ကျောက်မီးသွေးသုံး စက်ရုံ စီမံကိန်း ခေတ္တဆိုင်းငံ့
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး ၁,၂၈ဝ မဂ္ဂါဝပ်ထွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရေးကို ဒေသခံတို့ သဘောတူညီမှု မရှိသေးမီ ကာလအတွင်း စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုဘဲ ခေတ္တဆိုင်းငံ့ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာ ၃ဝ ရက်နေ့ ပြည့်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောလိုက်သည်။ (ကိုးကား - မြန်မာ့အလင်း)
ဒီဇင်ဘာ ၃ဝ သတင်းများ
အမျိုးသမီးတို့ကို ခေါင်းဆောင်တင်သောပါတီ ၃ ခုသာရှိ
ပါတီ ၉၁ ခုတွင် ဆုံးဖြတ်ချက်ချနိုင်သော ထိပ်ပိုင်းနေရာများအတွက် အမျိုးသမီးတို့ ပါဝင်ခွင့် ရရှိထားသည့် ပါတီ ၃ ခုသာ ရှိသည်ဟု ဖန်တီးအိမ် အရပ်ဘက် အဖွဲ့အစည်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။
ထိပ်ပိုင်းရာထူးများတွင် အမျိုးသမီးတို့ကို အချိုးကျစနစ်ဖြင့် ပါဝင်ခွင့် ပြုသင့်ကြောင်း၊ နေရာပေးဖို့အတွက် မကြိုးစားကြဘဲ ယဉ်ကျေးမှုဓလေ့ထုံးစံအရဟုသာ ဆင်ခြေပေးနေကြကြောင်း ထိုအဖွဲ့၏ စီမံကိန်းဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောသည်။ (ကိုးကား - The Voice Daily)
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဆက်ဖြစ်
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက် ရှိပြီဟု ဒေသခံတို့က အင်္ဂါနေ့တွင် ပြောသည်။
မတ်၊ ဧပြီလတို့တွင် တိုက်ပွဲဖြစ်ပွားစဉ်က ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရသော ဒေသခံ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ယခုတိုင် တရားရင်ဆိုင်နေရကြောင်း၊ လတ်တလော တိုက်ပွဲများကြောင့် ထိုသို့သော ဖမ်းဆီးမှုများ ဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်နေကြကြောင်း သိရသည်။  (ကိုးကား - The Daily Eleven)
အစိုးရသစ်လက်ထက် ပြည်ခိုင်ဖြိုးညီလာခံတွင် ဥက္ကဋ္ဌသစ်ရွေးမည်
အစိုးရသက်တမ်းကုန်ဆုံးပြီးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အမာခံများဖြင့် ပြန်လည် ဖွဲ့စည်းရေး ညီလာခံ ကျင်းပရန် စီစဉ်ထားပြီး ပါတီ ဥက္ကဋ္ဌသစ်ကိုလည်း ညီလာခံမှ ရွေးချယ်မည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေက ပြောသည်။
ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့ ဥက္ကဋ္ဌတာဝန် ပြန်လည် ထမ်းဆောင်လိုခြင်း ရှိမရှိ မသိရသေးကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)
ဒီဇင်ဘာ ၂၉ သတင်းများ
ပြည်ပကုန်သွယ်မှု ဒေါ်လာ သန်းလေးထောင်နီးပါး လိုငွေပြ
ဧပြီမှ နိုဝင်ဘာလအတွင်း ပြည်ပကုန်သွယ်မှုတွင် ဒေါ်လာ ၃,၇၁၃ သန်း လိုငွေပြခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ပို့ကုန်သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။
ထိုကာလအတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၇,၂ဝ၄.၃၆ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ဝ,၉၁၇.၃၇ သန်း ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)
တာချီလိတ်ကျောက်မီးသွေးသုံးစက်ရုံ ၂ နှစ်အကြာတွင် စတင်လည်ပတ်မည်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်လျက်ရှိပြီး ၂ဝ၁၇ ဒီဇင်ဘာတွင် စတင်လည်ပတ်နိုင်မည်ဟု သိရသည်။
စက်ရုံတာဝန်ရှိသူများက ဒေသခံတို့နှင့် စနေနေ့တွင် တွေ့ဆုံစဉ် ဒေသအကျိုး ကူညီဆောင်ရွက်ပေးမည့် ကဏ္ဍများကို သဘောတူ ညှိနှိုင်းနိုင်ခဲ့သည်ဟု ဆိုသည်။
ဓာတ်အား ၂၂ မဂ္ဂါဝပ် ထွက်မည့် ထိုစက်ရုံသည် ကျောက်လိုဏ်ဂူကျေးရွာနှင့် ၂ မိုင်ခန့် အကွာတွင် တည်ရှိသည်။
အခြားဒေသများရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ (ကိုးကား - မြန်မာ့အလင်း)
စစ်တပ်ယူနီဖောင်းအရောင်ကို Facebook တွင် သရော်သူ ထောင် ၆ လ ချမှတ်ခံရ
တပ်မတော်ယူနီဖောင်းအရောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် နှိုင်းယှဉ်ပြီး Facebook တွင် သရော်သည်ဟုဆိုသော မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တရားရုံးက တနင်္လာနေ့တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။
ထောင်ထဲတွင် ၃ လ နေထိုင်ပြီးဖြစ်သောကြောင့် လွတ်မြောက်ရန် ၃ လသာ ကျန်ပြီး အယူခံဝင်ရန် စဉ်းစားနေသည်ဟု သူ၏ ရှေ့နေက ပြောသည်။ (ကိုးကား - 7Day Daily)
ဒီဇင်ဘာ ၂၈ သတင်းများ
ဖားကန့်မြေစာပုံ ပြိုကျမှု လူ ၃ ဦးပျောက်ဆုံးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်း စွန့်ပစ်မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးပျောက်ဆုံးနေကြောင်း သတင်းအရ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။
အမြင့် ပေ ၁ဝဝ ခန့်ရှိသော မြေစာပုံ ပြိုကျချိန်က ထိုနေရာတွင် ရေမဆေးကျောက် ရှာဖွေသူများ ရှိနိုင်သည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)
ရန်ကုန်ဆန္ဒပြမှုများကြောင့် ထိုင်းသံရုံး ဗီဇာဌာန ရက်အနည်းငယ်ပိတ်မည်
ထိုင်းနိုင်ငံတွင် သေဒဏ် စီရင်ချက် ချခံရသော မြန်မာအလုပ်သမား ၂ ဦးအမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအနီး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ် နေသဖြင့် ဗီဇာဌာနကို တနင်္လာနေ့မှစပြီး ၃ ရက်ကြာပိတ်ထားမည်ဟု သိရသည်။
ဤအတောအတွင်း ဆေးကုသမှုခံယူခြင်း ကဲ့သို့သော အရေးတကြီး ခရီးသွားလာမှုများအတွက် ဖုန်းနံပတ် ဝ၉ ၅ဝ၉ ဝ၉၂၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ (ကိုးကား - Daily Eleven)
ရန်ကုန်၊ ရွှေပြည်သာတွင် အမျိုးသားရေးအင်အားစုများ ဆန္ဒပြ
တနင်္ဂနွေနေ့က ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ သံဃာတော်တချို့၊ အမျိုးသားရေး အင်အားစုများနှင့် ပြည်သူ ၁,ဝဝဝ ခန့် စုဝေးပြီး လူမျိုးလိမ်အတုအယောင် ဆန့်ကျင် ကန့်ကွက်ရေးနှင့် အဓိကရုဏ်းဖြစ်မှု ကာကွယ်ရေး ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သော ရိုဟင်ဂျာတို့ကို တိုင်းရင်းသားဖြစ်သယောင် လိမ်လည်ခြင်းသည် လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်ကြောင်း ရှေ့နေ ဦးအေးပိုင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေတို့က ဟောပြောခဲ့သည်။ (ကိုးကား - Democracy Today)
ဒီဇင်ဘာ ၂၄ သတင်းများ
အာဖရိကသို့ အလုပ်သမား ၈ ဦး တရားမဝင်ပို့သည်ဟု စွပ်စွဲခံရသူကို ထိန်းသိမ်း
 အမျိုးသမီး ၈ ဦးကို အာဖရိကတိုက်၊ ဆွာဇီလန်နိုင်ငံ၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ရေးအတွက် တရားမ၀င်ပို့ဆောင်ရန် စီစဉ်သည်ဟု ယူဆရသူကို အင်္ဂါနေ့က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်ပြီး အမှုဖွင့် စစ်ဆေးနေ ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကျေးလက်ဒေသခံ ၈ ဦးကို ဆွာဇီလန်သို့ ပို့ဆောင်ရန် စီစဉ်သူဟု စွပ်စွဲခံရသော  ၆၅ နှစ်အရွယ်  အမျိုးသမီးမှာ အကျိုးဆောင်လိုင်စင်မရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ကို  ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့်   အမှုဖွင့်ထားသည်။ (ကိုးကား - The Voice Daily)
အစိုးရသစ်လက်ထက်တွင် MPC ကို ဖျက်သိမ်းမည်မဟုတ် 
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ကို  ဆက်လက်ထားရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောကြောင်း  ထိုဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးထံမှ သိရသည်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော MPC နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ကလည်း သတင်းထုတ်ပြန်သည်။ (ကိုးကား - Democracy Today)
ပြည်ပထွက်မည့် ဘင်္ဂါလီ ၃ ဦးကို ရန်ကုန်လေဆိပ်တွင် တားဆီး
အင်္ဂါနေ့ညနေပိုင်းက  ရန်ကုန်လေဆိပ်တွင်  ပြည်ပထွက်မည့် ဘင်္ဂါလီအမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး တို့ကို  မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း မြန်မာစကား  ပြောတတ်ခြင်း မရှိသည့်အပြင်  နိုင်ငံသားဖြစ်ကြောင်းလည်း သက်သေမပြနိုင်သည့်အတွက် ထိန်းထိမ်းထားကြောင်း သတင်းရရှိသည်။
အမျိုးသားများမှာ နိုင်ငံကူးလက်မှတ်ကို  ဒီဇင်ဘာ ၄ ရက်နေ့က ရခဲ့ပြီး အမျိုးသမီးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ရခဲ့ခြင်း ဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များတွင် ဖော်ပြထားသည်။ (ကိုးကား - Daily Eleven)
ဒီဇင်ဘာ ၂၃ သတင်းများ
NLD ပါတီဝင် တိုင်းရင်းသားအမတ်ကိုသာ ပြည်နယ်ဝန်ကြီးချုပ်ခန့်မည်
ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များကို ပါတီဝင် တိုင်းရင်းသားလူမျိုးစု အမတ်များထဲမှ ရွေးချယ်ခန့်အပ်ရန် စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့များတွင်မူ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တချို့ ပါဝင်လာဖွယ်ရှိကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - Daily Eleven)
မော်ချီးသတ္တုတွင်းတွင် ယန္တရားကြီးများအသုံးပြုမှုကို ဒေသခံတို့စိုးရိမ်
မကြာသေးမီက မြေပြိုမှု ဖြစ်ပွားခဲ့သော ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် စက်ယန္တရားကြီးများအသုံးပြုပြီး ခဲတူးဖော်မှု ပိုမိုလုပ်ဆောင်နေသောကြောင့် အောက်တိုဘာလက ကြုံတွေ့ရသော လူအသေအပျောက်များသည့် မြေပြိုမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံတို့က ပြောသည်။
အောက်တိုဘာ လလယ်ပိုင်း မြေပြိုမှုတွင် ၁၆ ဦး အနည်းဆုံး သေဆုံးပြီး၊ အိမ်များ ပျက်စီးရခြင်းမှာ ခဲတူးဖော်မှု အလွန်အကျွံ ပြုလုပ်ခြင်းနှင့် ဆက်စပ် နေသည်ဟု ဒေသခံတို့က ပြောသည်။
ခဲတွင်းထွက် စွန့်ပစ်ရေဆိုးကြောင့် ချောင်းများ ပျက်စီးသွားပြီဖြစ်ကြောင်း၊ စက်ယန္တရားအသုံးပြုတူးဖော်နေသူများမှာ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်နေသဖြင့် ဒေသခံများက သွားရောက်ကန့်ကွက်ခြင်း မပြုဝံ့ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် စေဂျွန်က ပြောသည်။ (ကိုးကား - Daily Eleven)
လက်ပံတောင်းဒေသခံ ကျည်ထိသေဆုံးမှု ၁ နှစ်ပြည့်ချိန်အထိ ပစ်ခတ်မှုကို အရေးမယူနိုင်သေး
လက်ပံတောင်းတောင် ဒေသမှ တောင်သူ ဒေါ်ခင်ဝင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံစဉ် ကျည်ဆံထိ သေဆုံးမှု တစ်နှစ် ပြည့်သွားပြီးဖြစ်သော်လည်း တာဝန်ရှိသူကိုအရေးယူခြင်း၊ တရားရုံးက ဆင့်ခေါ်ခြင်းများ မရှိသေးကြောင်း မိသားစုက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောလိုက်သည်။
အစိုးရသစ်လက်ထက်တွင်လည်း ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း နယ်မြေကို ခြံစည်းရိုးခတ်နေစဉ် မြေသိမ်းခံရသည် ဒေသခံတို့ ဝိုင်းဝန်းတားမြစ်စဉ် နှစ်ဖက်အခြေအနေတင်းမာပြီး ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ (ကိုးကား - Daily Eleven)
ဒီဇင်ဘာ ၁၈ သတင်းများ
ဝန်ကြီးဌာနလျှော့ချစဉ် ဝန်ထမ်းများကို ဖြုတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့စည်းသည့်အခါ ဝန်ကြီးဌာနတချို့ကို ပူးပေါင်းလိုက်မည် ဖြစ်သော်လည်း ဝန်ထမ်းများကို ဖြုတ်မည်မဟုတ်ဟု နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဝန်ထမ်းများ မည်သည့်အဖွဲ့အစည်း နောက်ခံ ရှိခဲ့သည့်ဖြစ်စေ ခွဲခြား ဆက်ဆံမည်မဟုတ်ဘဲ အတိက်ကကိစ္စရပ်များကို အတိတ်တွင်သာ ထားမည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်မြို့ပြင်ရှိ ကျူးကျော်အိမ်ခြေတစ်ထောင်ကျော်ကို ဖျက်ဆီးဖယ်ရှား
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပိုင်မြေပေါ်တွင် တည်ဆောက်ထားသော ကျူးကျော်အိမ်ခြေ တစ်ထောင်ကျော်ကို ဒီဇင်ဘာ ၁၇ နံနက်မိုးမလင်းခင် မြေကော်စက်များဖြင့် ဖျက်ဆီးဖယ်ရှားလိုက်သည်။
ပေ ၄ဝ x ၆ဝ မြေတစ်ကွက်ကို ကျပ်တစ်သောင်းမှ ကျပ်သိန်းငါးဆယ်ထိ ဈေးနှုန်း သတ်မှတ်ပြီး ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများ အမည်ခံပုဂ္ဂိုလ်တချို့က ရောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေရာတွင် နှစ်ပေါင်း၂ဝ ကျော် နေထိုင်ခဲ့သည့် မိသားစု ၂ဝ ခန့်၏ နေအိမ်များလည်း ဖယ်ရှားရာတွင် ပါဝင်သွားသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
NCA လက်မှတ်ထိုးအဖွဲ့များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ခုမှခေါင်းဆောင်များ ဒီဇင်ဘာလ ၁၇ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည်။
တစ်နာရီကျော်ကြာသည့် နေပြည်တော် တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့ပြီး၊ NCA တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လက်မှတ်မရေးထိုးရသည့် အကြောင်းရင်းကို ရှင်းပြခဲ့ကြောင်း သိရသည်။ (ကိုးကား - Democracy Today) 
ဒီဇင်ဘာ ၁၇ သတင်းများ
လစ်လပ်ကိုယ်စားလှယ်ဆိုင်ရာဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု
လွှတ်တော်ကိုယ်စားလှယ်လစ်လပ်သွားသည့် မဲဆန္ဒနယ်တစ်ခုတွင် ၆ လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၁၆ တွင် အတည်ပြုလိုက်သည်။
ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသည့်အခါ သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်၏ အဆုံးဖြတ်ခံယူရမည်ဖြစ်သည်။ (ကိုးကား - 7Day Daily)
ရန်ကုန် မြစ်ချောင်းများ ရေအရည်အသွေး ကျဆင်း
မြောင်းအတွင်း အမှိုက်စွန့်ပစ်ကြခြင်းကြောင့် ရန်ကုန်မြို့ဝန်းကျင်ရှိ မြစ်ချောင်းများတွင် ရေအရည်အသွေး များစွာကျဆင်းနေကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။
မြစ်ချောင်း မသန့်ရှင်းမှုကြောင့် ရေအောက်ရှိ ရေနေသတ္တ၀ါများ၊ အပင်များ ရှင်သန်ရန်အတွက် လိုအပ်သော အောက်ဆီဂျင်ပမာဏကို လျော့ကျစေကြောင်း သူက ဆက်ပြောသည်။
ငမိုးရိပ်ချောင်း၊ လှိုင်မြစ်၊ ပဲခူးမြစ်တို့သည် ရန်ကုန် မြောင်းများမှရေဆိုးစွန့်ပစ်မှုကို တိုက်ရိုက်ခံနေရသည်။ (ကိုးကား - မြန်မာတိုင်းမ်)
ချင်းပါတီ ၁၂ ခု ပူးပေါင်းရေး ညှိနှိုင်းမည်
ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားပါတီများ နေရာအနည်းငယ်တွင်သာ အနိုင်ရသဖြင့် ချင်းပြည်နယ်အခြေစိုက် ပါတီ ၁၂ ခု ပူးပေါင်းရေးအတွက် ကြာသပတေးနေ့တွင် ဆွေးနွေးသွားမည်ဟု ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်က ပြောသည်။
 ပြီးခဲ့သည့်လရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ချင်းတိုင်းရင်းသား ၁၂ ပါတီအနက် ဇိုမီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆ ဦး အနိုင်ရခဲ့သည်။ (ကိုးကား - The Voice Daily)
ဒီဇင်ဘာ ၁၆ သတင်းများ
ဖားကန့်မြေပြိုမှု ထပ်ဖြစ်၊ အသေအပျောက် ၂ဝ အထိ ရှိနိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကန်ခါကျေးရွာတွင် ဒီဇင်ဘာ ၁၄ ရက်နေ့က မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၁၂ ဦးမှ ၂ဝ အထိ ပျောက်ဆုံးနေကြောင်း ရေမဆေးကျောက်ရှာဖွေသူများက ပြောသည်။
ထိုနေရာသည် နိုဝင်ဘာ ၂၁ ရက်နေ့က လူ ၁၁ဝ ကျော် သေဆုံးခဲ့သည့် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့သော နေရာနှင့် ကပ်လျက် တည်ရှိကြောင်း၊ ယခုနှစ်အတွင်း ဖားကန့်ကျောက်စိမ်းတွင်းတွင် မြေစာပုံပြိုကျမှု ၆ ကြိမ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
နိုဝင်ဘာလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၃ ဦး ဖမ်းဆီးခံရ
နိုဝင်ဘာလအတွင်း အထိန်းသိမ်းခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၃ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလကုန်အထိ ရရှိသော စာရင်းအရ အထိန်းသိမ်းခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆ဝ၄ ဦး ရှိနေပြီး ၎င်းတို့အနက် ၄၇၇ ဦးမှာ  တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (ကိုးကား - The Voice Daily)
ရန်ကုန်၊ မန္တလေး ဆင်းရဲသားရပ်ကွက်တချို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ကူညီ
အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပံ့မည့်  ဒေါ်လာ နှစ်သန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလ၊  လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သည့် ချို့တဲ့သူများ၏  လူမှုဘဝကိုမြှင့်တင်ပေးသွားမည်ဟု ဒလမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ကြည်က ပြောသည်။
စီမံကိန်းတွင် ဒလမြို့နယ်အတွင်း  ရပ်ကွက် ၃ ခု ပါဝင်မည် ဖြစ်ပြီး လမ်း၊ ရေကောင်းရေသန့် ရရှိရေး၊ မိလ္လာနှင့် ရေမြောင်းစနစ်ကောင်းမွန်ရေး စသည့် အခြေခံလိုအပ်ချက်များ ဖော်ဆောင်ပေးမည်ဟု သူက ဆက်ပြောသည်။  
အာရှဖွံ့ဖြိုးရေးဘဏ်က မန္တလေးတိုင်းဒေသကြီးအတွက်လည်း ဒေါ်လာ ၂ သန်း ထောက်ပံ့သည်ဟု ဆိုသည်။  (ကိုးကား - Democracy Today)
ဒီဇင်ဘာ ၁၅ သတင်းများ
NLD အမတ်များ သင်တန်းအတွက် ဦးတေဇ၏ အကူအညီယူ
အထက်မြန်မာပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များ တက်ရောက်မည့် သင်တန်းအတွက် ကမကထပြုသူများထဲတွင် လုပ်ငန်းရှင် ဦးတေဇ တည်ထောင်ခဲ့သည့် AGD ဘဏ် ပါဝင်သည်ဟု သိရသည်။
သင်တန်းပြုလုပ်မည့် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်ကိုလည်း ဦးတေဇ ပိုင်ဆိုင်ကြောင်း၊ ပါတီ၏ မူဝါဒအရ ပြည်ပအဖွဲ့အစည်းတို့၏ အလှူငွေကို လက်မခံကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေး နှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံသားအားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဦးမျိုးရန်နောင်သိမ်းက ပြောသည်။ (ကိုးကား - The Daily Eleven)
အမျိုးသမီးအမတ်များလည်း ပါတီကြောင့် ရွေးချယ်ခံရခြင်းဖြစ်
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း အများစု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်၊ ရခိုင်၊ ရန်ကုန်၊ ချင်း စသည့် ဒေသများတွင် ကောက်ယူသည့် စစ်တမ်းအရ ပါတီကိုကြည့်ပြီး မဲပေးသူ မဲဆန္ဒရှင် ၉၈ ရာခိုင်နှုန်း ရှိပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်ခြင်းကြောင့် မဲပေးသူ ၂ ရာခိုင်နှုန်းသာ ရှိကြောင်း အေးချမ်းမြန်မာ အင်စတီကျုက တနင်္လာနေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
အမျိုးသမီးရေးရာနှင့် ပတ်သက်ပြီး မူဝါဒကောင်းများ ရေးဆွဲထားသည့် ပါတီများ အနိုင်မရဘဲ အမျိုးသမီးရေးရာမူဝါဒ အားနည်းသည့် ပါတီများ လွှတ်တော်ထဲ ရောက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးတို့၏ လွှတ်တော်တွင်း လှုပ်ရှားမှုနှင့် ပတ်သက်ပြီး များစွာ မျှော်လင့်နိုင်ဦးမည်မဟုတ်ကြောင်း ထိုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံရသူများထဲတွင် အမျိုးသမီး ၄ ရာခိုင်နှုန်း ပါဝင်သော်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်မူ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်လာသည်။ (ကိုးကား - Democracy Today)
ကချင်၊ ရှမ်းမြောက် ဒုက္ခသည်များအတွက် ဂျာမဏီ ကူညီ
ကချင်၊ ရှမ်းမြောက်ဒေသတို့တွင် ပဋိပက္ခဒဏ်ခံနေရသူများအတွက် ဒေါ်လာ တစ်သန်းခွဲ (ယူရို ၁,၃၈ဝ,ဝဝဝ) ကို ကူညီရေးအဖွဲ့များမှတစ်ဆင့် လှူဒါန်းလိုက်ကြောင်း ရန်ကုန်မြို့ ဂျာမနီသံရုံးက ထုတ်ပြန်သည်။ (ကိုးကား - The Voice Daily)
ဒီဇင်ဘာ ၁၄ သတင်းများ
 အစိုးရတပ်နှင့် တအာင်းသူပုန်အဖွဲ့ တိုက်ပွဲဖြစ်
-------------------------------------------
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရစစ်တပ်တို့ ရှမ်းပြည်နယ် ကျောက်မဲ၊ နမ့်ဆမ်မြို့နယ်များတွင် ဒီဇင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ကျောက်မဲမြို့နယ် လွယ်ပိုက်ကျေးရွာ၊ နမ့်ဆမ်မြို့နယ်ရှိ နမ့်လင်း နှင့် လုံတောက်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် TNLA သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရာတွင် မပါဝင်ရန် အစိုးရဘက်က ငြင်းပယ်ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ (ကိုးကား - The Voice)
TNLA သည် စာချုပ်တွင် ပါဝင်လက်မှတ်ထိုးသည့် ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
“ဝ” ပြည်နယ်သတ်မှတ်ရေး အစိုးရသစ်ထံ ဆက်လက်တောင်းဆိုမည်
-------------------------------------------
၂ဝ၁၆ တွင် အစိုးရသစ်တက်လာပါက “ဝ” ပြည်နယ်သတ်မှတ်ရေးအတွက် ဆက်လက်တောင်းသွားမည်ဟု “ဝ” ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ဆိုသည်။ ၂ဝဝ၈ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း ဒေသတို့ကို ခရိုင်နှစ်ခုခွဲပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။
“ဝ” ဒေသအားပြည်နယ်အဆင့် တိုးမြှင့်ပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
၂ဝ၁၅ ရွေးကောက်ပွဲတွင် “ဝ” ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းလူ တစ်ဦးတည်းသာ “ဝ” တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ (ကိုးကား - 7Day)
ကျောက်စိမ်း ဒေါ်လာ ၆၂ သန်းကျော်ဖိုး ရောင်းထွက်
-------------------------------------------
ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း နေပြည်တော် ကျောက်မျက်ပြပွဲတွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရာ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများ ဒေါ်လာ ၁ သန်းဖိုး၊ ကျောက်စိမ်းအရိုင်းတုံး ဒေါ်လာ ၆၁ သန်းဖိုး ရောင်းထွက်ခဲ့သည်။
(ကိုးကား - Global New Light of Myanmar)
နိုဝင်ဘာ ၂၃ သတင်းများ
ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁ဝဝ ကျော်ထိရှိလာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂၁ ရက်နေ့က အမြင့်ပေ ၁,ဝဝဝ ရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ ရေမဆေးကျောက်ရှာသူများ၊ ၄င်းတို့မိသားစုဝင်များ မြေစာပိ၍သေဆုံးခဲ့သည်။ သေဆုံးသူအရေအတွက် အချိန်နှင့်အမျှပြောင်းလဲလျက်ရှိပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ရရှိသော သတင်းများအရ    ရုပ်အလောင်း ၁ဝ၅ ခု  ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် လူမှုရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက  ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသည်။ (ကိုးကား - 7Day Daily) 
မူးယစ်ဆေးသုံးမှုသံသယဖြင့် ကျောင်းသားအများအပြားကို  ယာယီထိန်းသိမ်း
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသတစ်ခုရှိ လက်နက်ကိုင်အစောင့်ချပြီး မူးယစ်ဆေး လက်လီလက်ကားရောင်းချသည်ဟု ထင်ရှားသည့်နေရာကို ရဲတပ်ဖွဲ့က ဝင်ဘာ ၂၁ နေ့ခင်းပိုင်းက ဝင်ရောက် စီးနင်းပြီး မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲသူဟု သံသယဖြစ်ခံရသည့် လူငယ် ၁၅ ဦးကို ထိန်းသိမ်းလိုက်သည်ဟု သိရသည်။
ထိုလူငယ်များထဲတွင် အထက်တန်းကျောင်း၊ တက္ကသိုလ်တက်နေသူ အများအပြား ပါဝင်ပြီး ၎င်းတို့ကို  ထိုညနေပိုင်းတွင် ပညာပေးဟောပြောကာ မိသားစုများထံ ပြန်လည်အပ်နှံလိုက်သည်ဟု သိရသည်။
မူးယစ်ဆေးရောင်းသူ ၂ ဦး ဖမ်းဆီးရမိပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ (ကိုးကား - Democracy Today)
ရဲစခန်းတွင် တိုင်ကြားရသော နောက်ဆုံးနေ့၌ ပြည်ခိုင်ဖြိုးက NLD ကို အများဆုံးအမှုဖွင့်ထား
 နိုဝင်ဘာ ၈ မှ ၂၂ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်  ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးပါတီအချင်းချင်းတိုင်ကြားမှု ၅၈ မှုထဲတွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားမှုက အများဆုံးဖြစ်သည်။
 အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို တိုင်ကြားခြင်းမဟုတ်ဘဲ ပါတီနှင့် ဆက်စပ်သော အမှုများဖြစ်ကြောင်း သက်ဆိုင်ရာ ရဲဌာနများထံမှ သိရသည်။
ရွေးကောက်ပွဲအတွင်းဖြစ် ပွားခဲ့သော ပြဿနာများအနက် ရဲအရေးပိုင်သောပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်း သတ်မှတ်ထားသည်။  (ကိုးကား - 7Day Daily) 
နိုဝင်ဘာ ၂ဝ သတင်းများ
ကဗျာဆရာ မောင်ဆောင်းခကို စတင်ရုံးထုတ်
သမ္မတကြီး ဆိုသော စကားရပ်ပါရှိသည့် ကဗျာတစ်ပုဒ် Facebook တွင်   ရေးသားမှုဖြင့် လဆန်းပိုင်းတွင် ထိန်းသိမ်းခံရသူ ကိုစည်သူအောင် ခေါ် ကဗျာဆရာ မောင်ဆောင်းခကို အီလက်ထရွန်းနစ်ဥပဒေ ချိုးဖောက်မှု စွဲချက်ဖြင့်  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၁၉ ရက်နေ့က  စတင်စစ်ဆေးသည်။  
ထိုအမှုသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်ထိချမှတ်ခံရနိုင်သောအမှုဖြစ်သည်ဟု  သူ၏ရှေ့နေ  ဦးရောဘတ်စန်းအောင်က ပြောသည်။
အမှုကို နိုဝင်ဘာ ၂၇ တွင် ထပ်မံကြားနာမည်ဖြစ်သည်။ (ကိုးကား  - Messenger)
စစ်ဖြစ်နေသည့် SSA မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံမည်
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းပြည်တပ်မတော် SSPP/SSA က အစိုးရတာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရန် နေပြည်တော်တွင် တွေ့ဆုံရန် သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုများအရှိန်လျော့ကျစေရန်   ဒုသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံးဝန်ကြီး ဦးသိန်းဇော်တို့ကို စာပေါင်းမြောက်များစွာပို့ခဲ့ကြောင်း၊  ဆွေးနွေးပွဲတွင် လက်ရှိတိုက်ပွဲများနှင့် ပတ်သက်ပြီး အဖြေရှာရေး အဓိကဦးတည်သွားမည်ဖြစ်ကြောင်း SSA အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးစိုင်းနော်လိုက်ခ်က  ပြောသည်။  တိုက်ပွဲများကြောင့် လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ပစ်ထွက်ပြေးခဲ့ကြသည်။ (ကိုးကား - Myanmar Times) 
တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် မိုးညှင်းမှကျောင်းများ ပိတ်ထား
 ကချင်ပြည်နယ်မိုးညှင်းမြို့အနီး တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲပြင်းထန်လာ၍ မြို့ပေါ်ရှိကျောင်းများပိတ်ထားရကြောင်း  ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအနီး ဒေသခံတို့ မြို့ထဲသို့လာရောက်ခိုလှုံသူ အများအပြား ရှိကြောင်း  ကချင်နှစ်ခြင်းအသင်းတော်က ပြောသည်။
 နိုဝင်ဘာ ၁၅ မှ အစပြုခဲ့သော တိုက်ပွဲများသည်  နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပိုမို ပြင်းထန်လာသည်။ (ကိုးကား - The Voice)
နိုဝင်ဘာ ၁၉ သတင်းများ
တိုက်ပွဲများကြောင့် အစိုးရပုံရိပ်ထိခိုက်ဟု SNLD ဝေဖန်
ရှမ်း၊ ကချင်ဒေသတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းသည် လက်ရှိအစိုးရ နောက်ဆုံးကာလများ၏ ပုံရိပ်ဆိုးဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောလိုက်သည်။
နိုင်ငံရေးဆွေးနွေးပွဲများအတွက် တပ်မတော်က ထိုးစစ် ရပ်သင့်ကြောင်း၊ တိုက်ပွဲဆက်ဖြစ်နေပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ထိခိုက်မည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လတ်တလောတိုက်ပွဲများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ရန် သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - The Daily Eleven)
ရှမ်းပြည်နယ်၊ လဲချားတွင် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံး
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်၊ အမျိုးသမီးတို့ အပါအဝင် အပြစ်မဲ့ပြည်သူများထိခိုက်မှု
ဆက်တိုက်ဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါက်ကွဲစေသည့် ကိရိယာတစ်ခုကြောင့် ရှမ်းပြည်နယ် လဲချားမြို့နယ်မှ ၈ နှစ် နှင့် ၁၃ နှစ်အရွယ် မိန်းကလေး နှစ်ဦး သေဆုံးသွားသည့်အတွက် များစွာ ဝမ်းနည်း၊ စိုးရိမ်ပူပန်ကြောင်း ယူနီဆက်အဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကြေညာလိုက်သည်။
မြေမြှုပ်မိုင်းအသုံးပြုခြင်း လုံးဝ ရပ်ဆိုင်းရန်၊ ကလေးငယ်များရှိသည့်နေရာများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် လက်နက်ကိုင်အဖွဲ့များကိုတောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးကော်မရှင် လွတ်လပ်မှု ရှိသင့်ကြောင်း Forum-Asia ထောက်ပြ
နိုင်ငံတွင် အကြီးအကျယ်ဖြစ်ပွားနေသော မြေသိမ်း၊ ယာသိမ်းအမှုများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုင်တွယ်ခြင်းမရှိသည့်အတွက် အာရှဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် Forum-Asia က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဝေဖန်လိုက်သည်။
လေးနှစ်သက်တမ်းရှိလာပြီဖြစ်သော ထိုကော်မရှင်၏ လုပ်ငန်းများ လွတ်လပ်စွာ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး သံသယ ဝင်မိသည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အကူအညီပေးနေသော Forum-Asia အဖွဲ့က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။ ထိုအဖွဲ့က ကော်မရှင်၏ လုပ်ငန်းများကို ၃ ရက်ကြာ လေ့လာခဲ့သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
ကြိုတင်မဲ နှစ်ကြိမ်ပေးသော ရဲအရာရှိကို အမှုဖွင့်
ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ဆန်းဝင်းကို ကြိုတင်မဲ နှစ်ကြိမ်ပေးမှုဖြင့် ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် အမှုဖွင့်လိုက်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့က ရပ်ကွက်မဲရုံတွင် မဲပေးပြီး နှစ်ရက်အကြာ သင်တန်းကျောင်းသို့ရောက်စဉ် သင်တန်းသားအားလုံး ကြိုတင်မဲထည့်ရမည်ဟု သင်တန်းမှူးက ပြောဆိုသဖြင့် ဆူပူခံရမည်ကို စိုးရိမ်ပြီး မဲထပ်ပေးခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (ဆ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်သော အမှု ဖြစ်သည်။  (ကိုးကား - The Voice Daily)
နိုဝင်ဘာ ၁၈ သတင်းများ
KIA ကို ဆက်တိုက်မည်
ကချင်ပြည်နယ်၊ မိုညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်အကွာရှိ KIA စခန်းတစ်ခုကို သိမ်းဆည်းလိုက်ပြီး  KIA အဖွဲ့ကို ဆက်လက်၍ "တိုက်ခိုက်ချေမှုန်းသွားမည်"ဟု တပ်မတော်သတင်းဌာန မြဝတီက နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၅ ရက်နေ့ စခန်းသိမ်းပိုက်ပွဲတွင် တပ်မတော်ဘက်မှ ကျဆုံး ဒဏ်ရာရကြောင်း၊ တိုက်ပွဲအစကပင် မိုးညှင်းအနီး အမြောက်စခန်းများက ပစ်ကူ တိုက်ခိုက်ကြောင်း၊  နောက်တစ်နေ့တွင်  လေတပ်အင်အား သုံးခဲ့ကြောင်း သိရသည်။ (ကိုးကား - မြဝတီ)
ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း
အကျဉ်းသားလွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြခြင်းကို အစိုးရသစ်ထံ အာဏာလွှဲပြောင်းချိန်အထိ ရပ်နားကြောင်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကြေညာလိုက်သည်။
ရွှေဝါရောင်သံဃာများ၊ အရပ်ဘက်အဖွဲ့များ၏ မေတ္တာရပ်ခံမှုကြောင့် ၂၆ ရက် ပြည့်သည့်နေ့တွင် ရပ်နားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးအချိန်တွင် ဆန္ဒပြနေသူ ၇ ဦး ရှိသည်။ (ကိုးကား - 7Day Daily)
ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို သုံးဦးပါခုံရုံးဖြင့် စစ်ဆေးမည်
ရွေးကောက်ပွဲရလဒ်ဆိုင်ရာ တိုင်ကြားချက်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦး၊ ဥပဒေပညာရှင် နှစ်ဦးပါဝင်သည့် ခုံရုံးက စစ်ဆေးမည်ဖြစ်ပြီး ခုံရုံးအဆုံးအဖြတ်ကို မကျေနပ်ပါက နောက်ဆုံးအဆင့်အဖြစ် ၁၅ ရက်အတွင်း  ကော်မရှင်ထံ  အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်စာရင်းကြေညာပြီး ၄၅ ရက်အတွင်း ကော်မရှင်သို့ ကျပ်ငါးသိန်းသွင်းကာ တိုင်ကြားနိုင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်းကလည်းကောင်း၊  မဲဆန္ဒရှင်ကလည်းကောင်း ကန့်ကွက်တိုင်ကြားနိုင်ကြောင်း ရွေးကောက်ပွဲဥပဒေများ၌ ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)
နိုဝင်ဘာ ၁၇ သတင်းများ
ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုရပ်ရန် နိုင်ငံရေးအဖွဲ့များတောင်းဆို
အကျဉ်းသားလွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြခြင်းကို အစိုးရသစ်ထံ အာဏာလွှဲပြောင်းချိန်အထိ ရွှေ့ဆိုင်းပေးရန်
နိုင်ငံရေးအဖွဲ့ ၉ ခုက နိုဝင်ဘာ ၁၆ ရက်နေ့တွင် မေတ္တာရပ်ခံလိုက်သည်။
အစာငတ်ခံဆန္ဒပြနေသူများထဲမှ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရာ နိုဝင်ဘာ ၁၄ ရက်နေ့က NLD ခေါင်းဆောင်တစ်ဦး သွားရောက် တွေ့ဆုံခဲ့ကြောင်း၊
ဆန္ဒပြနေသူများအတွက် ဂုဏ်ယူသော်လည်း အပြောင်းအလဲကာလတွင် ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းပေးရန်
ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပါးလိုက်ကြောင်း သိရသည်။ (ကိုးကား - Daily Eleven)
KIA နှင့် အစိုးရတပ် မိုးညှင်းတွင် တိုက်ပွဲဖြစ်
နိုဝင်ဘာ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် မိုင်းရှင်းလင်းရေးလုပ်နေသော တပ်မတော်သားများကို ဝင်ရောက်တိုက်ခိုက်သည့် KIA အဖွဲ့က အင်အား အဆမတန်များနေသည့်အတွက်
လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ ရယူပြီး တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု အစိုးရတပ်က ပြောသည်။
KIA အရာရှိတစ်ဦးကမူ  အစိုးရတပ်က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အကျအဆုံး ရှိကြောင်း နှစ်ဘက်စလုံးက ပြောသည်။
ပြင်းထန်သောတိုက်ပွဲကြောင့် မော်ဟန်ကျေးရွာမှ ဒေသခံများ မြို့တွင်းသို့ တိမ်းရှောင်လာကြောင်း သိရသည်။ (ကိုးကား - The Voice Daily)
နာဂတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အိန္ဒိယ ကြေညာ
မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး နယ်စပ်ဒေသတွင် လှုပ်ရှားနေသော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အိန္ဒိယနိုင်ငံက
နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။ ထိုအဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။ NSCN-K သည်  ၂ဝ၁၂ တွင် မြန်မာအစိုးရနှင့် အပစ်ရပ်သဘာတူညီချက် ရရှိထားသည်။
(ကိုးကား - The Voice Daily)
နိုဝင်ဘာ ၁၆ သတင်းများ
အမတ်တာဝန်မှရုပ်သိမ်းရေးဥပဒေကြမ်း လွှတ်တော်တွင် ဆွေးနွေးမည်
လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းသည့် ဥပဒေကြမ်း အတည်ပြုနိုင်ရေး အတွက် လွှတ်တော် သဘောထားရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
“ဒီဥပဒေက လေလောဆယ်တော့ ဆိုင်းငံ့ထားတာပေါ့။ လွှတ်တော်က သဘောတူတယ်ဆိုရင်တော့ ဆက်လုပ်ဖို့ အဆင်သင့်။ ဥပဒေက ရေးထားပြီးသားပါ” ဟု ဦးစောလှထွန်းက ပြောသည်။ (ကိုးကား - 7Day Daily)
တာမိုးညဲ ပြည်ခိုင်ဖြိုးအမတ်၏ကား တိုက်ခိုက်ခံရ၊ လုံခြုံရေး ၂ ဦး ဒဏ်ရာရ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က သူ၏ ကားတစ်စီး နိုဝင်ဘာ ၁၄ ရက်က တာမိုးညဲနှင့် ကွတ်ခိုင်မြို့နယ်အကြားတွင် ချောင်းမြောင်း ပစ်ခတ်ခံရသဖြင့် လုံခြုံရေးလိုက်ပါလာသည့် ပြည်သူ့စစ်နှစ်ဦး ဒဏ်ရာ ရသွားသည်ဟု ပြောသည်။
ဦးမြင့်လွင်လိုက်ပါသော ကားမှာမူ ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ကွတ်ခိုင်သို့ရောက်နေပြီဖြစ်ကြောင်း၊ ပစ်ခတ်ခံရသောကားမှာ ယခင်က သူအမြဲစီးနေကျကားဖြစ်ကြောင်း သိရသည်။
မည်သူတို့က တိုက်ခိုက်သည်ကို မသိသော်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နယ်မြေမှာ ပလောင်ဓားပြများ၊ ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) တို့ လှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပြန်လည် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဦးမြင့်လွင်က ပြောသည်။ (ကိုးကား - 7Day Daily)
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၉ တွင် ဆွေးနွေးမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့ကလည်း ခေတ္တတွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သူ၏ Facebook တွင် ရေးလိုက်သည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးသဘောထားကို အခြေခံသည့်တွေ့ဆုံ ဆွေးနွေးမှုလုပ်ရန် ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုလည်း ကမ်းလှမ်းထားသည်။
တွေ့ဆုံရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များ ပြီးဆုံးမှ နှစ်ဘက် ညှိနှိုင်းမည်ဟု သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးတို့က အကြောင်းပြန်ထားကြသည်။ (ကိုးကား - Democracy Today)
NLD အနိုင်ရမှုကို မဘသ ဆရာတော်များ သတိထားပြီးကြိုဆို
အိချယ်ရီအောင်၊ ဖြိုးသီဟချို 
ရန်ကုန် (Myanmar Now) –  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိသွားတာကို အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် ဆရာတော်တချို့က သောကြာနေ့မှာ ကြိုဆိုလိုက်ကြပြီး အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေတွေ ပြင်ဆင်၊ ဖျက်သိမ်းရေးတွေကို မလုပ်ဆောင်ဖို့လည်း သတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ  NLD အနိုင်ရရှိခဲ့မှုက ပြည်သူတွေရဲ့  ရွေးချယ်မှု ဖြစ်တယ်လို့ မန္တလေးက မဘသ ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူက မိန့်ပါတယ်။  တခြားပါတီများ၊ ပါတီငယ်များ အနိုင်မရရှိခဲ့တာကိုတော့ စိတ်မကောင်း မိကြောင်း ဦးဝီရသူက မှတ်ချက်ပြုပါတယ်။
ဦးနေဝင်းလက်ထက်ကနေစတင်ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဘက်ကို ရွေ့လျား လာပြီလို့ ရန်ကုန်မြို့က မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပါမောက္ခက မိန့်ကြားပါတယ်။
“မြန်မာနိုင်ငံမှာ  ငွေပေးနိုင်တဲ့သူ၊ အာဏာရှင်၊ ခရိုနီတွေသာ အနိုင်ရတယ်။ ကနေ့ အဲဒီခေတ် ကုန်ဆုံးတော့မယ်။ ပြည်သူ တွေ တရားဥပဒေရဲ့ စောင့်ရှောက်မှုအောက်မှာ အကာကွယ်တွေ ရတော့မယ်လို့ ဦးဇင်းမျှော်လင့်နေတယ်”လို့ ဦးပါမောက္ခက မိန့်ပါတယ်။
● NLD  အနိုင်ရမှာကို မဘသ ဆရာတော်များ စိုးရိမ်ခဲ့
NLD ပါတီကို မဲမပေးဖို့၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့်ပါတီကိုပဲ မဲပေးဖို့ တိုက်ရိုက်လှုံ့ဆော်မှု၊ သွယ်ဝိုက်လှုံ့ ဆော်မှုတွေ နိုင်ငံအနှံ့အပြားမှာ မဲဆွယ်ကာလအတွင်း ပေါ်ပေါက်ခဲ့ပါတယ်။
NLD သာ အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ်အတွင်းက  ဘင်္ဂါလီ/ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရသွားမယ်လို့ ကန့်ကွက်သူတွေက ဆိုပါတယ်။
မဘသ ဗဟိုရဲ့အတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိကလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ဖို့ အချိန်မတန်သေး ဘူးလို့ ရွေးကောက်ပွဲမတိုင်ခင်မှာ မိန့်ကြားခဲ့ဖူးပါတယ်။
“ဘာမှမလုပ်ဘူးတဲ့လူကနိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊  ကြံ့ခိုင်ရေးဖြစ် သွားမယ်။   အဲဒီနောက်မှာ ဘယ်သူရှိလဲ၊  စစ်တပ်ရှိတယ်။  ငါတို့က အဲဒါမြင်တာ။  တိုင်းပြည်အတွက်မြင်တာ။  သူ့ကိုမုန်းလို့ မဟုတ်ဘူး”  လို့  ဆရာတော်ဦးဝိမလဗုဒ္ဓိက Myanmar Now ကို မှတ်ချက်ပေး မိန့်ကြားပါတယ်။  
● မျိုးစောင့်ဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးကို လက်မခံ
တပ်မတော် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့လွှတ်တော်က မျိုးစောင့် ဥပဒေတွေကို ရွေးကောက်ပွဲမတိုင်ခင် ရေးဆွဲပြဋ္ဌာန်းလိုက်တာပါ။
မဘသအဖွဲ့ရဲ့ အဓိကရပ်တည်ချက်ကိုက အဲဒီဥပဒေတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ဦးဆောင်ဆရာတော်တွေက အတိအ လင်းကြေညာထားပါတယ်။ NLD ပါတီအစိုးရဖွဲ့ပြီးရင် မျိုးစောင့်ဥပဒေတွေကို ပြင်ဆင်၊ ဖျက်သိမ်းမှာစိုးရိမ်ကြောင်း ဦးဝီရသူ က မိန့်ပါတယ်။
 “နိုင်ငံကို ပြန်လည်ထူထောင်ဖို့က အရေးကြီးသလား၊ မျိုးစောင့်ဥပဒေကို ဖျက်ဖို့က အရေးကြီးသလားဆိုတာ သူတို့တော့ စဉ်းစားရမှာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။
ဦးပါမောက္ခကလည်း NLD ဟာ မျိုးစောင့်ဥပဒေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွေကို မပြင်ဆင်သင့်ဘူးလို့ မိန့်ပါတယ်။
“မျိုးစောင့်ဥပဒေကို ဖျက်မယ်ဆို ပြန်လည်ရင်ကြားစေ့တာမျိုးတွေလည်း မဖြစ်နိုင်တော့ဘူး။ အမုန်းတရားတွေက တစ်ဖက်နဲ့ တစ်ဖက်ပို၍ ပွားသွားမယ်။ မေတ္တာတရားရှေ့ထားပြီး တိုင်းပြည်အနာဂတ်ကို ပြည်သူတွေမျှော်လင့်ထားတဲ့ အတိုင်း လုပ် ဆောင်သွားဖို့ကိုလည်း NLD ကို ဘုန်းကြီးက တိုက်တွန်းပါတယ်” လို့ ဦးပါမောက္ခက မိန့်ပါတယ်။
လယ်သမား၊ အလုပ်သမားဆိုင်ရာ ဖြေရှင်းစရာတွေ၊  မြန်မာနိုင်ငံအတွင်း အဘက်ဘက်က နိမ့်ကျနေတတာတွေကိုပဲ NLD က အဓိက ဦးတည်ဖြေရှင်းသင့်တယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။
မဘသရဲ့ အထင်ကရ ဆရာတော်တွေရဲ့ သတိနဲ့ကြိုဆိုမှုနဲ့ပတ်သက်ပြီး  NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ကျေးဇူး စကား ဆိုပါတယ်။
"ဘယ်သူတွေဖြစ်ဖြစ်ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် ဂုဏ်ပြုတယ်ဆိုရင်တာ့  ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်" လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"(မျိုးစောင့်ဥပဒေတွေကို) လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းကြိုက်ခြင်း မကြိုက်ခြင်းဆိုတာဟာ လွှတ်တော်ရဲ့အလုပ်ပါပဲ။ ခု လောလောဆယ်မှာ ဒါတွေပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး မစဉ်းစားနိုင်သေးပါဘူး" လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။     ။
Photo : AFP
နိုဝင်ဘာ ၁၂ သတင်းများ
ထိုးစစ်များရပ်တန့်ရန် အပစ်ရပ်စာချုပ်တွင်ပါဝင်သူတို့ တောင်းဆို
မြန်မာပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို ချက်ချင်း ရပ်တန့်ပေးရန် တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၈ - ၁ဝ အစည်းအဝေးအပြီးတွင် တောင်းဆိုလိုက်သည်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန်လည်း ၎င်းတို့က တောင်းဆိုသည်။ (ကိုးကား - 7Day Daily)
အစိုးရသစ်နှင့် လက်တွဲမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
ရွေးကောက်ပွဲလွန်ကာလတွင် "အစိုးရသစ်နှင့်လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်"ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိုဝင်ဘာ ၁၁ ရက်နေ့ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် ပြောလိုက်သည်။
မည်သည့်အစိုးရတက်သည်ဖြစ်စေ  အခြေခံဥပဒေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ Standard Army ဖြစ်စေရန် တပ်တည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောလိုက်သည်။ (ကိုးကား - မြဝတီ)
နိုင်ကျဉ်းလွှတ်ရေး အစာငတ်ခံဆန္ဒပြသူကို ၉ ရက်အကြာတွင် ဆေးရုံပို့ရ
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် သာယာဝတီထောင်တွင် အစာငတ်ခံဆန္ဒပြနေသူများထဲမှ တစ်ဦးဖြစ်သူ  ကိုဖြိုးဓနချစ်လင်းသိုက်၏  ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့်   နိုဝင်ဘာ ၁၁ ရက်တွင် ဆေးရုံတင်လိုက်ရသည်။
၉ ရက်ကြာ  ဆန္ဒပြပြီးနောက် သာယာဝတီခရိုင်ဆေးရုံသို့ ဦးစွာ ရောက်ရှိပြီး နောက်ပိုင်းတွင်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုနေ့က သာယာဝတီမြို့နယ်တရားရုံးသို့ ရောက်လာသော ဆန္ဒပြသူတို့ တွေ့ဆုံခဲ့သည့် အထင်ကရ နိုင်ငံရေးသမား ဒေါက်တာညိုညိုသင်းက  အစာငတ်ခံဆန္ဒပြနေသူများထဲတွင် ကျန်းမာရေး အခြေအနေ  ဆိုးရွားနေသူများ ပါဝင်သည်ဟု ပြောသည်။
 သာယာဝတီ၊ မြင်းခြံထောင်တို့တွင်  အစာငတ်ခံ ဆန္ဒ ပြတောင်းဆိုနေသူ ၁၅ ဦးအထိရှိလာသည်ဟု သိရသည်။ (ကိုးကား - 7Day Daily)
နိုဝင်ဘာ ၁၁ သတင်းများ
ရှမ်းပြည်နယ် မိုင်းနောင်မြို့တိုက်ပွဲကြောင့် ဒေသခံ ၂,ဝဝဝ ထွက်ပြေးရ
ရှမ်းပြည်နယ် မိုင်းနောင်မြို့တွင် အစိုးရတပ်နှင့်  ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နိုဝင်ဘာ ၁ဝ နံနက်ပိုင်းက စတင်ပြီး တိုက်ခိုက်ကြသောကြောင့်
မြို့ပေါ်နေပြည်သူ နှစ်ထောင်ကျော် ထွက်ပြေးကြရကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အစိုးရတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သကဲ့သို့ လေကြောင်းမှ ဗုံးကြဲသည်ဟု SSPP/SSA ပြောခွင့်ရ အရာရှိ ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင် SSPP/SSA က မိုင်းနောင်မြို့သို့ လာရောက်ပြီး ပြည်သူလူထုကို အကာအကွယ်ယူကာ အစိုးရတပ်နှင့်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သဖြင့် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ (ကိုးကား - The Voice Daily, The Daily Eleven)
မန္တလေးရေသန့်စက်ရုံတချို့ FDA ထောက်ခံချက်မရှိဘဲ လုပ်ငန်းလည်ပတ်
မန္တလေးမြို့ ရေသန့်စက်ရုံ ၁ဝ ရုံခန့်ကို နိုဝင်ဘာ ၅ ရက်နေ့တွင် စစ်ဆေးရာ အားလုံးနီးပါးမှာ ခွင့်ပြုချက် မပါဘဲ ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြောသည်။
လုပ်ငန်းများမှာ နေရာကျဉ်းပြီး၊ လူနေအိမ်နှင့်တွဲနေသဖြင့် "လုံးဝကို လက်ခံနိုင်စရာ မရှိပါဘူး" ဟု FDA ဒုညွှန်ချုပ် ဒေါက်တာစိန်သောင်းက ပြောသည်။
စက်ရုံများ မှတ်ပုံတင်ပြီး စည်းကမ်းနှင့်အညီ လုပ်ဆောင်ရန် အသိပေးခဲ့ပြီး ဈေးကွက်အတွင်း ဆက်လက် ဖြန့်ချိသည်ကို တွေ့ရှိပါက အရေးယူမည်ဟု ဆိုသည်။ (ကိုးကား - The Daily Eleven)
အနိုင်ရပါတီကြောင့် စီးပွားရေးတိုးတက်လာနိုင်
ရွေးကောက်ပွဲအနိုင်ရပါတီသည် အနောက်နိုင်ငံတို့၏မဟာမိတ်ဖြစ်သည့်အတွက် မြန်မာ့စီးပွားရေး ပိုမိုတိုးတက်လာနိုင်ကြောင်း ပညာရှင်တို့က သုံးသပ်လိုက်သည်။
အမေရိကန်နှင့်ဥရောပနိုင်ငံများက မြန်မာပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကူညီမည်ဟု ကြေညာသောကြောင့် စီးပွားရေး ပိုကောင်းလာမည်ဟု မျှော်လင့်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
အစိုးရသစ်တက်လာလျှင် မူဝါဒအပြောင်းအလဲ လုပ်ဆောင်နိုင်မည် ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကျဆင်းပြီး အခြေခံလူတန်းစားတို့ ပြေလည်မည်ဟု သူက ခန့်မှန်းသည်။
စီးပွားရေးပညာရှင် ဦးမြင့်ကလည်း "မဟာမိတ်တွေဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာလည်း အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာနိုင်မည်ဟုလည်း ဦးမြင့်က သုံးသပ်သည်။ (ကိုးကား - The Messenger)
နိုဝင်ဘာ ၁ဝ သတင်းများ
မဲလာပေးသူထဲတွင် အမျိုးသမီးအရေအတွက် ပိုများ
မဲပေးသူများထဲတွင် အမျိုးသမီးအရေအတွက် ပိုများကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးနောက်တစ်နေ့တွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
မဲပေးခွင့်ရှိသူများထဲမှ ၈ဝ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့သောကြောင့် လူထုစိတ်ဝင်စားမှု အားကောင်းသော ရွေးကောက်ပွဲဖြစ်သည်ဟု အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းက သုံးသပ်သည်။ (ကိုးကား - Democracy Today)
ကျိုင်းတုံကြိုတင်မဲများ တစ်ဦးတည်းက ပေးခဲ့ကြောင်း NLD စွပ်စွဲ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရရှိသော ကြိုတင်မဲများအနက် ၂,ဝဝဝ ကျော်မှာ တစ်ဦးတည်းက အမှန်ခြစ်ထားခြင်းဖြစ်သောကြောင့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု ထိုမဲဆန္ဒနယ်မှ NLD  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီလာဝင်းက ပြောသည်။ အများစုမှာ စစ်တပ်မှလာသော ကြိုတင်မဲများဖြစ်ပြီး အသုံးပြုထားသည့်မင်မှာ တစ်ပုံစံတည်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့ကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ထိုစွပ်စွဲချက်များအတိုင်း မဲပေးထားသည်ဟု စစ်ဆေးတွေ့ရှိပါက ပယ်မဲအဖြစ် သတ်မှတ်မည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံတွင် မဲပေးနိုင်သူ ၁၁၂,ဝဝဝ  နီးပါးရှိပြီး လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး ယှဉ်ပြိုင်ခဲ့သည်။ (ကိုးကား - The Voice Daily)
စစ်ဝတ်စုံကို Facebook တွင် သရော်သည်ဟု စွပ်စွဲခံရသည့်ကျောင်းသူ အာမခံ မရ
တပ်မတော်ဝတ်စုံသစ်ကို Facebook တွင် သရော်သည်ဟုစွပ်စွဲခံရသူ မအူပင်နည်းပညာတက္ကသိုလ်မှ မချောစန္ဒီထွန်း၏ အာမခံလျှောက်ထားချက်ကို မအူပင်မြို့နယ် တရားရုံးက နိုဝင်ဘာ ၉ ရက်နေ့တွင် ပယ်ချလိုက်သည်။ မိခင်ဖြစ်သူ ဒေါ်စန္ဒာကျော်က ဥပဒေကြောင်းအရ တရားမျှတမှုကို လိုလားကြောင်း၊ အလားတူအမှုမျိုးနှင့် တရားစွဲခံရသော ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းမှာ အာမခံ ရခဲ့ကြောင်း ပြောပြသည်။  (ကိုးကား - The Voice Daily)
နိုဝင်ဘာ ၆ သတင်းများ
ကျောက်မီးသွေးတူးသည့်ကုမ္ပဏီကို ထားဝယ်ဒေသခံတို့ ဟန့်တား
ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသရှိ ကျောက်မီးသွေးစီမံကိန်းနေရာအတွင်း   East Star ကုမ္ပဏီကို နိုဝင်ဘာ ၄ ရက်နေ့က ဒေသခံတို့က ဟန့်တားလိုက်ပြီး စက်ယန္တရားသော့များကို  သိမ်းဆည်းလိုက်သည်။
အောက်တိုဘာလအတွင်း  သတ္ထုတွင်းဝန်ကြီးဌာနနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်က အဆိုပါ စီမံကိန်းကို မေဖလားဝါး ကုမ္ပဏီကသာ လုပ်ပိုင်ခွင့်ရှိကြောင်း အသိပေးခဲ့ကြောင်း၊  East Star ကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်နေမှုနှင့် ပတ်သက်ပြီး အာဏာပိုင်တို့   ဖြေရှင်းပေးစေလိုကြောင်း  ဘန်းချောင်းဒေသခံ စောတင်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် တိမ်းရှောင်နေရ
အစိုးရတပ်က  ရှမ်းပြည်တပ်မတော် SSPP/SSA ကို   ထိုးစစ်ဆင်နေမှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံ၊ မိုင်းရှူး မြို့နယ်များရှိ စာသင်ကျာင်း ၁၄ ကျောင်း ပိတ်ထားရပြီး   မူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် စစ်ဘေးရှောင်ပြေးလွှားနေရကြောင်း ဒေသခံများက ဆိုသည်။
နိုဝင်ဘာ ၃ ရက်နေ့က မိုင်းနောင်ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လီဆူးတိုင်းရင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SSPP/SSA ဘက်မှ ဗိုလ်မှူးကြီး သက်ထွန်းက ပြောသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အဖွဲ့က စစ်ဘေးရှောင် ၆,ဝဝဝ ကျော်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး  မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉ဝဝ ကျော်၊ ဟုမ့်ယင်ဘုန်းကြီးကျောင်း၊ ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁ ရှိ ဆေးမျိုးများထံတွင် ခိုလှုံနေသူ ၄၈ဝ၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၃ဝဝ၊ မိုင်းနောင်မြို့နယ် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၈ဝ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅ဝ နှင့် ကျေးသီးမြို့နယ်တွင် ဝမ့်ဟိုင်းရွာသူရွာသားများ ၂,ဝဝဝ နီးပါး ရောက်ရှိခိုလှုံနေကြောင်း ၎င်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။ (ကိုးကား -  Daily Eleven)
ကိုကိုကျွန်းတွင် ကြိုတင်မဲလက်မှတ် ၁၈ဝ ကို တပ်မတော်အရာရှိက မဲရုံပြင်ပသို့ ယူသွားမှု NLD ကန့်ကွက်
ကိုကိုးကျွန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ မဲရုံမှ မဲလက်မှတ်များကို အမှတ် ၁၇၊ ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး စိုင်းသက်နိုင်က တပ်မတော်သားမိသားစုများ မဲပေးရန်ဟုဆိုကာ မဲရုံပြင်ပသို့ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ယူသွားမှုကို ကန့်ကွက်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ နည်းဥပဒေအရ ကြိုတင်မဲပေးရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲ နေ့မဲပေးရာတွင်လည်းကောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ထားသော မဲရုံများ ပြင်ပသို့ မဲလက်မှတ်များကို ယူဆောင်သွားခွင့်မရှိကြောင်း ပြဌားန်ထားသည်။
ယင်းကိစ္စနှင့် ပက်သက်ပြီး ကိုကိုးကျွန်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ဇော်ထံ သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပထမအကြိမ်ဖုန်းခေါ်စဉ်က လက်ခံဖြေကြားခဲ့သော်လည်း အဆိုပါ မဲ ၁၈ဝ ကိစ္စမေးမြန်းခဲ့ရာတွင် ဖုန်းချက်ချင်းချခဲ့ပြီးနောက် ထပ်မံခေါ်ဆိုရာ ဖုန်းပိတ်ခဲ့သည်။ (ကိုးကား -  The Voice Daily)
နိုဝင်ဘာ ၅ သတင်းများ
ရှမ်းနှင့်ရခိုင်ပါတီတို့  ရွေးကောက်ပွဲအလွန်တွင် NLD နှင့် ပူးပေါင်းဆောင်ရွက်လို
ရွေးကောက်ပွဲအလွန် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ရေးတို့ အတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီတို့က  နိုဝင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်တွင် ပြောလိုက်သည်။
ဖက်ဒရယ်စနစ်ကိုထောက်ခံသည့် မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းလိုကြောင်း၊ လတ်တလောတွင်မူ  တိုင်းရင်းသားများဘက်မှ ပူးပေါင်းနိုင်သည့် အဖွဲ့အနေဖြင့် NLD တစ်ခုတည်းသာရှိကြောင်း  ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။ (ကိုးကား - The  Daily Eleven)
ရန်ကုန်အရက်ဆိုင်နှင့် KTV များ ရွေးကောက်ပွဲကြောင့်၂ ရက်ပိတ်ရမည်
 နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့နှင့် မဲမထည့်မီဆိတ်ငြိမ်ကာလ အဖြစ်သတ်မှတ်ထားသော နိုဝင်ဘာ ၇ တို့တွင် အရက်ဘီယာ ရောင်းချခြင်းမပြုနိုင်ရန် အရက်ဆိုင်၊ နိုက်ကလပ်၊  KTV များ ပိတ်ထားရန် အမိန့်ထုတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှသိရသည်။
ကုန်စုံဆိုင်များတွင်လည်း  ထို ၂ ရက်အတွင်း   အရက်ဘီယာ ရောင်းချခွင့် မရှိဟု ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး ကျော်ထွဋ်ကပြောကြားသည်။ (ကိုးကား - The Voice Daily)
တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူမှု ၂၆ ခု ရှိ
တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရမှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ၆၅ ရက်အတွင်း ၂၆ မှု ရှိကြောင်း၊ ထိုအမှုဖြစ်စဉ်တို့တွင် ဗုဒ္ဓဘာသာဝင်များသာ  ပါဝင်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ဥပဒေ ပုဒ်မှ ၁၃ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အများဆုံး ၇ နှစ်အထိ ချမှတ်သည်။ (ကိုးကား - The Messenger Daily)
နိုဝင်ဘာ ၄ သတင်းများ
ဒေါ်အောင်ဆန်းစုကြည်ကို UWSA ဖိတ်ခေါ်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လိုပြီး  ဝ အထူးဒေသသို့ ဖိတ်ခေါ်လိုကြောင်း  ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ရှောက်မင်လျှံက နိုဝင်ဘာ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အစိုးရနှင့်အပစ်ရက်စာချုပ် မချုပ်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ  ညီလာခံအပြီးတွင် ပြောကြားလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ပါက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်လျှင် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ (ကိုးကား - The Daily Eleven)
နိုင်ကျဉ်းလွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြသူ ၇ ဦးရှိ
နိုင်ငံရေးအကျဉ်းသားများကို  ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် အကျဉ်းထောင်အတွင်း အစာငတ်ခံပြီး တောင်းဆိုဆန္ဒပြနေသော ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သူ  ကျောင်းသားဦးရေမှာ နိုဝင်ဘာ ၃ရက်နေ့တွင် ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
 ၁၁ ရက်မြောက် ဆန္ဒပြနေသော ကိုအောင်မှိုင်းဆန်းသည်  သာယာဝတီထောင် ဆေးရုံတွင် ရောက်နေသည်ဟု သိရသည်။
ဤအတောအတွင်း တိမ်းရှောင်နေသော ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကိုကို မကြာသေးမီက ရန်ကုန်တွင် ဖမ်းဆီးခံလိုက်ရသည်။ (ကိုးကား - The Daily Eleven)
စစ်ရေးကိစ္စ  မြန်မာ၊ တရုတ် အစိုးရတို့ ညှိနှိုင်းပေးရန် သူပုန်အဖွဲ့များတိုက်တွန်း
ရှမ်းနဲ့ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးပဋိပက္ခများအတွက် မြန်မာနှင့်တရုတ် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းပြီး  အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်  နှစ်နိုင်ငံအစိုးရကိုတိုက်တွန်းသည်ဟု  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ  ညီလာခံက ဆုံးဖြတ်လိုက်သည်။
ဒေသတွင်း တိုက်ပွဲများသည် နယ်စပ်ရှိ ဒေသခံတို့၏အကျိုး၊ တရုတ်နိုင်ငံ၏ စီးပွားရေးတို့နှင့် ဆက်စပ် ပတ်သက်နေသဖြင့် ထိုသို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု
 ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျှံက ပြောသည်။  (ကိုးကား - 7Day Daily)
နိုဝင်ဘာ ၃ သတင်းများ
SSA နှင့်တိုက်နေသောဒေသတွင် စစ်ဘေးဒုက္ခသည် ၆,ဝဝဝ ကျော် ရှိလာ
အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အဆက်မပြတ် တိုက်ခိုက်နေကြသော ရှမ်းပြည်နယ် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီးမြို့များတွင်  စစ်ဘေးဒုက္ခသည် အရေအတွက် နေ့စဉ် တိုးလာကြောင်း ဒေသခံတို့က ပြောသည်။ အရေအတွက် ၆,ဝဝဝ ကျော် ရှိလာကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နန်းကောင်ခမ်းက ပြောသည်။
ထိုဒေသများတွင် မိုးရွာနေသဖြင့် ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားနေသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
အိန္ဒိယရောက် မြန်မာရေလုပ်သား ၁၅၈ ဦး ပြန်လည်လွတ်မြောက်
အိန္ဒိယတွင် အကျဉ်းကျနေသော မြန်မာရေလုပ်သား ၁၅၈ ဦး နှစ်နိုင်ငံညှိနှိုင်းမှုများအရ ပြန်လည်လွတ်မြောက်လာပြီး တနင်္လာနေ့က ရန်ကုန်သို့ ရောက်ရှိလာသည်။
 ရေလုပ်သား ၈၅ ဦး ကျန်ရှိနေပြီး အင်္ဂါနေ့တွင် ဒုတိယအသုတ်အဖြစ် ဆက်လက်ခေါ်ယူမည်ဟု သိရသည်။
တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ဒေသများမှ ရေလုပ်သားများသည် မုန်တိုင်းမိခြင်း၊ စက်လှေချွတ်ယွင်းခြင်း စသည့် အချက်များကြောင့် ရေပိုင်နက်မှားယွင်းရောက်ရှိသွားပြီး ထိန်းသိမ်းအကျဉ်းချခံရသူများဖြစ်သည်။ (ကိုးကား - မြန်မာ့အလင်း)
ရွေးကောက်ပွဲစောင့်ကြည့်သူ တစ်သောင်းကျော်ရှိ
၂၀၁၅ ရွေးကောက်ပွဲကို  ပြည်တွင်းပြည်ပမှ လေ့လာစောင့်ကြည့်သူ တစ်သောင်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
 ပြည်တွင်းအဖွဲ့များမှ ၉,၄၀၆ ဦး၊ ပြည်ပအဖွဲ့များမှ ၁,၁၁၈ ဦး၊ သံရုံးများမှ ၄၇၀၊ ပြည်ပသတင်းဌာနများမှ ၂၉၁ ဦးကို စောင့်ကြည့်ရန် ခွင့်ပြုထားသည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)
နိုဝင်ဘာ ၂ သတင်းများ
အကျဉ်းသားလွတ်မြောက်ရေး ရန်ကုန်တွင် ဆန္ဒပြ
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖမ်းဆီးခံရသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားများလွတ်မြောက်ရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များဦးဆောင်သော လူအင်အား ၃ဝ ခန့်က နိုဝင်ဘာ ၁ ရက်နေ့တွင်  ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး လမ်းလျှောက်ဆန္ဒပြကြသည်။ ယခုဆန္ဒထုတ်ဖော်မှုသည် ခွင့်ပြုချက်ယူ၍လုပ်ဆောင်ခြင်း မဟုတ်သောကြောင့် ဥပဒေအရအရေးယူမည်ဟု ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို သတိပေးခဲ့သည်။ (ကိုးကား - Daily Eleven)
မဲဆွယ်မှုများ နိုဝင်ဘာ ၆ သန်းခေါင်ယံတွင် အဆုံးသတ်ရန် ရွေးကော် ဆော်သြ 
 မဲဆွယ်လှုပ်ရှားမှုများအားလုံး  နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ သန်းခေါင်ယံအချိန်တွင် ရပ်ဆိုင်းရန်၊ မဲဆွယ်ပိုစတာအားလုံးဖြုတ်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ညွှန်ကြားထားကြားသည်။ ဖြုတ်သိမ်းခြင်းမရှိသော ပိုစတာများကို  သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် စည်ပင်သာယာဌာနတို့က ဖယ်ရှားမည်ဖြစ်ပြီး  ကုန်ကျစရိတ်ကို ထိုမဲဆန္ဒနယ်မြေရှိ ကိုယ်စားလှယ်လောင်းများက ကျခံရမည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)
ကြိုတင်မဲကို အမှန်ခြစ်နှင့် တံဆိပ်တုံး ၂ မျိုးလုံးအသုံးပြု၍ထည့်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ကြိုတင်မဲများပေးရာ အမှန်ခြစ်နှင့် တံဆိပ်တုံးထုနှိပ်သည့် နှစ်မျိုးလုံးအား အသုံးပြုလျက်ရှိသည်။ ကြိုတင်မဲပေးရာတွင်   ဘောပင်ဖြင့် အမှန်ခြစ်၍ မဲဆန္ဒပြုရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း  တံဆိပ်တုံးနှိပ်သည့် စနစ်ကို အသုံးပြုခြင်းမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အရဖြစ်ကြောင်း  ပုသိမ်မြို့ရှိ ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးတစ်ဦးက ဆိုသည်။ နိုဝင်ဘာ ၆ ရက်နေ့ထိ အရေးပေါ်ခရီးသွားလာရသူများ၊  ကျန်းမာရေး မကောင်းသူများ၊ ဝန်ထမ်းများကို ကြိုတင်မဲထည့်ခွင့်ပြုထားသည်။ (ကိုးကား - The Voice)
အောက်တိုဘာ ၂၉ သတင်းများ
ရွေးကောက်ပွဲပျက်သည့်မိုင်းရှူးတွင် တိုက်ပွဲပြင်းထန်လာ
လုံခြုံရေးအခြေအနေကြောင့် ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီးမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟု ကြေညာပြီး နောက်တစ်နေ့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။
အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ခိုက်နေမှုကြောင့် ရွာသားများ ပိတ်မိနေကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခွင့် မရကြောင်း ရှမ်းလူငယ်ကွန်ရက်မှ စိုင်းလွယ်ခမ်းက ပြောသည်။
မိုင်းရှူးရှိ ဝမ်ဆော့ရွာသို့ သွားရောက်ခွင့် ယာယီပိတ်ပင်ထားခြင်းမှာ အရပ်သားများ၏ လုံခြုံရေးအတွက်ဖြစ်သည်ဟု တပ်မတော်အရာရှိတစ်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
နိုင်ကျဉ်းလွတ်ရေး လူ့အခွင့်အရေးကော်မရှင် တောင်းဆို
နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၂၇ ရက်နေ့တွင် သမ္မတထံ စာရေး တောင်းဆိုလိုက်သည်။
ဆန္ဒပြကျောင်းသားများနှင့် ၎င်းတို့ကိုကူညီသူများ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ထိုသို့ ထိန်းသိမ်းခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် သမ္မတသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက် လိုအပ်မည်ဟု ရှေ့နေဦးကြီးမြင့်က ထောက်ပြသည်။ (ကိုးကား - The Voice Daily)
ကိုကိုးကျွန်းနှင့် ငပုတောမဲဆန္ဒနယ်တွင် စစ်သား ၂ဝဝ အမည်စာရင်းထပ်နေ
မဲပေးနိုင်သူ ၁၆ဝဝ ခန့်ရှိသော ကိုကိုးကျွန်းမြို့နယ်မဲစာရင်းမှ စစ်သည်၂ဝဝ ကျော်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မဲဆန္ဒနယ် မဲစာရင်းတွင်လည်း ပါဝင်နေကြောင်း ထိုကျွန်းတွင် ဝင်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်လောင်းတစ်ဦးဖြစ်သူ ဦးဝင်းမင်းက ပြောသည်။
အမည်စာရင်းထပ်မှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း ကိုကိုးကျွန်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဇော်က ပြောသည်။
တပ်မတော်သားမိသားစုမဲစာရင်းကို တပ်မတော်က လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်က ကောက်ယူခွင့်မရှိကြောင်း သူက ဆက်ပြောသည်။
ကိုကိုးကျွန်းတွင် ဝင်ပြိုင်မည့် အာဏာရပါတီ၏ အမတ်လောင်းတစ်ဦးမှာ ရေတပ်ဦးစီးချုပ်ဟောင်း သူရဦးသက်ဆွေ ဖြစ်သည်။ (ကိုးကား - The Voice Daily)
အောက်တိုဘာ ၂၇ သတင်းများ
တိုက်ပွဲကြောင့် ရွေးကောက်ပွဲမလုပ်နိုင်သည့်ဒေသ တိုးပွားလာ
 ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲကျင်းပပေးနိုင်ခြင်းမရှိသည့် ဒေသတချို့ ထပ်မံ ပေါ်ပေါက်လာဦးမည်ဟု  ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
ကျေးရွာ အုပ်စုပေါင်း ၄၀၀ ကျော်တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း  ကော်မရှင်က အောက်တိုဘာ ၁၂ ရက်နေ့တွင် ကြေညာထားသည်။  (ကိုးကား - 7Day Daily)
အော်တစ်ဇင် နေ့ကလေးထိန်းဌာန မန္တလေးတွင်ဖွင့်မည်
အော်တစ်ဇင် ကလေးများအတွက် နေ့ကလေးထိန်းဌာန မန္တလေးတွင်ဖွင့်မည်ဟု အောက်တိုဘာ ၁၂ တွင် ဖွဲ့စည်းလိုက်သည့် မန္တလေး အော်တစ်ဇင်အသင်း ဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်းက ပြောသည်။
အော်တစ်ဇင်ဖြစ်ပွားသူသည် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်းကြောင့်  စွမ်းဆောင်ရည်အကန့်အသတ်ဖြင့် နေထိုင်ကြသူများဖြစ်သည်။
ကမ္ဘာပေါ်တွင် အော်တစ်ဇင်ဖြစ်ပွားသူ ၆၇ သန်း နီးပါး ရှိသည်ဟု သိရသည်။ (ကိုးကား - The Voice Daily)
NLD မဲဆွယ်ကားကို နေပြည်တော်တွင် တားဆီး
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်သည့် ဂီတသမားများစီးနင်းလာသည့်ယာဉ်ကို အာဏာပိုင်တို့က နေပြည်တော်တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် တနင်္လာနေ့ညနေပိုင်းက ၂ နာရီကြာ တားဆီးခဲ့သည်။
ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်တို့တွင် သွားရောက်မဲဆွယ်ပြီး ရန်ကုန်အပြန်တွင် ထိုသို့ တားဆီးပြီး အဆိုတော်၊ ဂီတသမားတို့၏ ကိုယ်ရေးအကျဉ်းကို မေးမြန်းခဲ့ကြောင်း သိရသည်။  (ကိုးကား - The Daily Eleven)
အောက်တိုဘာ ၂၆ သတင်းများ
ကိုကိုးကျွန်းတွင် အရပ်သားမဲပေးသူထက် တပ်တွင်း မဲဆန္ဒရှင်ပိုများ
ရေတပ်ဦးစီးချုပ်ဟောင်း သူရဦးသက်ဆွေ ရွေးကောက်ပွဲဝင်မည့် ကိုကိုးကျွန်းမြို့နယ်တွင်  တပ်မတော်သားနှင့် တပ်နယ်မြေရှိ ဝန်ထမ်းအင်အားသည် အရပ်သားမဲဆန္ဒရှင်အရေအတွက်ထက် ပိုများကြောင်း ထိုမြို့နယ်  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံမှ သိရသည်။
ကျွန်းပေါ်ရှိ တပ်နယ်မြေအတွင်း စစ်သည် ၆၅၉ ဦး၊ အလုပ်သမား ၂၈၈ ဦး၊ စစ်တပ် အမြဲတန်းဝန်ထမ်း ၅ဝ ရှိပြီး တပ်နယ်မြေပြင်ပတွင် အရပ်သားမဲဆန္ဒရှင် ၅၇၄ ဦးရှိသည်ဟု ဆိုသည်။
ဤအတောအတွင်း ကိုကိုးကျွန်း အင်ဂျင်နီယာတပ်ရင်းအတွင်းရှိ အလုပ်သမားအိမ်ရာသို့ သွားရောက်မဲဆွယ်ခွင့် ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းသာ ရရှိကြောင်း ထိုမဲဆန္ဒနယ်မြေမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့မှ အောင်နိုင်ရေးအဖွဲ့များက  ပြောသည်။
 မြို့နယ် ကော်မရှင် ဥက္ကဋ္ဌကမူ ထိုနေရာတွင် မဲဆွယ်ခွင့်ရရေးသည်  တပ်အရာရှိများနှင့်သာ သက်ဆိုင်သည်ဟု မှတ်ချက်ပေးသည်။ (ကိုးကား - The Voice Daily)
သန်းခေါင်စာရင်းပါ ဘာသာရေးအချက်အလက် ရွေးကောက်ပွဲပြီးမှ ထုတ်မည်
၂ဝ၁၄ သန်းခေါင်စာရင်းပါ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အချက်အလက်များကို ရွေးကောက်ပွဲပြီးမှ ထုတ်ပြန်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။
ယခုအချိန်သည် ဘာသာရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ရန် အကဲဆတ်သည့် အချိန် ဖြစ်နေသည်ဟု သန်းကောင်စာရင်းကောက်ယူမှု စီမံကိန်းကို အကူအညီပေးနေသည့်  နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့မှ Mr. Wemer Haug က ပြောသည်။ (ကိုးကား - Myanmar Times)
အပစ်ရပ်စာချုပ်တွင်မပါဝင်သေးသည့်အဖွဲ့များ ဝနယ်တွင် တွေ့မည်
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင် ပါဝင်ခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့များ၏ ၃ ရက်ကြာ အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်မည်ဟု ဖိတ်ကြားခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ထံမှ သိရသည်။
ဖိတ်ကြားထားသည့် အဖွဲ့များတွင် စာချုပ်တွင်လက်မှတ်ထိုးပြီးသည့်အဖွဲ့များ မပါဝင်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
"နိုင်ငံကောင်းဖို့ အရင်လုပ်ပါ" (မိကွန်ချမ်း)
မကြာသေးမီက မွန်ပြည်နယ် ပေါင်မြို့နယ်တွင်  မဲဆွယ်စည်းရုံးနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိကွန်ချမ်း (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
ဖြိုးသီဟချို
 ပေါင်မြို့နယ် (Myanmar Now) –     လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းသည်  မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်သက်လွင်၏ သမီးဖြစ်သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ထင်ရှားသည့် အမတ်လောင်းတစ်ဦး ဖြစ်လာသည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဘဝမှ လွှတ်တော်တွင်း ရောက်ရန် ကြိုးပမ်းနေသည့် ဒေါ်မိကွန်ချမ်းက     NLD ကို ရွေးချယ်ခဲ့ပုံ၊  ဒေသတွင်း မဲဆန္ဒနယ်မြေတို့၏ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်များအကြောင်း ပြောပြထားသည်။
သတင်းထောက် ဖြိုးသီဟချိုက သူ၏ မဲဆန္ဒနယ်မြေသို့ သွားရောက်ပြီး တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။
မေး။     ။ ဒေါ်မိကွန်ချမ်းက အထင်ကရ မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးရဲ့သမီးဖြစ်နေပြီးတော့  NLD ကနေ ဘာကြောင့် ဝင်ပြိုင်ရတာလဲ။  
 ဖြေ။      ။ အဖေ့ပါတီကနေ နဂိုကတည်းက ဝင်လည်းမပါပါဘူး။  အဖေ့ပါတီကို ကျွန်မက ကူညီလုပ်ဆောင်ပေးတယ်။ အဲဒီလောက်ပါပဲ။ (မွန်)လူမျိုးရေးအတွက်ကိုလည်း ကျွန်မက တစိုက်မတ်မတ် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတစ်ခုကိုပြောင်းလဲဖို့အတွက်က ကျွန်မတို့တိုင်းရင်းသားတွေအားလုံး ပါဝင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်ကို ကျွန်မတို့က ဝင်ပြီးတော့ ပံ့ပိုးပေးတာ။ နေရာဝင်ယူတာလည်း မဟုတ်ဘူး၊ ကျွန်မတို့လူမျိုးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး၊ အပြိုင်အဆိုင်လုပ်ချင်လို့လည်း မဟုတ်ပါဘူး။ နောက်နောင်လည်း ရန်ဘက်အသွင် ဆောင်လာမှာမဟုတ်ပါဘူး။
မေး။     ။ မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို အခြေပြုတည်ထောင်ထားတဲ့ပါတီ သုံးခုရှိပါတယ်။ ရွေးကောက်ပွဲမှာ ဒီပါတီတွေကြား မဲကွဲမှာ၊ မဲပြန့်သွားမှာကိုစိုးရိမ်ပါသလား။
 ဖြေ။      ။ ရွေးကောက်ပွဲမဝင်ခင်အချိန်ကတည်းက စဉ်းစားမိပါတယ်၊ ပါတီက နှစ်ခု၊ သုံးခုဖြစ်လာပြီဆိုကတည်းက ကျွန်မတို့မဲက အကွဲကွဲ အပြဲအပြဲတွေ ဖြစ်လာမှာပါပဲ၊ (ရွေးကောက်ခံရတဲ့) မွန်ကိုယ်စားလှယ်တွေ နည်းလာမယ်။  အဓိက ကျွန်မပြောချင်တာက ဒီအချိန်မှာ  အစိုးရဖွဲ့နိုင်တဲ့ ပါတီတစ်ခုကို  ထောက်ခံမှသာလျှင် အပြောင်းအလဲတစ်ခုကိုလုပ်နိုင်မယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ပြီး ပြည်သူဘက်က ရပ်တည်ပေးနိုင်တဲ့ပါတီကို မဲထည့်ပေးမှသာလျှင်  ၂ဝ၁၅မှာ ကျွန်မတို့လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်မယ်။ ဒါကြောင့်ကျွန်မတို့ တိုင်းရင်းသားတွေကိုလည်း ပြောပြပါတယ်၊   ကျွန်မတို့နိုင်ငံကောင်းဖို့ အရင်လုပ်ပါ၊ ကျွန်မတို့နိုင်ငံကောင်းရင် ကျွန်မတို့လူမျိုးတွေ အလိုလိုကောင်းသွားမှာပါလို့ မေတ္တာရပ်ခံထားပါတယ်။
မေး။     ။ ဒေါ်မိကွန်ချမ်းရဲ့ မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့သူ ဘယ်လောက်များ ရှိပါသလဲ။
 ဖြေ။      ။ အခုစာရင်းအရဆိုရင်တော့ ၁၈ဝ,ဝဝဝ ကျော် ရှိပါတယ်။ နိုင်ငံရပ်ခြားကိုပြောင်းရွေ့နေထိုင်တဲ့ ရွေ့ပြောင်းအင်အားက သုံးသောင်းကျော်ရှိပါတယ်။  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာကိုတော့ တိတိကျကျ မသိသေးဘူး။
မေး။     ။ နိုင်ငံရပ်ခြားကိုပြောင်းရွေ့ပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ မဲစာရင်းထဲမှာ ပြန်ပါနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ 
 ဖြေ။      ။  ဒီဒေသက မိသားစုတစ်စုမှာ အိမ်မှာကျန်ခဲ့တာက အဖေနဲ့အမေပဲရှိတယ်။ ကျန်တဲ့သား၊ သမီးတွေက နိုင်ငံခြားမှာပဲ  အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်မဲဆန္ဒရှင်စာရင်းထဲမှာတော့ အကုန်လုံးပြန်ပါနေတယ်ပေါ့။ ဒါက စိုးရိမ်စရာကောင်းပါတယ်။  မိသားစုတွေကိုလည်း ပြောပြပါတယ်။ မဲစာရင်းလာမထည့်နိုင်တဲ့လူဦးရေကို ကိုယ်တိုင် (ရွေးကောက်ပွဲကော်မရှင်ကို) တင်ပြရမှာပေါ့။  ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့   သူတို့နဲ့သက်ဆိုင်တဲ့ကော်မရှင်မှာသွားပြီးတော့   တင်ပြရမှာပေါ့။ NLD  ရပ်ကွက်ကျေးရွာ စည်းရုံးရေးအဖွဲ့တွေက ဒါတွေကိုဖယ်ထုတ်ဖို့ လုပ်ကိုင်နေပါတယ်။ တစ်ချို့နေရာတွေမှာ ပယ်ဖျက်တယ်။   တချို့နေရာတွေမှာတော့ မဲဆန္ဒရှင်စာရင်းကို သူတို့နေထိုင်ရာနိုင်ငံတွေရဲ့သံရုံးတွေကို လွှဲပြောင်းပေးရတာမျိုး ရှိပါတယ်။
မေး။     ။ ဒေသတွင်း အချုပ်သားတွေမဲပေးခွင့်အတွက်ရော စုံစမ်းထားတာရှိပါသလား။  
 ဖြေ။      ။ အချုပ်သား မဲဆန္ဒရှင်စာရင်းတွေကိုလည်း အတိအကျမသိရဘူး။  အဲဒါကို သိရဖို့အတွက်ကိုလည်း ကြိုးစားနေရပါတယ်။ ကြိုတင်မဲတွေပေါ့။ ကော်မရှင်ကလည်း ဘာမှကျွန်မတို့ကိုမပြောသေးဘူး။ အချုပ်သားတွေရဲ့မဲပေးခွင့်အတွက်ကလည်း စာရင်းအတိအကျကောက်နေရတုန်း။ ကြိုတင်မဲကိုလည်း စိုးရိမ်နေရတယ်။ အမည်တစ်ခုထဲကို ငါးကြိမ်လောက်ပါနေတာကိုလည်း တွေ့နေရတယ်။
မေး။     ။  မွန်ပြည်နယ်ရဲ့ကျေးလက်ဒေသတွေမှာ ပါတီတချို့ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်နေတယ်လို့သိရပါတယ်။ မိကွန်ချမ်းရဲ့ ပေါင်မြို့နယ်မှာရော ရှိပါသလား။
 ဖြေ။      ။ နေရာတိုင်းလိုလိုကိုဖြစ်နေပါတယ်။ ဘာသာရေးကို ခုတုံးလုပ်တာက မြို့ပေါ်မှာလုပ်တာထက်ကို အစွန်အဖျားမှာရှိတဲ့၊ ဘာသာရေးကိုင်းရှိုင်းတဲ့တိုင်းရင်းသားတွေကို လုပ်တာမျိုး တွေ့ရတယ်။ အဲဒီဒေသတွေမှာဆိုရင်  ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲနိုင်မယ်ဆိုရင် ကုလားတွေ လွမ်းမိုးမယ်။ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမယ်ဆိုပြီးတော့  စကားလုံးတွေနဲ့ စည်းရုံးနေတာမျိုးကို ကြားနေရပါတယ်။  ဒါကို သက်သေအထောက်အထားတွေရရှိဖို့အတွက်ကိုလည်း ကျွန်မမဲဆန္ဒနယ်မှာ  လှုံ့ဆော်ထားတာရှိပါတယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်၊ ဘယ်ကာလမှာပြောတယ်ဆိုတာကို သက်သေအထောက်အထားနဲ့တကွ  တိတိကျကျရခဲ့ရင်တော့ ကျွန်မကတော့ တရားစွဲမှာ။  ကျွန်မကိုဆိုရင် "ကျွန်မအမျိုးသားက ကုလား၊   ကျွန်မကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး" ဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်။
မေး။     ။ ရွေးကောက်ပွဲအလွန်ကာလအတွက်ဘာတွေ ကြိုတင်ပြင်ဆင်ထားသလဲ။ 
 ဖြေ။      ။ ကော်မရှင်မှာသတ်မှတ်ထားတဲ့  ဥပဒေအတိုင်း လိုက်နာပါတယ်။ ဟောပြောပွဲမှာလည်း ကော်မရှင်ကခွင့်ပြုထားတဲ့အတိုင်း ဟောပြောတယ်။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ပြီးတော့ မဟောပြောဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်တင်ပြီးတော့ မဟောပြောဘူး။ လူထုအသိရှိအောင်ဟောပြောတယ်။  ကျွန်မတို့သွားတဲ့ ခရီးစဉ်တွေမှာဆိုရင်လည်း လူဦးရေကစပြီး အသုံးစရိတ်တွေအထိ စနစ်တကျ လုပ်ကိုင်ထားပါတယ်။    ကော်မရှင်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ  စောင့်ကြည့်နေတယ်ဆိုတော့ ရွေးကောက်ပွဲပြီးသွားလို့ ကျွန်မတို့ နိုင်ခဲ့ရင် ဒီဥပဒေတွေနဲ့ပဲ ထိုးနှက်လာနိုင်ပါတယ်။    
မေး။     ။ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်တွင်းနိုင်ငံရေးအတွက်ရော ဘာတွေများပြင်ဆင်ထားပါသလဲ။
 ဖြေ။      ။ အဓိကကတော့ စနစ်နဲ့ဥပဒေတွေကို ပြောင်းလဲရမှာဖြစ်ပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်နိုင်မယ့် ဥပဒေတွေပြုနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေရအောင်လို့လည်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒ တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။
မေး။     ။    NLD က လွှတ်တော်တွင်း    အခြေခံဥပဒေပြင်ဆင်ရေးနဲ့  ဥပဒေပြုရေးတွေမှာ အောင်မြင်မှု အလွန်နည်းပါးပါတယ်။ ၂ဝ၁၅ အလွန်မှာရော  ဘာတွေများဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။
 ဖြေ။      ။ ၂ဝ၁၂မှာ NLD က လွှတ်တော်တွင်းမှာ နေရာရခဲ့တာ ၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဒီ ၅ ရာခိုင်နှုန်းနဲ့ အစိုးရလည်း မဖွဲ့နိုင်သလို၊ လုပ်ပိုင်ခွင့်လည်း ဘာမှမရှိခဲ့ပါဘူး။ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)တွေ (ပြင်ဆင်ရေး) မှာလည်း ကိုယ့်ရဲ့အင်အားနဲ့ ဘာမှလုပ်လို့မရခဲ့ဘူး။  အခု၂ဝ၁၅မှာ ရာခိုင်နှုန်းအပြည့်နိုင်ပြီးတော့ အစိုးရဖွဲ့နိုင်ခဲ့ပြီဆိုရင်တော့ လုပ်ပိုင်ခွင့်တွေကိုယ်ရခဲ့ရင် အကုန်လုံးရပြီပေါ့။  အဲဒီအချိန်ကျတော့ အလုပ်လုပ်တယ် မလုပ်ဘူး ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးလို့ရတယ်။
မေး။     ။ NLD  အစိုးရဖွဲ့နိုင်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးပါ လုပ်လို့ရမယ် ထင်ပါသလား။
 ဖြေ။      ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်တပ်ကလည်း အရေးကြီးပါတယ်။ စစ်တပ်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့က ပါထားတာကိုး။  ပြည်သူလူထုပေါ်မှာပဲ မူတည်နေတယ်။ တောင်းဆိုမယ်ဆိုရင်တော့ မပြင်နိုင်စရာအကြောင်းတော့ မရှိဘူး။  မဖြစ်ဖြစ်အောင်တော့ ကျွန်မတို့က လုပ်ဆောင်နိုင်မှာပဲ။ ။
အောက်တိုဘာ ၂၃ သတင်းများ
ရှမ်းသုံးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်းငံ့ရေးကို SNLD လက်မခံ
ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်များတွင် ရွေးကောက်ပွဲဆိုင်းငံ့ထားရန် ခရိုင်ရွေးကောက်ပွဲကော်မရှင်က စီစဉ်နေခြင်းကို  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ကန့်ကွက်လိုက်ပြီး  ၎င်းတို့ သေချာပေါက်နိုင်မည့် ဒေသများထဲတွင် ထိုမြို့နယ်များ ပါဝင်သည်ဟု ပြောလိုက်သည်။
ထိုမြို့များတွင် ရွေးကောက်ပွဲဆိုင်းငံ့ထားရေးကို ၎င်း၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ကော်မရှင်သို့ တင်ပြထားသည်။ (ကိုးကား - The Daily Eleven)
မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူရန် ၇ ရက် အချိန်ရ
မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို  နိုဝင်ဘာ ၁ မှ ၇ အထိ ထုတ်ပေးမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
 ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်ရုံးခွဲများတွင်   နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ထုတ်ပေးမည့် ထိုလက်မှတ်များကြောင့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ မဲရုံအတွင်းလုပ်ငန်းဆောင်တာများ မြန်ဆန်လွယ်ကူစေနိုင်ကြောင်း၊ သက်သေခံလက်မှတ် မရှိလျှင်လည်း မဲပေးနိုင်ကြောင်း ကော်မရှင်က ကြေညာထားသည်။  (ကိုးကား - Messenger Daily)
ပုဂံယဉ်ကျေးမှုဇုန်မှ ဟိုတယ်များရွှေ့ပြောင်းရန် ပုဂံချစ်သူအဖွဲ့ ကြိုးပမ်းမည်
ပုဂံယဉ်ကျေးမှု ရှေးဟောင်းဇုန်အတွင်း တည်းခိုခန်း၊ ဟိုတယ် ၃ဝ ကျော် နေရာပြောင်းရွှေ့ရေးအတွက် ဒေသခံ ပုဂံချစ်သူအဖွဲ့က အစိုးရကို တောင်းဆိုမည်ဟု သိရသည်။
ထပ်မံဆောက်လုပ်နေသည့် တည်းခိုခန်း၊ ဟိုတယ် အရေအတွက်လည်း ၂ဝ ကျော် ရှိကြောင်း၊   ရှေးဟောင်းဇုန် သတ်မှတ်ခဲ့သည့်  ၁၉၉၀ နောက်ပိုင်း ကျေးရွာများကို အဓမ္မ ဖယ်ရှားသော်လည်း တည်းခိုခန်း၊ ဟိုတယ်များ အဆက်မပြတ် ပေါ်ပေါက်လာခြင်းကို အာဏာပိုင်တို့က ဟန့်တားခြင်း မရှိကြောင်း ပုဂံချစ်သူအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က ပြောသည်။    (ကိုးကား - Messenger Daily)
အောက်တိုဘာ ၂၂ သတင်းများ
မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်၊  ၄ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့လယ်ရှိ ရှမ်းစာပေယဉ်ကျေးမှုရုံးအနီးတွင် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ၄ ဦးဒဏ်ရာရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးစန်းလွင်က ပြောသည်။
SSPP/SSA  ရှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသ ဖြစ်သည့်အတွက် ပေါက်ကွဲမှုမှာ ထိုအဖွဲ့၏လက်ချက်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
ဒဏ်ရာရသွားသည့် ကိုရင်နှစ်ပါး၊ ၁၂ နှစ် နှင့် ၇၈ နှစ် အရွယ် အမျိုးသမီး ၂ ဦးတို့ကို ဆေးရုံတင်ထားကြောင်း သိရသည်။ (ကိုးကား - Daily Eleven)
ရွေးကောက်ပွဲအပြီး ၃ ပတ်အကြာတွင် တစ်နိုင်ငံလုံးရလဒ် ကြေညာမည်
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး ရက်သတ္တပတ် ၃ ပတ်အကြာတွင် တစ်နိုင်ငံလုံး၏ ရွေးကောက်ပွဲရလဒ်ကို ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက  မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနှင့် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။
မဲရုံများတွင် ညနေ ၄ နာရီနောက်ပိုင်း အများပြည်သူရှေ့တွင် မဲစတင်ရေတွက်မည်ဖြစ်ပြီး ရလဒ်များကို မြို့နယ်ကော်မရှင်ရုံးခွဲများတွင် ကပ်ထားမည်ဟု ဆိုသည်။
ဤအတောအတွင်း ကော်မရှင်သည်   မဲစာရင်း မှားယွင်းနေမှု၊  ပြည်ပရောက် ကြိုတင်မဲပေးသူများအတွက် မဲလက်မှတ်မပြည့်စုံမှုတို့အတွက် ဝေဖန်ခံနေရသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်မြို့လယ် သပိတ်စခန်းဖွင့်သူ ၁၃ ဦး ထောင် ၄ လစီကျ
ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ၁၁ လကြာ သပိတ်စခန်းဖွင့်ခဲ့သူများထဲမှ  ၁၃ ဦးကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ကြောင်း  ကျောက်တံတားတရားရုံးက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ဒေသတွင်  တပ်မတော်က သိမ်းဆည်းထားသော မြေများ ပြန်ရလိုသဖြင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို ထောင်ဒဏ် ၄ လစီ ချမှတ်ခြင်းမှာ ပြင်းထန်လွန်ကြောင်း ၎င်းတို့၏ ရှေ့နေ  ဒေါ်သဇင်အေးက ပြောသည်။  (ကိုးကား - The Voice Daily)
အောက်တိုဘာ ၂၁ သတင်းများ
ရွေးကောက်ပွဲကာလ အပစ်ရပ်ရန် တပ်ချုပ်ကို ရွေးကော်ပြောမည်
ရွေးကောက်ပွဲများ ငြိမ်းချမ်းစွာကျင်းပနိုင်ရေးအတွက်  ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားသည့်နည်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တိုက်တွန်းမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက အင်္ဂါနေပတွင် ပြောလိုက်သည်။
 နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို  မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု ၄၀၀ ကျော်တွင်  ကျင်းပနိုင်မည်မဟုတ်ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။ (ကိုးကား - 7Day Daily)
ဦးသိန်းစိန် သမ္မတဆက်မလုပ်ရန် ထင်ရှားသည့်အကဲခတ်တစ်ဦး တိုက်တွန်း
လာမည့်အစိုးရသစ်ဖွဲ့ချိန်တွင် သမ္မတဦးသိန်းစိန် အနားယူသင့်ပြီး သူအစပြုပေးခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအတွက် ချီးမွမ်းခံရမည့်  သမိုင်းဝင်ဘဝတွင် နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု မြန်မာပြည်အနှံ့ နိုင်ငံရေးဆိုင်ရာ သင်တန်းများပေးနေသော မြန်မာ့အရေး လေ့လာသူ မစ္စတာ အီဂေါဗလာဇီဗစ်က ပြောကြားလိုက်သည်။
ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲရှုံးပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏  အဆိုပြုချက်အရ သမ္မတအဖြစ် ပြန်လည် တင်မြှောက်ကြမည် ဆိုပါက ဦးသိန်းစိန်ကို ရွေးကောက်ပွဲကြိုးကိုင်ခြယ်လှယ်သူအဖြစ် သမိုင်းတွင် အမှတ်ရနေကြလိမ့်မည်ဟု ချက်သမ္မတနိုင်ငံမှ ပညာရှင်က  7Day ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သုံးသပ်လိုက်သည်။  (ကိုးကား - 7Day ဂျာနယ်)
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဆက်သွယ်ရေးဥပဒေဖြင့်အဖမ်းခံရ 
ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး Facebook တွင် ဖြန့်ဝေသည်ဟု စွပ်စွဲခံရသူ  ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ  တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို ဒေသခံရဲတို့က ပါတီရုံးသို့ သွားရောက် ဖမ်းဆီးလိုက်သည်။    မြို့ခံလူငယ်တချို့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းကြောင့် ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရခေါင်းဆောင်၊  ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ပတ်သက်ပြီး  ဂုဏ်သိက္ခာမဲ့အောင်   Facebook  တွင် ဝေမျှသည်ဟု စွပ်စွဲခံရသူတချို့လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုဥပဒေဖြင့်  တရားစွဲခံနေရကြောင်း သိရသည်။ (ကိုးကား - Democracy Today)
အောက်တိုဘာ ၂ဝ သတင်းများ
SSA နှင့် တပ်မတော် ၂ ပတ်အတွင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်
ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပွားခဲ့သဖြင့် နှစ်ဘက်ကျဆုံးမှုရှိကြောင်း တပ်မတော်သတင်းဌာန မြဝတီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၆ ရက်နေ့က စတင်သည့် တိုက်ပွဲများကြောင့် SSPP/SSA အဖွဲ့မှ အလောင်း ၇ လောင်း နှင့် လက်နက်များ သိမ်းမိကြောင်း၊ တပ်မတော်ဘက်မှလည်း ကျဆုံးဒဏ်ရာရမှု ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
SSPP/SSA အဖွဲ့သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးခြင်း မရှိသေးပေ။ (ကိုးကား - မြန်မာ့အလင်း)
မီဒီယာတွင် အရက်ကြော်ငြာမထည့်ရန် ပြန်ကြားရေးဌာန မေတ္တာရပ်ခံ
ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ၊ ဂျာနယ် အယ်ဒီတာ၊ ထုတ်ဝေသူတို့ကို ခေါ်ယူတွေ့ဆုံပြီး အရက်၊ ဘီယာကြော်ငြာများ ထည့်သွင်းခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည်။
သတင်းစာ၊ ဂျာနယ်တချို့တွင်  ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားစွာ ထည့်သွင်းဖော်ပြလာသည့်ထိုကြော်ငြာများကြောင့် လူငယ်များ အရက်သေစာ သောက်စားစေရန် တိုက်တွန်းလှုံ့ဆော်ရာရောက်ပြီး အကျင့်စာရိတ္တပျက်ပြားစေနိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။ (ကိုးကား - မြန်မာ့အလင်း)
အမတ်လောင်းတစ်ဦးကို တရုတ်သံရုံးရှေ့ဆန္ဒပြမှုဖြင့် ပုဒ်မ ၇ ခုတပ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအမတ်လောင်း  ဒေါက်တာ ဒေါ်မြတ်နုခိုင်သည်   တရုတ်သံရုံးရှေ့ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခံရသည်။
တရုတ်သံရုံးနှင့် ဆန္ဒပြသူများကြား ဘာသာပြန် အကူအညီပေးခဲ့ကြောင်း၊ လက်ပံတောင်းတောင်ဒေသတွင် တရုတ်ကုမ္ပဏီ ကြေးနီတူးဖော်ရေး လုပ်ကိုင်မှုကို ကန့်ကွက်သော အမျိုးသမီးတစ်ဦး ကျည်ဆံထိသေဆုံးသူကို  စာနာသဖြင့် ကူညီခြင်းဖြစ်ကြောင်း အမတ်လောင်းက ပြောသည်။ 
ဒေါက်တာ ဒေါ်မြတ်နုခိုင်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံရပြီး တရားစွဲခံရသည့်ပုဒ်မများတွင် ပါဝင်သည့် ပုဒ်မ ၅ဝ၅ (ခ) ကြောင့် အာမခံ မရဟု သိရသည်။
သူ၏ ပြိုင်ဘက် အမတ်လောင်းများတွင် သူရဦးရွှေမန်းလည်း ပါဝင်သည်။  (ကိုးကား - The Daily Eleven)
အောက်တိုဘာ ၁၉ သတင်းများ
ပြည်ခိုင်ဖြိုး ငွေပေးမဲဆွယ်သည်မှာမဖြစ်နိုင်ဟု ရွေးကော်ကြေညာ
ဘီဘီစီမြန်မာပိုင်းသတင်းဌာနက  အောက်တိုဘာ ၁၈ ရက်နေ့တွင် ထုတ်လွှင့်သွားသော ရန်ကုန် လှိုင်သာယာမြို့နယ်တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  ရေဒီယိုနှင့် ငွေပေးပြီးမဲဆွယ်သည်ဟူသော သတင်းမှာ  ဖြစ်နိုင်ခြေမရှိကြောင်း၊ ပေးခဲ့သည် ဆိုလျှင်လည်း သိက္ခာချလို၍ လုပ်ကြံဆောင်ရွက်ခြင်းသာဖြစ်မည်ဟု ယူဆကြောင်း  ရွေးကောက်ပွဲကော်မရှင်က ထိုနေ့တွင်ပင် ကြေညာချက်ထုတ်လိုက်သည်။
ဘီဘီစီနှင့် မေးမြန်းခန်းတွင် လှိုင်သာယာတွင် နေထိုင်သူ ကိုအောင်ဆိုသူက ပြည်ခိုင်ဖြိုးသည် ငွေပေး၍မဲဆွယ်သော်လည်း ထိုဒေသရှိဆိုက်ကားသမားများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံသာ လွှင့်ထူကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကို စိတ်ဝင်စားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
(ကိုးကား -  ကြေးမုံသတင်းစာပါ ရွေးကောက်ပွဲကော်မရှင်ကြေညာချက်) 
သမ္မတရွေးချယ်မှု ပါတီက ဆုံးဖြတ်သင့်ကြောင်း သူရဦးရွှေမန်း ထောက်ပြ
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ဦးသိန်းစိန်ကို   သမ္မတအဖြစ် ပြန်လည်တင်မြှောက်မည်ဟု ပါတီအထွေထွေအတွင်းရေးမှုး  ဦးတင်နိုင်သိန်းက ဘီဘီစီသတင်းဌာနသို့ ပြောကြားချက်နှင့် စပ်လျဉ်း၍  ပါတီခေါင်းဆောင်အဖြစ်မှ ဖြုတ်ချခံရသူ သူရဦးရွှေမန်းက ထိုကဲ့သို့သော ရွေးချယ်မှုကို  ပါတီသဘောထားဖြင့်သာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၏ သဘောထားဖြင့် ဆုံးဖြတ်၍မရကြောင်း တုန့်ပြန်လိုက်သည်။
“ပါတီတစ်ခုရဲ့ ခေါင်းဆောင် သမ္မတလောင်းဆိုတာက ပါတီရဲ့သဘောထားက အရေးကြီးတယ်။ ပါတီရဲ့သဘောထားဆို ပါတီကပဲ ဆုံးဖြတ်ရမှာပါ” ဟု သူရဦးရွှေမန်းက ဆိုသည်။ (ကိုးကား -  7Day Daily) 
ပြည်ခိုင်ဖြိုးခေါင်းဆောင်ဦးဌေးဦးမိန့်ခွန်းမပြီးမီ ပရိသတ်ထပြန်
ပြည်ခိုင်ဖြိုးပါတီ၏ အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဲဆွယ်ပွဲတွင်     ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး မိန့်ခွန်းမပြီးမီ ပရိတ်သတ် ထပြန်သဖြင့် ပွဲကျင်းပရာ အားကစားကွင်းကို ခေတ္တပိတ်ခဲ့ရသည်။
ပါတီဝင် အများစု တက်ရောက်သော ထိုမဲဆွယ်ပွဲသို့   သမဝါယမအသင်းများမှ ငွေချေးထားသူများလည်း တက်ရောက်ကြသည်။
ထိုနေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်မှ အပြန်  ဧရာဝတီတိုင်းဒေသကြီးကို ဖြတ်သွားမည့်နေ့လည်း ဖြစ်သောကြောင့် ပုသိမ်  ဒေသခံတို့က ဈေးဆိုင်များကို ပိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ပြင်ဆင်ခဲ့ကြသည်။ (ကိုးကား - The Daily Eleven) 
အောက်တိုဘာ ၁၆ သတင်းများ
တပ်မတော်ထိုးစစ်များရပ်တန့်ပေးရန် ရှမ်းလူမှုအဖွဲ့များ တောင်းဆို
ရှမ်းပြည်နယ် အတွင်း  ထိုးစစ်ဆင်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်း ၁၈ ခုက  အောက်တိုဘာ ၁၅ ရက်နေ့တွင်  တပ်မတော်ကို တောင်းဆိုလိုက်ကြသည်။
 NLD ထောက်ခံသူ ရဟန်းတစ်ပါး မဟာဂန္ဓာရုံကျောင်းတိုက်မှနှင်ထုတ်ခံရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊   အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ရဟန်းတစ်ပါးကို ကျောင်းတိုက်မှ သုံးရက်အတွင်း ထွက်ခွာရန် မဟာနာယက ဆရာတော်က အောက်တိုဘာ ၁၄ ရက်နေ့တွင် မိန့်ကြားလိုက်သည်။
ကျောင်းတိုက်တွင် နေထိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခံရသည့်ရဟန်းမှာ ပါဠိပါရဂူဆရာတော် ဦးသူရိယဖြစ်ကြောင်း၊   မဘသအဖွဲ့မှ ဘုန်းကြီးတချို့၊ ရှေ့နေတချို့၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောချက်များကို အပြင်းအထန်ကန့်ကွက်သူဖြစ်ကြောင်း သိရသည်။ (ကိုးကား - The Messenger Daily)
ဦးဖုန်ကြားရှင် ကိုးကန့်ဒေသတွင်ပြန်နေထိုင်ရန် အစိုးရ ခွင့်ပြု
ကိုးကန့်ဒေသတွင် ပြန်လည်နေထိုင်လိုသည်ဟူသော ကိုးကန့်သူပုန်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကမ်းလှမ်းချက်ကို သမ္မတက  လက်ခံပြီး နှစ်သက်သည့်နေရာတွင် နေထိုင်ရန် အကြောင်းပြန်ကြားခဲ့သည်ဟု   သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ကြာသပတေးနေ့တွင် ပြောလိုက်သည်။
  လက်နက် အလက် ၆ဝ ယူဆောင်လာခွင့်ပြုရန် ထပ်မံ တောင်းဆိုချက်ကိုမူ လိုက်လျောခြင်းမရှိခဲ့ဟု ဝန်ကြီးက ပြောသည်။ (ကိုးကား - The Voice Daily)
အောက်တိုဘာ ၁၅ သတင်းများ
သိက္ခာကျစေသည့် ပုံနှင့်စာ Facebook တင်သည်ဟု ယူဆရသူ ၂ ဦး အဖမ်းခံရ
အင်တာနက်လူမှုကွန်ရက်တွင် တပ်မတော်နှင့် သမ္မတ ဂုဏ်သိက္ခာကျဆင်းစေရန်ပြုမူသည်ဟု စွပ်စွဲခံရသူများကို အာဏာပိုင်တို့က ဆက်တိုက် ဖမ်းဆီးလျက်ရှိသည်။
အောက်တိုဘာ ၁၂ ရက်နေ့က တပ်မတော်ယူနီဖောင်းအရောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် နှိုင်းယှဉ်ပြီး Facebook တွင် ရေးသည်ဟုဆိုသော  ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော အီလက်ထရွန်နစ်အက်ဥပဒေဖြင့် ဖမ်းဆီးလိုက်သည်။
အောက်တိုဘာ ၁၄ ရက်နေ့ကလည်း  အာဏာရှိသူတစ်ဦး၏ဓာတ်ပုံ တက်နင်းခံနေရသည့်ပုံကို Facebook တွင် တင်သည်ဟုဆိုသော ရန်ကုန်၊ လှိုင်မြို့နယ်မှ   ဦးခွန်ဂျာလီကို ထိန်းသိမ်းလိုက်သည်။
ဤအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးနယ်ပယ်မှထင်ရှားသူတို့အပေါ် အလားတူ ပြုမူသည်ဟု ယူဆရသူတို့ အရေးယူခြင်း မခံရသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတို့က အစိုးရကို ဝေဖန်နေကြသည်။  (ကိုးကား - The Daily Eleven)
ကချင်ပြည်နယ် NLD အမတ်လောင်းများ ရိုက်နှက်ခံရ  
ချီဖွေမြို့နယ်တွင် တနင်္လာနေ့ကမဲဆွယ်ရန် ရောက်ရှိနေသည့် အမတ်လောင်း ၂ ဦးနှင့် ပါတီဝင် ၅ ဦးခန့်  ရိုက်နှက်ခြိမ်းခြောက် ဟန့်တားခံရသဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးဇော်လွင်က ပြောသည်။
တိုက်ခိုက်မှုမှာ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်တို့၏လက်ချက်ဖြစ်မည်ဟု NLD က ယူဆသည်။
ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်မှာ ထိုဒေသ၏ အမျိုးသားလွှတ်တော်အမတ်လောင်း  ဦးစခုန်တိန့်ယိန်းဖြစ်ပြီး စာနယ်ဇင်းသမားများက ၎င်းထံမှ တုန့်ပြန်ချက် ရရှိရန် ကြိုးစားဆက်သွယ်နေကြဆဲဖြစ်သည်။  (ကိုးကား - The Voice Daily)
ရေဘေးသင့်ရခိုင်ဒေသတွင် လူတစ်ထောင်နီးပါး သောက်သုံးရေပြတ်လပ်
ရေဘေးသင့်ဒေသတွင် သောက်သုံးရေကန်များ ပျက်စီးခဲ့ရာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း လူတစ်ထောင်ခန့်နေထိုင်သည့်  ဘောက်ကန်ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း  ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသာက ပြောသည်။
ရေကန်များ ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ မပြီးစီးသေးသောကြောင့်  အခြားကျေးရွာများသို့ သွားရောက်ပြီး သောက်သုံးရေ သယ်ဆောင်နေရသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
အောက်တိုဘာ ၁၄ သတင်းများ
ရှမ်းနီပါတီဝင် ၂ ဦး ဖားကန့်တွင် အသတ်ခံရ၊ မဲဆွယ်မှု ရပ်ဆိုင်း
ယခုလဆန်းပိုင်းတွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား တိုးတက်ရေး ပါတီဝင်နှစ်ဦး ပစ်သတ်ခံရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပါတီစည်းရုံးရေးလုပ်ငန်း ရပ်နားထားရသည်ဟု ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။
"ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို ဆက်ကြေးမပေးတဲ့အတွက်ကြောင့်မို့ အသတ်ခံရတာ ဖြစ်နိုင်ပါတယ်" ဟု ဖားကန့်မြို့ ပါတီရုံးခွဲ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ပြောသည်။ ဆက်ကြေးကိစ္စနှင့် ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့နှင့် အငြင်းပွားဖူးသည်ဟု သူက ဆက်ပြောသည်။
ကချင်၊ စစ်ကိုင်းဒေသများတွင်  ဝင်ပြိုင်မည့် ပါတီ၏ အမတ်လောင်း ၅၄ ဦးရှိသည်။ (ကိုးကား - The Voice Weekly)
မြစ်ဆုံစီမံကိန်း ကုန်ကျစရိတ်ကို တရုတ်ကုမ္ပဏီ ပြန်တွက်နေ
ရပ်နားထားသည့်ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း  ကုန်ကျစရိတ်များကို ပြန်လည် တွက်ချက်နေကြောင်း စီမံကိန်း အကောင်အထည်ဖော်နေသည့် ကုမဏီ၏
အဓိက ရှယ်ယာပိုင်ရှင် စီပီအိုင် ယူနန် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဆိုင်ရရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြောလိုက်သည်။
ဒေါ်လာ သန်း ၈ဝဝ ခန့် သုံးထားသည်ဟု တရုတ်မြန်မာ နှစ်ဖက် ပူးပေါင်းတွက်ချက်မှုအရ သိရကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ယူနန်ပြည်နယ် ကူမင်းမြို့ရောက် မြန်မာသတင်းသမားများကို ပြောသည်။
စီမံကိန်းအပြီးတိုင်ရပ်စဲပါက သုံးစွဲပြီးသည့်စရိတ်ကို အခြေခံပြီး အိမ်ရှင်မြန်မာဘက်က လျော်ကြေးပေးရမည်ဟု စီမံကိန်းစာချုပ်တွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာတိုင်းမ်)  
မြန်မာစကားသင်သူထဲတွင် တရုတ်နှင့် မြောက်ကိုရီးယား အများဆုံး
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်သို့ တက်ရောက်ခဲ့သူများတွင် တရုတ် နှင့် မြောက်ကိုရီးယားတို့ အများဆုံးဖြစ်သည်ဟု သိရသည်။
ကျောင်းသက်တမ်း နှစ်ပေါင်း ၄ဝ အတွင်း တရုတ်ကျောင်းသားများ ၆ဝဝ ကျော်၊ မြောက်ကိုရီးယား ၃ဝဝ ကျော်၊ တောင်ကိုရီးယား ၂ဝဝ ကျော် ရှိခဲ့သည်ဟု ဆိုသည်။
ကျောင်းသို့ နိုင်ငံခြားသား ၁,၃ဝဝ ကျော် တက်ရောက်ခဲ့ပြီးပြီးသည်ဟု သိရသည်။
 စီးပွားရေး၊ သံတမန်၊ စကားပြန်လုပ်ငန်းများအတွက် မြန်မာစကား လာရောက် သင်ယူကြခြင်းဖြစ်သည်ဟု  ပါမောက္ခချုပ်က ပြောသည်။ (ကိုးကား - 7Day ဂျာနယ်) 
အောက်တိုဘာ ၁၃ သတင်းများ
ကယားပြည်နယ်မြေပြိုမှုကြောင့် ၁၇ ဦး သေဆုံး
ဖားဆောင်းမြို့၊ မော်ချီးဒေသတွင် တနင်္ဂနွေနေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ၁၇ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံးနေကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
 ရပ်ကွက် ၃ ခုတွင် မြေပြိုမှု ဖြစ်ပွားရခြင်းမှာ မော်ချီးဒေသတွင် ခဲသတ္တု အလွန်အကျွံတူးဖော်မှုနှင့် ဆက်စပ်နေကြောင်း ဒေသခံများက ပြောသည်။ (ကိုးကား - 7Day Daily)
ရန်ကုန်တွင် ရေဂါလန် သန်း ၆ဝ နေ့စဉ်ဆုံးရှုံး
ရန်ကုန်တိုင်းဒေသကြီးအတွက် နေ့စဉ်ဖြန့်ဝေသော သောက်သုံးရေဂါလံ သန်း ၁၆ဝ ထဲမှ ဂါလံ သန်း ၆ဝ လေလွင့် ဆုံးရှုံးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောသည်။
သောက်သုံးရေ လေလွင့်မှုမှာ ရေပိုက်များဟောင်းနွမ်းပျက်စီးမှု၊ တရားမဝင် ရယူသုံးစွဲမှုတို့ကြောင့် ဖြစ်ကြောင်း မြို့တော်စည်ပင်ရေး ကူညီနေသည့် ဂျပန်အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။ (ကိုးကား - The Voice Daily)
သွေးလွန်တုပ်ကွေးကြောင့်  ၁၂ဝ ကျော် သေဆုံး
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၂ဝ ကျော်လာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မရှိသည့် တစ်ခုတည်းသောဒေသဖြစ်သော ချင်းပြည်နယ်တွင်ပင် ယခုနှစ်မှ စတင်ပြီး ဖြစ်ပွားလာသည်ဟု ဆိုသည်။
 ၂ဝ၁၄ တွင် သွေးလွန်တုပ်ကွေးကြောင့် ၈၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (ကိုးကား - The Messenger Daily)
ပါတီငယ်တွေနဲ့အလှမ်းဝေးနေတဲ့ ရန်ကုန်မဲဆန္ဒရှင်များ
ဝ၁၅၊  ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တို့နှင့်အတူတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုင်
လူငယ်တစ်ဦး (ဓာတ်ပုံ -  Myanmar Now / ခွန်းလတ်)
ထက်ခေါင်လင်း၊  ဖြိုးသီဟချို၊ အိချယ်ရီအောင်  
ရန်ကုန် (Myanmar Now) - နိုဝင်ဘာ ရွေးကောက်ပွဲအတွက် သန်း ၃ဝ ကျော် ပြည်သူတွေ မဲရုံသွားဖို့ ရက်သတ္တ ၄ ပတ်သာ လိုတော့တဲ့အချိန်မှာ ရန်ကုန်မြို့မဲဆန္ဒနယ်အများအပြားမှာဝင်ပြိုင်ကြမယ့် အမတ်လောင်းတွေဟာ အဓိက အခက်အခဲကြီး နှစ်ခုနဲ့  ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားသူတွေ မဲပေးချင်လာအောင် ဆောင်ရွက်ရေး၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ ဝိုင်းဝန်းထောက်ခံနေသူတွေ ကိုယ့်ဘက်ပါလာကြအောင် စည်းရုံးရေးတို့ပဲ ဖြစ်ပါတယ်။
မကြာသေးမီက ရန်ကုန်ရဲ့မြို့နယ်သုံးခုအတွင်း တွေ့ဆုံမေးမြန်းခဲ့တဲ့  မဲဆန္ဒရှင် ၄၅ ယောက်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိတာ တွေ့ရပေမယ့် သူတို့ထဲက ထက်ဝက်ကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို မဲပေး ကြမယ်လို့ ဆိုကြပါတယ်။ ကျန်လူတွေထဲမှာတော့ အများစုက မဲပေးခြင်းနဲ့ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးလို့ မှတ်ချက် ပေးပါတယ်။ ၄ ဦးကတော့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာပြီးမှ မဲသွားပေးမယ်လို့ ပြောပါတယ်။
အားလုံးနီးပါးက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ NLD တို့ကိုသာ အကျွမ်းတဝင်ရှိကြပြီး ကျန်တဲ့ပါတီ တွေကို မသိကြပါဘူး။ ဒါကတော့  တစ်သီးပုဂ္ဂလအမတ်လောင်းများ၊ ပါတီငယ် ကိုယ်စားပြု အမတ်လောင်းများ အားလျော့ စရာအချက်ပါပဲ။
ပါတီကြီးဖြစ်တဲ့ NLD က အမတ်လောင်း ရွေးချယ်ရာမှာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့လုပ်ဖော်ကိုင်ဘက် အများအပြားကို ပယ်ချခဲ့တဲ့အတွက် ပြီးခဲ့တဲ့လတွေအတွင်း ဒီမိုကရေစီအင်အားစုတွေကြား အကြီးအကျယ် ဝေဖန် ခံရပါတယ်။ အခြားတစ်ဘက်မှာလည်းအမျိုးသားရေးဝါဒီတွေရဲ့ လှုပ်ရှားမှု၊  ထိုးနှက်မှုတွေ ရှိနေပါတယ်။ လူဦးရေ ၇ ဒသမ ၃ သန်းရှိတဲ့ ရန်ကုန်မြို့မှာ NLD  အများစုအနိုင်ရမယ်ဆိုတဲ့ လူအများရဲ့ ခန့်မှန်းချက်ကို ဒီမြို့နယ်သုံးခုမှာတွေ့ခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ ပြောကြားချက်က အတည်ပြုသလိုဖြစ်နေပါပြီ။ မြို့နယ်သုံးခုရဲ့  NLD အမတ်လောင်းများစာရင်းထဲမှာ ဘလော်ဂါနေဘုန်းလတ်၊ ဒေါ်ဖြူဖြူသင်း၊ ဒေါက်တာမြတ်ဉာဏစိုး စတဲ့ ထင်ရှားသူတို့ရဲ့နာမည်တွေကိုလည်း တွေ့ရမှာပါ။
နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ရောက်ရင် NLD  အမတ်လောင်းတွေကိုပဲ မဲထည့်ဖြစ်မယ်ဆိုသူတွေထဲမှာ  တခြား ရွေးချယ်စရာ ပါတီမရှိဘူးလို့ ပြောသူတချို့လည်း ရှိကြပါတယ်။
“ကိုယ့်မြို့နယ်မှာ ဘယ်သူတွေ ဝင်ပြိုင်တယ်ဆိုတာတော့ အတိအကျမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပေးရမယ့်ပါတီ ကိုတော့ သိတယ်။ သူ့တံဆိပ်ကိုလည်း သိတယ်။ နှစ်ပေါင်းများစွာနောက်ကျခဲ့တဲ့တိုင်းပြည်ကို အပြောင်းအလဲလုပ်ရ မယ့် အချိန်ပဲ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ကိုဇေယျာလင်းက ပြောပါတယ်။
“ပတ်ဝန်းကျင်မှာတော့ နိုင်ငံရေးကို သိပ်စိတ်မဝင်စားကြဘူးဗျ။ ကိုယ့်နီးစပ်ရာတွေကို လိုက်တော့ပြောပြတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိတိုင်းပြည်ကို အပြောင်းအလဲလုပ်နိုင်တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မို့လို့။ အဲဒီပါတီကို သိပ်ကြိုက်လားဆို ရင်တော့ လက်ရှိအချိန်မှာ တခြားရွေးချယ်စရာမှ မရှိတာ” လို့ သူက ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က အမည်မဖော်လိုတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်ကလည်း အလားတူပါပဲ။
“အခုချိန်မှာတော့ အားလုံးက ဒေါ်စု၊ ဒေါ်စုလို့ အော်နေပေမဲ့ (သူဦးဆောင်တဲ့အခါ) သူ့အောက်ကလူတွေက မကောင်းရင် ဘယ်လိုလုပ်မလဲ။ လက်ရှိအစိုးရ ဦးသိန်းစိန်ကိုကြိုက်တယ်။ ဒါပေမဲ့ သူအောက်ကလူတွေ မမှန်ဘူး၊ သူ့လိုမဟုတ်ဘူး။ ဒီနှစ်ခုကို ယှဉ်ကြည့်တဲ့ သဘောပါ။ ဒေါ်စုကိုကြိုက်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ထုံးစံအတိုင်း NLD  ကိုပဲ ထည့်ရမှာပေါ့” လို့  သူက ပြောပါတယ်။
သင်္ဃန်းကျွန်းက အနှေးယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုရန်နောင်စိုးက နိုင်ငံရေးကို စိတ်မဝင်စား၊ သူ့နာမည် မဲစာရင်းထဲမှာ မပါရင်လည်း ဘယ်လိုမှ မခံစားရဘူးလို့ ဆိုပါတယ်။
"ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။  ဘယ် ပါတီတက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ" လို့ ကိုရန်နောင်စိုးက ပြောပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးရမယ့်သူတွေဟာ စိတ်အားထက်သန်မှု နည်းပါးလာတဲ့အကြောင်း ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့က  စက်တင်ဘာ ၂၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
● ပါတီတွေ ကျော်ဖြတ်ရမယ့်  တောင်ကုန်းမြင့်မြင့်
ရန်ကုန်မြို့ရဲ့ မြောက်ဘက်အစွန်က  ဆင်းရဲနွမ်းပါးသူ အများအပြား နေထိုင်ကြတဲ့၊ စက်မှုဇုန်ရှိတဲ့ လှိုင်သာယာမှာ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၅၂ ဦး ရွေးကောက်ပွဲဝင်ပါမယ်။ ဒီအရေအတွက်အရ ဆိုရင် လှိုင်သာ ယာဟာ မြန်မာပြည်မှာ ကိုယ်စားလှယ်လောင်း အများဆုံး မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။ ဒီနေရာဟာ မဲစာရင်းမှားယွင်းမှုအများဆုံးရှိနေတဲ့ မြို့တွေထဲက တစ်မြို့လည်း ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမှာတော့ လွှတ်တော်အမျိုးမျိုးအတွက် ဝင်ပြိုင်မယ့်အမတ်လောင်း ၂၈ ဦး ရှိပြီး၊ မင်္ဂလာတောင်ညွှန့်မှာ ၁၉ ဦး ရှိပါတယ်။ လူဦးရေသိပ်သည်းမှုထူထပ်တဲ့ ဒီနယ်မြေနှစ်ခုဟာ တခြားနယ်မြေတွေနဲ့ မတူတဲ့အချက်တစ်ခုကတော့ မွတ်စလင်မဲဆန္ဒရှင်အတော်များများကို တွေ့နိုင်ခြင်းပါပဲ။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ လှိုင်သာယာနဲ့ မင်္ဂလာတောင်ညွန့်မှာ ပြည်ခိုင်ဖြိုး နိုင်ပါတယ်။ NLD က ခွဲထွက်လာတဲ့ NDF ပါတီခေါ် အမျိုးသားဒီမိုကရက်တစ်အင်အားစုက သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ပါတယ်။ ဒါဟာ အင်အားနည်း၊ လူသိနည်းတဲ့ ပါတီတွေ ရန်ကုန်မှာ အနိုင်ရဖို့ ခက်ခဲတယ်ဆိုတာကို မီးမောင်းထိုးပြနေခြင်းပါပဲ။  တကယ်ဆိုရင် ဒီမြို့နယ်တွေဟာ မြန်မာ ပြည်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပိုပြီးသိမြင်နှံ့စပ်၊ သတင်းအချက်အလက်ရယူမှု ပိုအဆင်ပြေတဲ့ ဒေသတွေထဲ ပါဝင်နေ တာပါ။
ဒီသုံးမြို့နယ်အတွင်း တွေ့ဆုံမေးမြန်းဖြစ်တဲ့သူတွေထဲမှာ NLD ကို မထောက်ခံသူတချို့လည်း ပါပါတယ်။ သို့သော်လည်း ဘယ်ပါတီကို ထောက်ခံပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောတဲ့သူ မရှိသလောက်ပါပဲ။ သင်္ဃန်းကျွန်းမှာ ကွမ်းယာရောင်း သူတစ်ဦးဖြစ်တဲ့ မောင်မြင့်က ဒီရှားပါးတဲ့သူတွေထဲက တစ်ယောက်ပါ။
“ကျွန်တော်ကတော့ အရမ်းနာမည်ကြီးနေတဲ့ ပါတီနှစ်ခုလုံးကို မဲမပေးဘူး၊ မကြိုက်လို့။ တစ်ခုကလည်း နာမည်ကြီး၊  လူအ များ ကြိုက်တယ်ဆိုပေမယ့် လက်တွေ့ဘာမှမမြင်ရတော့ အားမပေးချင်ဘူး။ နောက်တစ်ခုကလည်း ဖိနှိပ်လွန်းအားကြီးတဲ့ သူတွေ စုဖွဲ့ထားတဲ့ဟာမို့လို့ မကြိုက်ဘူး” လို့ မောင်မြင့်က ပြောပါတယ်။
“ကိုယ့်လက်ထဲကို ကိုယ်စားလှယ်နှစ်ယောက်ရဲ့ လက်ကမ်းကြော်ငြာလေးပဲ ရသေးတယ်။ ကျန်တဲ့သူတွေ ဘယ်သူမှ မဲလာ ဆွယ်သေးတာ မဟုတ်ဘူး။ ကိုယ့်မြို့နယ်မှာ ဘယ်သူတွေ၊  ဘယ်ပါတီတွေ ဝင်ပြိုင်ကြမယ်ဆိုတာလည်း အတိအကျ မသိ သေးဘူး”
ဘဏ္ဍာရေးအခက်အခဲရှိတဲ့အတွက်ကြောင့် မဲဆွယ်တာတွေကို ရွေးကောက်ပွဲရက်နီးမှ လုပ်ဖြစ်မယ်လို့ စီစဉ်ထားတဲ့ပါတီ တစ်ခုကတော့ ကမန်အမျိုးသားပါတီ ဖြစ်ပါတယ်။
 “ကျွန်တော်တို့ပါတီကို မေ့သွားမှာစိုးလို့ ရွေးကောက်ပွဲနီးမှ စည်းရုံးရေးလုပ်တာပါ။   ပါတီကြီးတွေကတော့ လူလည်းရှိတယ်၊ ငွေလည်းရှိတယ်ဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ အဲဒီပါတီတွေ နည်းနည်းငြိမ်မယ့်အချိန်မှာ ကိုယ့်ပါတီက စည်းရုံးရေး ထလုပ်မယ်” လို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ လှတိုးက ပြောပါတယ်။ သူကိုယ်တိုင်လည်း မင်္ဂလာတောင်ညွန့်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ  ဝင်ပြိုင်ပါမယ်။
● ပတ်ဝန်းကျင်ကြောင့် NLD ကို ထောက်ခံလာသူများ
NLD ကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူတွေ ရှိသလို၊ ပါတီအကြောင်း မသိပေမယ့် ကိုယ့်ဝန်းကျင်မှာရှိသူတွေနည်းတူ လိုက်ပါထောက်ခံသူတွေလည်း ရှိပါတယ်။
“အိမ်ကဘွဲ့ရပြီးသားအစ်ကိုဝမ်းကွဲကလည်း NLD အကြောင်း ပြောတယ်။  ကိုယ့်နားပတ်ဝန်းကျင်ကလည်း NLD ပဲ ပြောနေ ကျတော့ ကိုယ်လည်း NLD ပဲ ထည့်ဖို့ ဆန္ဒရှိပါတယ်။ အမြဲတမ်းကြားနေကျဆိုတော့ စိတ်စွဲနေသလို ဖြစ်နေတာပါ” လို့ မင်္ဂလာတောင်ညွန့်မှာ မုန့်ရောင်းတဲ့ အသက် ၅ဝ အရွယ် ဒေါ်သန်းသန်းဆွေက ရှင်းပြပါတယ်။
“ကလေးဘဝကတည်းက ဗိုလ်ချုပ်အကြောင်းကို ကြားဖူးနေတာ၊ သူ့သမီးဆိုတော့ စိတ်ဝင်စားတာလည်း ပါတာပေါ့။ NLD ထည့်လို့ ကိုယ်အတွက် ဘာပြောင်းလဲသွားမလဲဆိုတာတော့ မသိပါဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါ။ ဘာမှ လည်း မမျှော်လင့်ပါဘူး”
ဒီသုံးမြို့နယ်အတွင်း မေးမြန်းကြည့်တဲ့အခါ မဲရုံထဲ မဲပေးပုံအဆင့်ဆင့်အကြောင်း  နားမလည်သေးသူ အများအပြားရှိတာ တွေ့ရပါတယ်။  ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ အကန့်အသတ် ရှိသူတွေထဲမှာ လှိုင်သာယာက မကြည်ကြည်စန်းလည်း ပါဝင်ပါတယ်။
“အရင်တစ်ခါက မဲထည့်ဖူးတယ်။ မဲထည့်ပုံထည့်နည်းတွေတော့ မသိသေးဘူး။ ဘာတွေပြောင်းလဲမယ်ဆိုတာတော့ မပြော တတ်ဘူး။ ဘာတစ်ခုမှမသိပါဘူး။ ကိုယ်ကတော့ ခွပ်ဒေါင်းအလံတွေ့ရင် ရင်ခုန်ပြီး ပီတီဖြစ်နေတာပဲ” လို့ ဈေးသည်တစ်ဦး ဖြစ်တဲ့ မကြည်ကြည်စန်းက ပြောလိုက်ပါတယ်။     ။
Archive